မတ္တရာမြို့နယ်မှာ လက်နက်တွေ ဖမ်းဆီးခံရ

မတ္တရာမြို့နယ်မှာ လက်နက်တွေ ဖမ်းဆီးခံရ

ဩဂုတ်-၈
မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊မန္တလေး-မိုးကုတ်ကားလမ်းပေါ် ပန်းယျကျေးရွာအနီးမှာ လက်နက်တွေတင်ဆောင်လာတဲ့ ထော်လာဂျီတစ်စီး ဒီနေ့ ဩဂုတ် ၈ရက်၊မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

မတ္တရာမြို့နယ်၊တောင်နီ တောင်ခေါင်းဘက် မှမောင်းနှင်လာတဲ့ (ပုဇင်းခေါင်း)ထော်လာဂျီကို အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က လိုက်လံ တားဆီး ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်သူ အသက် ၂၅နှစ်အရွယ်တစ်ဦးနဲ့ အဲဒီယာဉ်ပေါ်ပါ အသက် ၁၅နှစ်အရွယ်တစ်ဦးကို ဖမ်းဆီးထားပြီး တစ်ဦးက လွတ်မြောက်သွားတယ်လို့သိရပါတယ်။

"ဖမ်းတယ်ဆိုမှတော့ ဒလန်သတင်းပေးကြောင့်ပေါ့ဗျာ။အတိအကျကြီး စောင့်ဖမ်းတာပဲ။အခု ရဲစခန်းထဲမှာ လက်နက်တွေ စစ်နေတယ်။"လို့ မတ္တရာမြို့ခံတစ်ဦးကပြောပါတယ်။

K 22 သေနတ် ၆၀လက်၊လက်ပစ်ဗုံး ၈၀လုံး၊အီနာဂါ ၈၅လုံး၊ကျည်ဘောက် ၁၁၀ခု၊ကျည်မျိုးစုံ ၈၀၀၀ခန့်၊လွယ်ကြိုး ၂၁ချောင်း၊စစ်ရောင် အီကွေ့မန့် ၆၀စုံတို့ ဖမ်ဆီးရမိကြောင်းသိရပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ္တရာမြို့နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေချိန် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုတွေ မလုပ်ဖို့ သတိပေးကြေညာစာထုတ်ပြီးနောက် အခုလို မတ္တရာမြို့နယ်အတွင်းမှာ လက်နက်တွေ မိခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က မတ္တရာမြို့နယ်အတွင်း အဝင်အထွက်တွေ စစ်ဆေးနေသလို မြို့အတွင်းလည်း လှည့်လည်နေတာတွေ လုပ်နေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly