မြောက်ဒဂုံတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်များ ရှင်းလင်းရေးလုပ်နေစဉ် မိုင်း၂လုံးထပ်မံပေါက်ကွဲ

မြောက်ဒဂုံတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်များ ရှင်းလင်းရေးလုပ်နေစဉ် မိုင်း၂လုံးထပ်မံပေါက်ကွဲ

ဒီဇင်ဘာလ ၂၁ ရက်

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံတွင် စစ်ကောင်စီတပ်ကိုပစ်မှတ်ထားသော မိုင်းဖောက်ခွဲတိုက်ခိုက်မှုများ ယနေ့ညတွင်ပြုလုပ်ခဲ့ကြောင်း  တော်လှန်ရေးအဖွဲ့တစ်ခုက မဇ္ဈိမသို့ပြောသည်။ 

အရှေ့ဒဂုံ (၉) ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်ရှိ  မြောက်ဒဂုံပြည်သူ့ဆေးရုံကြီးဘေးလမ်းမပေါ်တွင်   ည၇နာရီ၇မိနစ်ခန့်က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အဆိုပါနေရာသို့ စစ်ကောင်စီတပ်အင်အား ၅၀ ခန့်လာရောက်မိုင်းရှင်းစဉ် ည၇နာရီ ၃၃မိနစ်တွင် မိုင်းနှစ်လုံးထပ်မံပေါက်ကွဲခဲ့သည်။

"ကျွန်ုပ်တို့ D.R.F တပ်ဖွဲ့ဝင်များသည် အရှေ့ဒဂုံ အနော်ရထာလမ်းမကြီးဘေး ဆေးရုံကြီးဘေးနားတွင် ရှေ့ထွက်မိုင်းတစ်လုံးစတင်ဖောက်ခွဲပြီး မီးတန်းကားတစ်စီး၊ DC ကားတစ်စီးနှင့် Faw ကားတစ်စီးရောက်ရှိလာပြီး လမ်းများပိတ်၍ ရှာဖွေနေစဉ်တွင်...နောက်ထပ်မိုင်းနှစ်လုံးအားဖောက်ခွဲပြီး စခများအားတိုက်ခိုက်ခဲ့သည်။" ဟု ​အာဏာရှင်တော်လှန်ရေးတပ်ဦး (DICTATOR REVOLT FRONT ) ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

D.R.F ၏တာဝန်ရှိသူတစ်ဦးက “သူတို့က ကားပေါ်က အကုန်ဆင်းပြီး လမ်းတွေပိတ်ပြီး ဗုံးရှာနေတဲ့အချိန် ခွဲလိုက်တာဆိုတော့ အထိအခိုက်တော့ ရှိနိုင်တယ်။”ဟု မဇ္ဈိမသို့ပြောသည်။

ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း မြောက်ဒဂုံပြည်သူ့ဆေးရုံကြီးအနီးရှိ ဒေသခံများကလည်း မဇ္ဈိမသို့အတည်ပြုပြောကြားသည်။

ဆက်လက်ပြီး အာဏာရှင်တော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူက “ပြည်သူတွေကို အဓမ္မအနိုင်ကျင့်ပြီးတော့ ပြည်သူ့အာဏာယူထားတဲ့သူတွေကို ရတဲ့နည်းနဲ့ တော်လှန်သွားဦးမှာပါ။ ရှိတာလေးနဲ့ တိုက်ထုတ်ပြီး သူတို့လုံးဝအုပ်ချုပ်ခွင့်မရှိအောင် ကြိုးစားသွားပါမယ်”ဟု ၎င်းတို့၏ ရပ်တည်ချက်ကို ပြောကြားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly