အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ယခုအပတ် အာဆီယံနိုင်ငံများနှင့် အစည်းအဝေးများအတွင်း မြန်မာ့အရေး ဆွေးနွေးမည် 

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ယခုအပတ် အာဆီယံနိုင်ငံများနှင့် အစည်းအဝေးများအတွင်း မြန်မာ့အရေး ဆွေးနွေးမည် 
Photo - AFP

ဩဂုတ် ၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ  ဘလင်ကန်သည် ယခုအပတ်ထဲ အ‌ရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့်အကြား ဝန်ကြီးအဆင့် အစည်းအဝေးများအတွင်း မြန်မာနိုင်ငံ အရေးကိစ္စ အပါအ၀င် တောင်တရုတ်ပင်လယ်အရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ အရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က သြဂုတ်လ ၂ ရက်တွင် ပြောသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ယခုအပတ်အတွင်း အာဆီယံနှင့် ဆက်စပ်သည့် ဝန်ကြီးအဆင့် အွန်လိုင်း အစည်းအဝေး ငါးခုတွင် ပါဝင်ဆွေးနွေးမည် ဖြစ်ပြီး အဆိုပါ အစည်းအ‌ဝေးများမှာ အမေရိကန်- အာဆီယံ အစည်းအ‌ဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအ‌ဝေး (EAS) ၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) ၊ မဲခေါင်-အမေရိကန် မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှု နှင့် မဲခေါင် ဝန်ကြီးများ၏ မိတ်ဘက် အစည်းအဝေး စသည်တို့ ဖြစ်သည်။ 

“ဒီအပတ် အစည်းအဝေးအတွင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ဒေသဆိုင်ရာ ကိစ္စရပ်တွေအပေါ် ဖိအားပေးဖို့နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ ကတိကဝတ်နဲ့ ရပ်တည်ချက်တွေကို အလေးပေး ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအုပ်စုရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းစေဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်‌ရောက်ရှိစေရေး တောင်းဆိုမှု ကိစ္စလည်း ထည့်သွင်းဆွေးနွေးပြောဆိုမှာပါ၊ ဒါ့အပြင် တောင်တရုတ်ပင်လယ်မှာ ရေကြောင်း လွတ်လပ်မှုကို ထောက်ခံတာ၊ မဲခေါင်- အမေရိကန် မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ဒူပေနာပေ ခံနိုင်မှုနဲ့ ပွင့်လင်းမြင်သာမှုပိုင်း တိုးတက်အောင် လုပ်ရေး စတဲ့ ကိစ္စတွေ ဆွေး‌နွေးသွားဖို့ ရှိနေပါတယ်” နက်ဒ် ပရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ 

ထို့ပြင် မြောက်ကိုရီးယားနှင့်ပတ်သက်ပြီး ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို အပြည့်အဝ အကောင်အထည် ဖော်ရေးအတွက် ဘလင်ကန်က အာဆီယံ အဖွဲ့၀င်နိုင်ငံများကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ကိုဗစ်ကာကွယ်ဆေးပုလင်းများ ထပ်တိုး မျှဝေမှုအပါအ၀င် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရာတွင် ထပ်တိုး ထောက်ပံ့မှုဆိုင်ရာ အမေရိကန်၏ အစီအစဉ်များကိုလည်း နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန်က အာဆီယံနှင့်အကြား ဝေမျှသွားမည်ဟု သိရသည်။ 

စီးပွားရေး ပြန်လည် နာလန်ထူမှုဆိုင်ရာ အားထုတ်မှုများနှင့် ရာသီဥတု ပြောင်းလဲမှု အပါအ၀င် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်မည့် အားထုတ်မှုများနှင့်ပတ်သက်၍လည်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ဆွေးနွေးသွားမည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required