ဂူးဂဲလ်က ဓာတ်ပုံနှင့် ဗီဒီယိုများ အခမဲ့သိမ်းဆည်းနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

ဂူးဂဲလ်က ဓာတ်ပုံနှင့် ဗီဒီယိုများ အခမဲ့သိမ်းဆည်းနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

ရန်ကုန်၊ မေ ၃၀ ။     ။ ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်က အရည်အသွေးမြင့် ဓာတ်ပုံနှင့် ဗီဒီယိုများ အခမဲ့ သိမ်းဆည်းထားနိုင်မည့် ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့သည်ဟု CNET သတင်းဌာနက ဖော်ပြထားသည်။

ယင်းဝန်ဆောင်မှုအတွက် အခမဲ့ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်ဟုလည်း CNET က ဆိုသည်။ ဓာတ်ပုံနှင့် ဗီဒီယိုများကို ပမာဏ အကန့်အသတ်မရှိ အခမဲ့ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

Android သုံး စမတ်ဖုန်းနှင့် အခြားပစ္စည်းများမှ ဓာတ်ပုံနှင့် ဗီဒီယိုများကို ဂူးဂဲလ်ထံ အလိုအလျှောက် တိုက်ရိုက်သိမ်းဆည်းနိုင်မည် ဖြစ်သည်ဟုလည်း ဂူးဂဲလ်က ပြောဆိုထားသည်။
ယင်းကဲ့သို့ သိမ်းဆည်းထား သည့် ဓာတ်ပုံများ၏ ရိုက်ကူးချိန်၊ တည်နေရာနှင့် အချက်အလက်များကိုလည်း အလိုအလျှောက် မှတ်သားပေးထားမည်ဖြစ်သည်ဟု CNET က ဆိုသည်။

ဂူးဂဲလ်၏ ဝန်ဆောင်မှုတွင် ဓာတ်ပုံများကို တည်းဖြတ်နိုင်မည်ဖြစ်ပြီး လိုအပ်ပါက ဓာတ်ပုံများကို သီချင်းများဖြင့် ဗီဒီယိုအသွင် ပြင်ဆင်နိုင်ရန် စွမ်းဆောင်ချက်များလည်း ပါဝင်မည်ဖြစ်သည်။
ယင်း စွမ်းဆောင်ချက်များအားလုံးကို Google Photo မိုဘိုင်း App တစ်ခုတည်းဖြင့် ဖန်တီးနိုင်မည်ဖြစ်သည်ဟုလည်း CNET က ဆိုသည်။

ဂူးဂဲလ်၏ ဝန်ဆောင်မှုတွင် 16 MP အထက် အရည်အသွေးရှိ ဓာတ်ပုံများ၊ HD အရည်အသွေးရှိ ဗီဒီယိုများကို အရေအတွက်၊ ပမာဏ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly