မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ နာမည်ကျော် တောင်သမန်အင်းအတွင်းသို့ စက်ရုံများမှ စွန့်ပစ်ရေဆိုးများ စွန့်ခြင်းကြောင့် ငါးများသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မန္တလေးစက်မှုဇုန်မှ စက်ရုံ ၂၇ ရုံကို လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်း ထားသည့်အတွက် လုပ်ငန်းပြန်လည် လုပ်ကိုင်ခွင့်ရရှိရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေး ကော်မတီထံသို့ မေလ ၂၅ ရက်တွင် စာတင်၍ တောင်းဆိုသွားမည်ဟု စက်မှုဇုန် ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်ဦးက ပြောသည်။
“တောင်သမန်အင်းမှာ စက်ရုံတွေက ရေဆိုးစွန့်ပစ်လို့ဆိုပြီး သံသယနဲ့ တရားစွဲတယ်။ ပိတ်ခိုင်းထားတယ်။ ရေဆိုးက တစ်စိတ်တစ်ပိုင်း ပါတယ်ဆိုတာ မငြင်းပါဘူး။ စက်ရုံတွေ ပိတ်ထားလို့ မှီခိုတဲ့အလုပ်သမား မိသားစုနဲ့ အလုပ်ရှင်တွေ ထိခိုက်ပါတယ်။ အမြန်ဆုံး စက်ရုံတွေလည်ပတ်နိုင်ဖို့ တောင်းဆိုတာပါ” ဟု ဦးမောင်ဦးက ပြောသည်။
တောင်သမန်အင်းအတွင်း ငါးများသေဆုံးမှုနှင့် ပတ်သက်၍ မြို့တော်စည်ပင် သန့်ရှင်းရေးဌာနက စက်ရုံပေါင်း ၁၇ ရုံကို လုပ်ငန်းလုပ်ကိုင်ခွင့် ခေတ္တ ရပ်နားခိုင်းထားပြီး မွေးမြူရေးလုပ်ငန်း ဦးစီးဌာနက စက်ရုံ ၁၂ ရုံကို တရားစွဲဆိုထားခြင်း ဖြစ်သည်။
စက်ရုံများသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း ပုံစံများဖြင့် ရေဆိုး သန့်စင် စွန့်ထုတ်ပါက ယင်းတို့ကို အထောက်အထား မှတ်တမ်းများဖြင့် ပြန်လည် ပြသမည်ဆိုလျှင် သွားရောက်စစ်ဆေးပြီး အမြန်ဆုံး လုပ်ကိုင်ခွင့် ချထားပေးမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင်က ပြောသည်။
“တရားစွဲတဲ့ မွေးမြူရေးဌာနကလည်း သက်သေရှိလို့ စွဲတာပဲ။ ရေဆိုးသန့်စင်တဲ့ Water Treatment System ဆောင်ရွက်ဖို့လိုတယ်” ဟု ပြောသည်။