မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅-ခ ပုဒ်မအတွက် အလုပ်နှင့် ထောင် ၂နှစ်ချ

By သတင်းနှင့် မီဒီယာကွန်ရက်
22 December 2021
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅-ခ ပုဒ်မအတွက် အလုပ်နှင့် ထောင် ၂နှစ်ချ

ဒီဇင်ဘာ ၂၂

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အတွက် စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်လိုက်သည်ဟု နီးစပ်သူများက ပြောသည်။

ဒေါက်တာအေးဇံကို ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ကြရန် တိုက်တွန်းမှုဖြင့် စစ် ကောင်စီက ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅-ခ နဲ့ အဂတိမှုနဲ့ စွဲဆိုထားတယ်။ အခု အမိန့်ချလိုက်တာက ၅၀၅-ခ အမှု အတွက်ဖြစ်တယ်။ ထောင်ဒဏ် နှစ်နှစ် အမိန့်ချလိုက်တယ်။ အဂတိမှုနဲ့ စွဲဆိုထားတာတွေကျတော့ အမိန့်မချ ရသေးဘူး" ဟု ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-ခ အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျိုက်မရော အကျဥ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ် သည်။

ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အပြင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဥ်က လုပ်ပိုင်ခွင့်ကို အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့သည်ဆိုပြီး အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်း စစ်ကောင်စီက အမှုဖွင့်ထားသည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ကျိုက်မရော အကျဥ်းထောင်တွင် ရှိနေသည်ဟုလည်း နီးစပ်သူများထံ မှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်အချို့များကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က/ခ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အမှုဖွင့်ခံရသူများအနက် ဝန်းကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦးသာ ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ဒေါ်မာမာခိုင်ကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က စစ် ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required