ရိုဟင်ဂျာလူမျိုးတုန်းသတ်မှုဖြင့် မြန်မာစစ်ခေါင်းဆောင်များကို အမှုစစ်ဆေးရန် အာဂျင်တီးနား တရားရုံးက သမိုင်းဝင်ဆုံးဖြတ်

ရိုဟင်ဂျာလူမျိုးတုန်းသတ်မှုဖြင့် မြန်မာစစ်ခေါင်းဆောင်များကို အမှုစစ်ဆေးရန် အာဂျင်တီးနား တရားရုံးက သမိုင်းဝင်ဆုံးဖြတ်

နိုဝင်ဘာလ ၂၈ ရက်

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်ရှိအာဏာသိမ်းစစ်အုပ်စု အကြီးတန်းခေါင်းဆောင်ပိုင်းအပါအဝင် မြန်မာစစ်တပ်အပေါ် တရားရုံးအမှု ဖွင့်လှစ် ကြားနာစစ်ဆေးသွားရန် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို အာဂျင်တီးနား တရားရုံးက ချမှတ်ခဲ့ကြောင်း ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

၂၀၂၁ နိုဝင်ဘာ ၂၆ ရက်တွင် ဗျူနိုအေးရိစ်မြို့ရှိ ဖက်ဒရယ်ပြစ်မှုဆိုင်ရာတရားရုံးက ယင်းအနေဖြင့် ဆိုးရွားလွန်းလှသည့် အမှုများကို မည်သည့်နေရာတွင်မဆို စစ်ဆေးကြားနာနိုင်သည်ဆိုသည့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် နိယာမအောက်တွင် မြန်မာစစ်ခေါင်းဆောင်များကို အမှုစတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ရိုဟင်ဂျာ လူမျိုးတုန်းသတ်မှုဖြင့် မြန်မာစစ်ခေါင်းဆောင်များကို အမှုဖွင့်စုံစမ်းစစ်ဆေးရန် BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးထံ ၂၀၁၉ နိုဝင်ဘာလက ပထမဆုံး ဦးတိုက်လျှောက်ထားခဲ့သည်။

"ဒီနေ့ကတော့ ကျွန်တော်တို့ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ နေရာတိုင်းက ဖိနှိပ်ခံလူတွေအတွက် မျှော်လင့်ချက်နေ့တစ်နေ့ ဖြစ်ပါတယ်၊ လူမျိုးတုန်းသတ်မှု ကျူးလွန်သူတွေအတွက် ပုန်းဖို့ နေရာမရှိဘူးဆိုတာနဲ့ ဒီလိုမျိုး စက်ဆုပ်ရွံရှာဖွယ် ပြစ်မှုတွေနဲ့ပတ်သက်လို့ ကမ္ဘာက အခိုင်အမာ စည်းလုံးညီညွတ်စွာ ရပ်တည်တယ်ဆိုတာကို အာဂျင်တီးနားရဲ့ ဒီဆုံးဖြတ်ချက်က ပြသနေပါတယ်" ဟု BROUK ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

"အဖြစ်အပျက် အချက်အလက်များ၏ ကြီးလေးမှု နှင့် ချိုးဖောက်မှုဆိုင်ရာ လက်ခံသဘောတူရမည့် စံနှုန်းများအရ အဆိုပါ အဖြစ်အပျက် အချက်အလက်များကို မိမိတို့ နိုင်ငံတွင် စုံစမ်းစစ်ဆေးရန် ခွင့်ပြုရမည်" ဟု အာဂျင်တီးနား အယူခံတရားရုံးက ယင်း၏ ဆုံးဖြတ်ချက်တွင် ထပ်လောင်းအတည်ပြုထားခဲ့သည်။

"ဒီ အမှုကို လက်ခံစစ်ဆေးဖို့ သတ္တိနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ ဦးဆောင်မှုကို ပြသတဲ့အတွက် အာဂျင်တီးနား တရားရေးအာဏာပိုင်တွေကို ကျွန်တော်တို့ ချီးကျူးပါတယ်၊ မြန်မာမှာ ဆယ်စုနှစ်တွေကြာ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေ၊ လူ့ဂုဏ်သိက္ခာကင်းမဲ့စေမှုတို့အတွက် တရားမျှတမှုက ခုချိန်မှာ လက်လှမ်းမီတော့မယ့် အခြေအနေမှာ ဖြစ်နေပါပြီ" ဟု ဦးထွန်းခင်က ပြောသည်။

"ဒါက ရိုဟင်ဂျာတွေအတွက်ပဲ တာဝန်ခံခိုင်းမှု သက်သက်မဟုတ်ပါဘူး၊ မြန်မာစစ်တပ်ရဲ့ လူမဆန် ရက်စက်တဲ့ စိုးမိုးမှုအောက်မှာ ထိခိုက်ခံစားခဲ့ရသူအားလုံးအတွက်လည်း တာဝန်ခံခိုင်းစေဖို့ ဖြစ်ပါတယ်၊ ဒီထဲမှာ ယခုနှစ် ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရတဲ့၊ ထိခိုက်ဒဏ်ရာရတဲ့၊ ညှင်းပန်းနှိပ်စက်ခံရတဲ့၊ ဒါမှမဟုတ် ပျောက်ကွယ်သွားတဲ့ လူထောင်နဲ့ချီတို့ ပါဝင်ပါတယ်"

အမှုသည် ရခိုင်ပြည်နယ်တွင် ဆယ်စုနှစ်များကြာ မြန်မာအာဏာပိုင်တို့က ရိုဟင်ဂျာတို့အပေါ် ကျူးလွန်ထားသည့် ပြစ်မှုများနှင့် သက်ဆိုင်သည်။ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်သည် နယ်မြေရှင်းလင်းရေးတစ်ခု လုပ်ဆောင်ခဲ့ပြီး အဆိုးဆုံးသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ရာ ရိုဟင်ဂျာ ၈၀၀,၀၀၀ နီးပါးသည် နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့ကြရသည်။ အမှုတွင် အဓမ္မပြုကျင့်ခံ၊ ညှင်းပန်းနှိပ်စက်ခံရသည့် အမျိုးသမီး ခြောက်ဦး၏ အထူး အခြေအနေလည်း ပါဝင်ပြီး ၎င်းတို့၏ ခင်ပွန်းများနှင့် ကလေးများသည် ရခိုင်တွင် လူမျိုးတုန်းသတ်မှု ကမ်ပိန်းအတွင်း အသတ်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ကျန်နေသည့် ရိုဟင်ဂျာများသည် လူ့ဂုဏ်သိက္ခာကင်းမဲ့စေသော ဖိနှိပ်မှုစနစ်တစ်ခုအောက်တွင် ဆက်လက်နေထိုင်နေရပြီး ၎င်းတို့၏ ဘဝများ၏ ကဏ္ဍအားလုံးသည် ထိန်းချုပ်ခံထားရသည်။ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားမှုအပေါ် တင်းကျပ်သည့် ကန့်သတ်မှုများ ရှိနေမှုအရ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြား အခြေခံဝန်ဆောင်မှုများကို ရယူရာတွင် အလွန်အကျွံ ခက်ခဲနေသည်ဟု အဓိပ္ပါယ်ထွက်နေသည်။

၂၀၂၁ ဖေဖေါ်ဝါရီတွင် စစ်တပ်သည် မြန်မာနိုင်ငံတွင် မတရား အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့သည်။ ယင်းနောက် နိုင်ငံတဝန်း အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြမှုများအတွင်း လူပေါင်း ၁,၃၀၀ နီးပါး အသတ်ခံခဲ့ရသလို ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရသည်။ လက်ရှိတွင် ဤဖြစ်ရပ်များသည် BROUK ၏ အမှုအောက်တွင် လွှမ်းခြုံခြင်း မရှိသော်လည်း အမှုသည် ကာကွယ်ရေးဦးစီးချုပ် နှင့် ၎င်းကိုယ်ကိုယ် ဝန်ကြီးချုပ်အဖြစ် ထုတ်ဖော်ထားသည့် မင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းစစ်အုပ်စု အကြီးတန်းခေါင်းဆောင်များ ပါဝင်ငြိစွန်းပတ်သက်နေသည်။

ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်မှုကျူးလွန်မှု၊ လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကျူးလွန်မှု တို့တွင် မြန်မာ အရပ်ဘက်နှင့် စစ်ဘက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန် BROUK က ၂၀၁၉ နိုဝင်ဘာ ၁၃ ရက်တွင် အာဂျင်တီးနား တရားရုံးများကို ဦးတိုက်လျှောက်ထားခဲ့သည်။ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အောက်တွင် ယင်းကဲ့သို့ ပြစ်မှုများကို ၎င်းတို့ မည်သည့်နေရာတွင် ကျူးလွန်ထားထား၊ ကမ္ဘာ့ဘယ်နေရာတွင်မဆို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ နောက်ပိုင်း အာဂျင်တီးနားတရားရေးပိုင်းသည် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ အမှုတစ်ခုကို အသေအချာ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့်အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly