ယူကရိန်း၌ စစ်ရေး ရည်မှန်းချက် ချဲ့ထွင်ကြောင်း ရုရှ တရားဝင်ကြေညာ

ယူကရိန်း၌ စစ်ရေး ရည်မှန်းချက် ချဲ့ထွင်ကြောင်း ရုရှ တရားဝင်ကြေညာ

ဇူလိုင် ၂၁

ယူကရိန်း၌ မော်စကို၏ စစ်ဆင်ရေး “လုပ်ငန်းတာဝန်များ” သည် ယခုအခါ အရှေ့ဘက် ဒွန်ဘတ်စ်ဒေသကို ကျော်လွန်နေခဲ့ပြီ ဖြစ်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ ယင်းသည် ရုရှဘက်က ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်များကို ချဲ့ထွင်ထားခဲ့ပြီ ဖြစ်ကြောင်း အရှင်းလင်းဆုံး ထုတ်ဖော်မှုလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများက အဓိပ္ပါယ် မရှိကြောင်း၊ အကြောင်းမှာ အနောက်အုပ်စု အစိုးရများက ယူကရိန်းကို ညှိနှိုင်းခြင်းထက် တိုက်ခိုက်စေရန်ကိုသာ ဖိအားပေးနေခဲ့၍ ဖြစ်ကြောင်း ရုရှ နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းစစ်ပွဲ ငါးလနီးပါးကြာမြင့်လာစဉ် နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးတစ်ခု၌ ပြောသည်။

ရုရှသည် “ဆွေးနွေးမှုများကို အလိုမရှိဘဲ၊ သွေးထွက်သံယိုဖြစ်မှုကိုသာ အလိုရှိ” နေသည်ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ခွန်းတုံ့ပြန်သည်။

ဖေဖေါ်ဝါရီ ၂၄ ရက် ရုရှက ယူကရိန်းအပေါ် ကျူးကျော်ခဲ့ချိန်က ၎င်းတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံကို သိမ်းပိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရုရှသမ္မတ ဗလာဒီမာ ပူတင်က အတိအလင်း ပြောခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်က ယူကရိန်းကို စစ်မဲ့ဇုန်လုပ်ရန်နှင့် နာဇီဝါဒ ဖယ်ရှားရန် ဖြစ်ကြောင်း ထိုစဉ်က ပူတင်က ပြောခဲ့သည်။ သို့သော် ယင်းထုတ်ဖော်မှုကို အင်ပါယာ စတိုင် နယ်ချဲ့စစ်ပွဲတစ်ခုအတွက် မူမမှန်သော အကြောင်းပြချက်တစ်ခုအဖြစ် ကိယက်ဗ်နှင့် အနောက်အုပ်စုတို့က ပယ်ချခဲ့သည်။

မတ်လကုန်ပိုင်းက တူရကီ၌ တိုးတက်မှု တစ်စုံတစ်ရာ မရခဲ့သည့် ရုရှနှင့် ယူကရိန်း ညှိနှိုင်းရေးအရာရှိများအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုူများ နောက်ပိုင်း ပထဝီဝင်ဆိုင်ရာ ပကတိအခြေအနေများက ပြောင်းလဲထားခဲ့ပြီဟု လက်ဗ်ရော့ဗ်က ပြောသည်။

ထိုစဉ်က ရုရှ၏ စစ်ရေး အာရုံစိုက်မှုက ယူကရိန်းအရှေ့ပိုင်းရှိ ပြည်သူ့သမ္မတနိုင်ငံများအဖြစ် ၎င်းတို့ဘာသာ ကြေညာထားသည့် ဒွန်နက်စ်နှင့် လူဟန့်စ် တို့ ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ အဆိုပါ ဒွန်နက်စ်နှင့် လူဟန့်စ်တို့မှ ယူကရိန်းအစိုးရတပ်ဖွဲ့များကို တိုက်ထုတ်ရန် ရည်ရွယ်ခဲ့ကြောင်း ရုရှက ပြောထားခဲ့သည်။

“ခုချိန်မှာတော့ ပထဝီဝင်အခြေအနေက မတူခြားနားသွားပါပြီ။ ဒါက ဒွန်နက်စ်နဲ့ လူဟန့်စ်တို့တင် မဟုတ်တော့ပါဘူး။ ဒါက ခါဆန်နဲ့ ဇာပိုရစ်ဇီယာ ဒေသနဲ့ အခြား နယ်မြေတွေ ဖြစ်နေပါပြီ” ဟု ၎င်းက ရုရှတို့ အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားသည့် ဒွန်ဘတ်စ်ဒေသကို ကျော်လွန်နေသော ဧရိယာများကို ရည်ညွှန်းပြောဆိုခဲ့သည်။

“ဒီ လုပ်ငန်းစဉ်ကို အကျိုးသင့် အကြောင်းသင့်နဲ့ ဆက်ပြီး လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

“ဒါဟာ နောက်ထပ် ယူကရိန်း နယ်မြေတွေကို လုယူချင်တဲ့ အိပ်မက်တွေကို ဝန်ခံလိုက်တာပါ။ ရုရှတို့အနေနဲ့ ဒစ်ပလိုမေစီကို ပယ်ချပြီး စစ်ပွဲနဲ့ အကြမ်းဖက်မှုအပေါ်မှာပဲ အာရုံစိုက်နေတယ် ဆိုတာကို ရုရှနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားတွေက ပြသနေပါတယ်။ ရုရှတွေဟာ ဆွေးနွေးမှုတွေ မလိုချင်ဘဲ သွေးထွက်သံယိုမှုကိုပဲ လိုချင်နေတာပါ” ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာက တုံ့ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly