ဂျကာတာ၊ ဇွန် ၁၀ ။ ။ သြစတြေးလျ နိုင်ငံသားနှစ်ဦးကို အင်ဒိုနီးရှားနိုင်ငံက သေဒဏ် အပြစ်ပေးခဲ့၍ ဆန့်ကျင်သော အားဖြင့် သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ပြီး သီတင်းပတ် ငါးပတ်အကြာတွင် သြစတြေးလျမှ သံအမတ်ကြီးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သံအမတ်ကြီး ပေါလ်ဂရစ်ဆန်က တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျအစိုးရက ပြောသည်။
သံအမတ်ကြီး ပေါလ်ကို ပြန်လည်ခေါ်ယူခဲ့ခြင်းမှာ မိမိနိုင်ငံသားကို တိုင်းတစ်ပါးအစိုးရက သေဒဏ်ပေးခြင်းကို တုံ့ပြန်မှုအဖြစ် သြစတြေးလျက ပထမဆုံး ပြန်လည်ခေါ်ယူမှု ဖြစ်သည်။
သြစတြေးလျ နိုင်ငံသား မူးယစ်ကုန်သည် နှစ်ဦးဖြစ်သည့် အင်ဒရူးချန်းနှင့် မြူရန်း ဆူကူမာရန်းတို့နှစ်ဦးကို ဧပြီလ ၂၉ ရက်က အင်ဒိုနီးရှားက သေနတ်ဖြင့် ပစ်ကာ သေဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သေဒဏ်စီရင်ခဲ့မှုကို မလိုလားအပ်သည့် ရက်စက်မှုတစ်ရပ်အဖြစ် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က ယင်းအချိန်က ပြောသည်။
သြစတြေးလျ ဝန်ကြီးအဆင့်များ အင်ဒိုနီးရှားသို့ သွားရောက်လည်ပတ်ခြင်းများကိုလည်း ဧပြီလအတွင်းက ရပ်စဲပစ်ခဲ့သည်။ သို့သော်လည်းယခုအခါ ယင်းဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက် ပြီလားဆိုသည်ကို သြစတြေးလျအစိုးရက ပြောဆိုခြင်း မရှိပေ။