ပုလဲနယ် ချောင်းဦးရွာကို  ရွာလုံးကျွတ်နီးပါး စစ်ကောင်စီတပ်က မီးရှို့

ပုလဲနယ် ချောင်းဦးရွာကို  ရွာလုံးကျွတ်နီးပါး စစ်ကောင်စီတပ်က မီးရှို့

ဖေဖော်ဝါရီလ ၁၈ ရက်

စစ်ကိုင်းတိုင်း ပုလဲမြို့နှင့် ရှစ်မိုင်ခန့်အကွာ ချောင်းဦးကျေးရွာကို စစ်ကောင်စီ တပ်သားနှင့် ပျူစောထီးများ ပူးပေါင်းအင်အား ၂၀ ခန့် ဝင်ရောက်ကာ နေအိမ် ၂၇၀ ခန့်ကို မီးရှို့ ဖျက်ဆီး နေကြောင်း ရွာသားတစ်ဦးထံက သိရသည်။ 

‘’ မနက် ၈ နာရီခွဲ လောက်မှာ သူတို့ရွာကို စဝင်ပြီး ရွာမြောက်ဘက်ပိုင်းကနေပြီးမီး စရှို့ကြတယ်။  သေနတ်တွေလည်း ဖောက်တယ်။  ခုအချိန်ထိ ဆိုရင် ရွာမှာ အိမ်ခြေ ၁၅ လုံးလောက်ပဲ ကျန်တော့တယ်လို့ ကြားရတယ် “  ဟု ချောင်းဦးကျေးရွာသား တစ်ဦးက ပြောသည်။ 

ထိုရွာတွင် အိမ်ခြေ ၃၀၀ နီးပါး ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တမင်တကာ မီးလာရှို့သွားခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။ 

‘’  ကျွန်တော်တို့တွေ သတင်းကြိုရလို့ မနေ့ကတည်းက ရှောင်နေကြတာ။ အိမ်မွေးတိရိစ္ဆာန်တွေကို လည်း တစ်ခါတည်း ရွှေ့လာကြတာ။ ကျွန်တော်တို့အိမ်လေးလည်း ပါသွားပြီလားတော့ မသိဘူး “  ဟု ရှောင်တိမ်းလာသည့် ရွာသားတစ်ဦးက ပြောသည်။ 

ရွာတွင် မီးရှို့နေသည့် စစ်သားများနှင့် ပျူစောထီးများသည် သေနတ်များ ပစ်ဖောက်နေသည့် အတွက် မည်သူမျှ မီးပြန်ငြှိမ်းသတ်ရန် မရဲကြပေ။ 

‘’ အိမ်လေးရဖို့ကို စုဆောင်းပြီး တည်ဆောက်ထားရတာဗျာ။  ခုတော့ဒီ လိုမျိုး တမင်တကာ မီးရှို့ခံရလို့ ဝမ်းနည်းတာပေါ့ဗျာ” အိမ်တစ်လုံးရရှိရန် သုံးနှစ်သုံးမိုး ကြိုးစားခဲ့ရသည့် ကူလီလုပ်သား တစ်ဦးကလည်း သူ့ခံစားချက်ကို ပြောပြသည်။ 

မီးရှို့ကြသည့် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကိုလည်း ယခုလို ပြုမူသည့်အတွက် တန်ပြန် ပြန်လည်ခံစားရပါစေ ဟု ၎င်းက ဆုတောင်းနေသည်။ 

လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လာသည့် ချောင်းဦးရွာကို ကောင်းကင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံတွင် ရွာအဝန်းအဝိုင်း အားလုံးနီးပါးမှ မီးခိုးလုံးများ အူထွက် ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

ပုံစာ - ပုလဲမြို့နယ်အတွင်း ချောင်းဦးကျေးရွာကို စစ်ကောင်စီတပ်များက မီးရှို့နေသည်ကို ဒရုန်းဖြင့် ရိုက်ကူးထားစဉ်။ (ဓာတ်ပုံ- ဆိုရှယ်မီဒီယာ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required