အိန္ဒိယနှင့် အနာဂါတ်ကာလ သောက်သုံးရေလုသည့် စစ်ပွဲဆင်နွှဲရေးအတွက်  တရုတ်က ပြင်ဆင်မှုအရှိန်မြှင့်

By ANI
31 January 2023
အိန္ဒိယနှင့် အနာဂါတ်ကာလ သောက်သုံးရေလုသည့် စစ်ပွဲဆင်နွှဲရေးအတွက်  တရုတ်က ပြင်ဆင်မှုအရှိန်မြှင့်

တရုတ်သည် အိန္ဒိယ၊ နီပေါတို့နှင့် ၃ နိုင်ငံနယ်စပ်၏ မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာရှိ မက်ဘ်ဂျာဇန်ဘိုမြစ်ပေါ်တွင် ဆည်ကြီးတည်ဆောက်မှုကို အရှိန်မြှင့်ခြင်းဖြင့် အိန္ဒိယနှင့် အနာဂတ် သောက်သုံးရေလုသည့် စစ်ပွဲဆင်နွှဲရေးအတွက် ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ခတ္တမန္ဒူအခြေစိုက် အွန်လိုင်းမဂ္ဂဇင်း Epardafas တွင် ဖော်ပြထားသည်။ 

တရုတ်ဆည်သည် ဥတ္တရာခန်းပြည်နယ်ရှိ ကလာပနီဒေသနှင့် အလွန်နီးကပ်စွာတည်ရှိကြောင်း   နောက်ဆုံးရ ဂြိုဟ်တုဓာတ်ပုံများပေါ်အခြေခံ၍ Epardafas က ဖော်ထုတ်ခဲ့သည်။ 
တရုတ်နိုင်ငံသည် ဥတ္တရာခန်းပြည်နယ်အနီးတွင် ဆည်တည်ဆောက်ခြင်းဖြင့် ဒေသတွင်းမှရေကို အပြည့်အဝထိန်းချုပ်လာနိုင်သည်ဟု ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ဆိုသည်။

တရုတ်နိုင်ငံက အာရူနာချားလ်ပြည်နယ်အနီးတွင် ဆည်ကြီးတစ်ခု အပြီးသတ်တည်ဆောက်နေချိန်၌ နီပေါနိုင်ငံအနီးတွင်လည်း တရုတ်၏ ဆည်တည်ဆောက်မှုနှင့်ပတ်သက်သည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ထိုဆည်မှတစ်ဆင့် ဗြဟ္မပုတ္တရမြစ်၏ ရေစီးဆင်းမှုကို ပြောင်းလဲပစ်နိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါမြစ်သည် အရှေ့မြောက်ဘက်ဒေသအတွက်သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ပါ အရေးပါသောမြစ် ဖြစ်သည်။ 
ယင်း ဆည်ကြောင့် အာရူနာချားလ်နှင့် အာသံပြည်နယ်တို့တွင် ရေပြတ်လပ်ခြင်း သို့မဟုတ် နယ်မြေအများအပြား ရေနစ်မြုပ်စေမည့် ရေများ စီးဝင်လာခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။

တိဗက်ကို သိမ်းပိုက်ပြီးကတည်းက တရုတ်နိုင်ငံသည် မဟာခုန်ပျံကျော်လွှားမူဝါဒ (Great Leap Forward)၊ တောင်-မြောက် ရေလွှဲစီမံကိန်းစသဖြင့် သေချာစဉ်းစားပြင်ဆင်မှုမရှိသည့် သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် မြစ်များ၏ သဘာဝအတိုင်းရေစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ၎င်းမူဝါဒအရ တိဗက်ကုန်းပြင်မြင့်တွင် ဆည်များကို သဘောရှိတည်ဆောက်လာမှုကြောင့် အာရှ၏ အဓိကမြစ်ကြီးများအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly