“ပစ်သတ်ဖို့ ကျည်ဆံ တစ်တာင့်ပဲလိုမယ်” ဟု စစ်ကောင်စီတပ်က ကက်သလစ်ဘုန်းတော်ကြီးအား ခြိမ်းခြောက်

By ဂျာမုန်း-မဇ္ဈိမ
31 October 2021
“ပစ်သတ်ဖို့ ကျည်ဆံ တစ်တာင့်ပဲလိုမယ်” ဟု စစ်ကောင်စီတပ်က ကက်သလစ်ဘုန်းတော်ကြီးအား ခြိမ်းခြောက်

အောက်တိုဘာ ၃၁

ညောာင်ရွှေမြို့နယ်တွင်း ခရီးသွားသော ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအား စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်များကို အထောက်အပံ့ပေးနေသူဟု စွပ်စွဲကာ "ပစ်သတ်ဖို့ ကျည်ဆံတစ်တောင့်ပဲလိုမယ်" ဟု သေနတ်ထောက် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကာယကံရှင်နှင့်အတူ ခရီးသွားခဲ့သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နေ့လယ် ၃ နာရီခန့်တွင် ညောင်ရွှေမြို့မှ ဖယ်ခုံမြို့သို့ မောင်းနှင်လာသည့် ကားတစ်စီးတွင်ကက်သလစ်ဘုန်းတော်ကြီးအပါအဝင် ခရီးသည် ငါးဦး လိုက်ပါလာခဲ့ရာ ထီယိကျေးရွာအရောက်တွင် စစ်သားရှစ်ဦးခန့် တားဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ကားကို ရပ်ခိုင်းပြီး ပါလာတဲ့ ပစ္စည်းတွေကိုချခိုင်းတယ်။ သူတို့က ကြမ်းကြမ်းတမ်းတမ်းနဲ့ ပစ္စည်းတွေကို ပစ်ချတယ်။ စစ်ဆေးတယ်။ ကားထဲမှာ အတူပါလာတဲ့ ကက်သလစ်ဘုန်းတော်ကြီးကိုလည်း စစ်ဆေးတယ်။ ဘုန်းတော်ကြီးကို တော်လှန်ရေးမှာ ရန်ပုံငွေတွေ ရှာပြီး PDFကို ထောက်ပံ့တယ် သေနတ်တွေဝယ် ဆေးတွေဝယ်ပြီး မကောင်းတဲ့ဘက်ကို အားပေးနေတယ်” ဟု စစ်သားများက စွပ်စွဲပြောဆိုကြောင်း ခရီးသည်တစ်ဦးက ပြန်ပြောပြသည်။

“ကက်သလစ်ဘုန်းကြီး နောက်ထပ် လုံးဝအပြင်မထွက်နဲ့ ပစ်သတ်ဖို့ ကျည်ဆံ တစ်တာင့်ပဲလိုမယ်” ဟုပြောကြောင်း သူက ထပ်ပြောသည်။

အသက် ၄၆ နှစ်အရွယ် ဘုန်းတော်ကြီးအား နားထင်တွင် သေနတ်ထောက်ထားပြီး နေပူပူတွင် ဒူးထောက်စေလျှက် ပါးစပ်ပိတ်ထားရန် ဆဲဆိုခဲ့သည်ဟု ဆိုသည်။

ဘုရားကျောင်းရှိ သီးနှံစိုက်ခင်းအတွက် အသုံးပြုရန် ဝယ်ယူလာသော ဓာတ်မြေဩဇာအိတ်လေးအိတ်အား မိုင်းလုပ်ရန် သယ်ဆောင်လာသည်ဟု စွပ်စွဲနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required