မြိတ်တွင် ၂ ရက် အတွင်း COVID-19 အတည်ပြု လူနာသစ် ၁၀၀ ကျော် တွေ့ရှိ

By ကိုရွှေမြိတ်
12 February 2022
မြိတ်တွင် ၂ ရက် အတွင်း COVID-19 အတည်ပြု လူနာသစ် ၁၀၀ ကျော် တွေ့ရှိ

ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်း မြိတ်မြို့၌ နှစ်ရက် အတွင်း COVID-19 အတည်ပြု လူနာသစ် ၁၀၀ ကျော် စစ်ဆေးတွေ့ရှိထားကြောင်း ဒေသအခြေစိုက် ကျန်းမာရေး အဖွဲ့စည်းများထံက သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ၈၈ ဦး တွေ့ရှိခဲ့ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ၁၃ ဦး စုစုပေါင်း ၁၀၁ ဦး ဖြစ်သည်။

တနင်္သာရီတိုင်း၌ ယခု ဖေဖော်ဝါရီလ အတွင်း COVID-19 အတည်ပြု လူနာသစ် ကူးစက်မှုသည် မြိတ်ခရိုင်က အမြင့်ဆုံး ဖြစ်လျက်ရှိကြောင်း မြိတ်မြို့ခံများထံက သိရသည်။

"ဒေသခံတွေတော့ မဟုတ်ပါဘူး။ တရားစခန်း ဝင်ဖို့ ရောက်လာတဲ့ အခြား ဒေသတွေက ဧည့်သည်တွေဖြစ်တယ် "ဟု မြိတ်မြို့မှ ကျန်းမာရေး အဖွဲ့စည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မြိတ်မြို့၌ လူစု လူဝေးဖြင့် ပြုလုပ်မည့် မင်္ဂလာပွဲ၊ အလှူပွဲနှင့် လူစု လူဝေးပွဲ မှန်သမျှကို မပြုလုပ်၊ မကျင်းပရန် သက်ဆိုင်ရာ စစ်ကောင်စီ လက်အောက်ခံများက တားမြစ်နေကြောင်း မြို့ခံ တချို့ထံက သိရသည်။

ထိုအပြင် တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက တိုင်းအတွင်းသို့ လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာမည့် ခရီးသည်များအနေဖြင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားသူများလည်း ၇၂ နာရီ အတွင်း COVID-19ရောဂါ စစ်ဆေး အောင်မြင်ထားသည့် လက်မှတ် ပြရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် သက်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေး ဌာနနှင့် အရပ်ဘက် ကျန်းမာရေး အဖွဲ့စည်းများ၏ ထုတ်ပြန်ချက် စာရင်းအရ COVID-19 ကူးစက်မှု အတည်ပြု တနင်္သာရီ တိုင်းအတွင်း လူနာသစ် ဦးရေ၂၀၀ နီးပါး ရှိနေကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly