ဆားလင်းကြီးနယ်မှ ကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်မီးရှို့သတ်ဟု ဒေသခံများပြောကြာ

ဆားလင်းကြီးနယ်မှ ကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်မီးရှို့သတ်ဟု ဒေသခံများပြောကြာ

ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။ 

ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၈ နာရီကျော်တွင် စစ်ကောင်စီတပ်များက အိမ်စီးကားသုံးစီးဖြင့် ဒုန်းတောကျေးရွာသို့ သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး ရွာမြောက်ပိုင်းမှ နေအိမ်စုတစ်ခုကို ဝိုင်းပစ်ကာ ထိုအိမ်စုတွင်နေခဲ့သူများကို ကိုင်းတောတစ်နေရာတွင် မီးရှို့သွားကြခြင်း
ဖြစ်ကြောင်း ဒုန်းတောရွာသားတစ်ဦးကပြောသည်။ 

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော တစ်မိနစ်ခွဲနီးပါးရှိသည့် ဗီဒီယိုတွင် လူတစ်စုကို မီးစွဲလောင်နေဆဲမှသည် မီးကျွမ်းထားသောရုပ်ပုံများနှင့် သွေးကွက်များကိုတွေ့ရသည်။ 

ပျံ့နှံ့နေသည့် ဗီဒီယိုမှာ အသတ်ခံရသည့် ဒုံးတောရွာသားများဖြစ်ကြောင်း ဒေသခံရွာသားများက အတည်ပြုပြီး စစ်ကောင်စီတပ်ထွက်ခွာသွားချိန်တွင် ရွာသားတစ်ဦးက ရိုက်ကူးခဲ့သည်ဟုဆိုသည်။ 

“အဲ့ဒီအိမ်စုလေးက ရွာပြင်နားမှာဆိုပေမယ့် ကျွန်တော်တို့ရွာကပါပဲ။ စစ်ကောင်စီတပ်သားတွေက အဲ့ဒီဝိုင်းလေးကို စခန်းဆိုတဲ့အထင်နဲ့ စစ်ဆင်ရေးတစ်ခုလို လာပြီးဝိုင်းတယ်။ ပြီးတော့ ကိုင်းတောတွေထဲကနေ စစ်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်တယ်။ အဲ့လိုမျိုးလုပ်ပြီး အိမ်လေးလုံးက လူတွေကို ဖမ်းပြီး ခုလိုမီးရှို့သွားတာဗျ။ အပြန်အလှန်တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲ ဘလိုင်းကြီးလာလုပ်သွားကြတာ “ဟု ဒုန်းတောရွာသားကပြောသည်။ 

“အကုန်လုံးကို စုချည်ထားပြီးမီးရှို့သွားကြတာ။ လူရုပ်မပေါ်အောင်ကို လုပ်သွားကြတာ။ အများစုက လူငယ်တွေပါတယ်။ အဆက်အသွယ်ပြတ်နေသူတွေလည်းအများကြီးရှိတော့ ဘယ်သူရယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး" ဟု သူက ဆက်ပြောသည်။ 

ဆားလင်းကြီးမြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ဒုန်းတောကျေးရွာသို့ အာဏာသိမ်း စစ်ကောင်စီတပ်များသည် ယခင်ကလည်း နှစ်ကြိမ်လာရောက်ရှာဖွေမှုပြုလုပ်ခဲ့ဖူးသည်။ 

“ကျွန်တော်တို့ဘက်က သေနတ်တစ်ချက်တောင်မပစ်ရပါဘူး။ ခုလိုကြီး ကြိုတင်ပြင်ဆင်ပြီး လက်နက်မရှိတဲ့ ပြည်သူတွေကို သတ်သွားတာတော့ အတော်လေးနာကြည်းမိပါတယ်၊ တိုက်ပွဲမှာ အပြန်အလှန်ပစ်လို့ ကျဆုံးသွားရတယ်ဆိုရင် ဖြေသာသေးတယ်ဗျာ။ ကျွန်တော်တို့ဘက်ကတော့ ရတဲ့နည်းနဲ့ ဒီစစ်အာဏာရှင်တွေကို ဆက်ပြီးပြင်းပြင်းထန်ထန် တော်လှန်သွားမယ် “ဟု ဒုန်းတောရွာသားက ပြောသည်။ 
လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီတပ်သားများမှာ ဒုန်းတောရွာအနီးရှိ လေညှင်းတောင်ရွာဘက်တွင် တပ်စွဲထားကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required