ဘာသာရေးဟောပြောမှု ခွင့်ပြုချက်ယူရမည်ဟု စစ်ကောင်စီထုတ်ပြန်

ဘာသာရေးဟောပြောမှု ခွင့်ပြုချက်ယူရမည်ဟု စစ်ကောင်စီထုတ်ပြန်

ဖေဖော်ဝါရီ ၁၃

မကွေးတိုင်း ၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဘာသာရေးဆိုင်ရာ စည်းရုံး ဟောပြောခြင်းများ ဆောင်ရွက်မည် ဆိုပါက ဥပဒေ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံပြီး ဆောင်ရွက်ရန် မြို့နယ် သာသနာရေးမှူး လက်မှတ်နှင့် အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

''ကျွန်တော်တို့ ငဖဲမှာက အရှိုချင်းတွေ များပါတယ်။ ငဖဲမြို့နယ် တစ်ဝက်လောက် နီးပါးက အရှိုချင်းတွေ နေထိုင်ကြတယ်။ အရှို ချင်းတွေထဲမှာမှ တစ်ဝက်လောက်က ခရစ်ယာန် ကိုးကွယ် ကြတယ်။ တစ်ဝက်လောက်က ဗုဒ္ဓဘာသာနဲ့ နတ် ကိုးကွယ်နေကြတာ။ အားလုံးက အေးအေး ဆေးဆေးပဲ။ ဘာကြောင့် ဒီစာကို ထုတ်ပြန်ရတာလည်း နားမလည်ဘူး '' ဟု သင်းအုပ်ဆရာ တစ်ဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် (၃၄) တွင် “နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေး တွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေး တို့ကို အညီအမျှ ရရှိစေရမည် ” ဟု ပါရှိသည်။

အလားတူပင် အခန်း (၈)၊ အပိုဒ် (၃၅၄) (ဃ) တွင် “တိုင်းရင်းသား လူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာကို ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိ မြတ်နိုးသည့် ကိုးကွယ်သည့် ဘာသာ သာသနာကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ရှိသည်ဟု ဖော်ပြထားပါသည်။

လက်ရှိ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အရှို နှစ်ခြင်းအဖွဲ့ချုပ်နှင့် မိတ်ဖက် သာသာနာ ပြုကြသည့် လိုင်ရောန်၊ ဇိုးဖေ၊ HBC၊ HBA အဖွဲ့များ ရှိနေပြီး အခြား ဘာသာရေး အသင်းဖွဲ့များလည်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required