နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၁၇ ရက် ၊ ကရင်ပြည်နယ် ဒူးပလာယာခရိုင်ရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ကျဆုံးရေး အတွက် ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• လှိုင်သာယာမြို့နယ် (၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်သတ်ခံရသည့် ပုံအား လူမှုကွန်ရက်ပေါ်တင်သူ (၁၉) ရပ်ကွက်နေ ဒုတိယနှစ် ကျောင်းသားတစ်ဦးနှင့် ထပ်ဆင့်မျှဝေသူ လူငယ် ခြောက်ဦးအား ယမန်နေ့ညပိုင်းက ဖမ်းဆီးကာ စစ်ခုံရုံးတင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။ 

• စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ကိုမိုးကြီးဆိုသူမှာ နံနက် ၁၀ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခံရသည့်အတွက် နားရွက်ထိမှန်ကာ ဆေးရုံသို့ ပို့ဆောင်ကုသထားရပြီးနောက် တရုတ်ကျောင်း၊ ကျွန်းတော၊ သံတားနှင့် ဗဟိုလမ်းများအား စစ်အုပ်စုလက်နက်ကိုင်များက ပိတ်ဆို့ကာ လုံခြုံရေးတင်းကြပ်ထားလျက်ရှိသည်။ 

• ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်တွင် ယမန်နေ့ညပိုင်းက အိမ်စီးကားတစ်စီးက ဗုံးလက်ထောင်သည့်အတွက် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ရရှိခဲ့သည့် CCTV မှတ်တမ်းများအရ အဆိုပါကားမှာ ယခင်က ပါတီရုံးချုပ်အတွင်းရှိ ပါတီခေါင်းဆောင်အချို့အား ဝင်ရောက်ဖမ်းဆီးစဉ်က အသုံးပြုခဲ့သည့် ကားဖြစ်သည်ဟု သိရသည်။ 

• ရွှေပြည်သာမြို့နယ်နေ လူငယ်များကညလ်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• ဇွန်လ ၁၉ ရက်တွင် မွေးနေ့ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသည့် နွေဦးတော်လှန်ရေး သူရဲကောင်းများအတွက် ရည်ရွယ်၍ ပန်းသပိတ်ပြုလုပ်မည်ဖြစ်ကြောင်း နှိုးဆော်မှုများအား လူမှုကွန် ရက်ပေါ်မှတစ်ဆင့် ပြုလုပ်လျက် ရှိသည်။ ပန်းသပိတ်လှုပ်ရှားမှုတွင် အမျိုးသမီးများ ပန်းပန်ခြင်း၊ အမျိုးသားများမှာ ရင်ဘက်တွင် ပန်းထိုးခြင်း၊ နေအိမ်ရှေ့တွင် ပန်းအိုးချခြင်းနှင့် ပန်းအိုးချိတ်ဆွဲခြင်းများ ပြုလုပ်သည့် လှုပ်ရှားမှုများ ပါဝင်မည် ဖြစ်သည်။ 

• နေအိမ်အကျယ်ချုပ် ကျခံထားရသည့် သရုပ်ဆောင်ဇာဏ်ခီနှင့် မိသားစုမှာ ရက်ပေါင်း ၄၀ ကျော် ထိန်းသိမ်းခံထားရပြီးနောက် ပြန်လည်လွတ်မြောက်ကာ နိုင်ငံပြင်ပသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ ညနေ ၅ နာရီခန့် တွင် သတင်းလွှင့်တင်ထားသည်။ 

မန္တလေးတိုင်းဒေသကြီး

• မြင်းခြံမြို့ အမှတ် (၉) ရပ်ကွက်နေ ကိုကျော်သက်ဦး (ခ) ဖျော်တီး ဆိုသူအား ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင် များက ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်။ 

• မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ (ပင်မသပိတ်) နှင့် ဗကသ – မြင်းခြံတို့ ပူးပေါင်း၍ "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းအင်ဂျင်နီယာမိသားစုသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း မြတောင်သပိတ်စစ်ကြောင်းကလည်း မနော်ဟရီလမ်းမကြီးပေါ်ထိတက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်း အောင်ပင်လယ်သပိတ်စစ်ကြာင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် လမ်းများပေါ်တက် ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း ကျောက်မျက်ရတနာ ကုန်သည်ပွဲစားမျာ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက် ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• မန်းအခြေစိုက် Voice of Myanmar – VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်းနှင့် သတင်းထောက် ကိုရှိုင်းအောင်တို့အား စစ်အုပ်စုက မေးမြန်းစရာရှိသည်ဟု နန်းတွင်းတပ်ထဲ ခေါ်ယူကာ ဧပြီလ ၂၇ က ဖမ်းဆီးထားပြီးနောက် ရက်ပေါင်း ၅၀ ကျော်အကြာ ယနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။ VOM သတင်းဌာန အကြီးအကဲ ဖမ်းဆီးခံရပြီးနောက် သတင်းတင်ဆက်မှုများအား ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း ဇွန်လ ၁၄ ရက်က ပြုလုပ်သည့် စစ်ကောင်စီသ တင်းစာရှင်းလင်းပွဲတွင် VOM သတင်းထောက်ဟုဆိုကာ သတင်းရယူခြင်းများ ရှိနေခဲ့သေးသည်။ 

ပဲခူးတိုင်းဒေသကြီး

• မင်းလှမြို့နယ်ရှိ DVB သတင်းထောက်ဟောင်း၊ Bago Weekly Journal နှင့် မြေလတ်အသံသတင်းဌာန အလွတ်တန်း သတင်းထောက်ဖြစ်သူ ကိုသက်နိုင်ဝင်းအား စစ်အုပ်စုက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားရာ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။ ၎င်းအား ဧပြီလ ၆ ရက်က မင်းလှမြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဝင်ရောက်ဖမ်းဆီးသွားပြီး နောက် ယမန်နေ့ နေ့လယ်ပိုင်းက အမိန့်ချလိုက်ခြင်း ဖြစ်သည်။ 

• ပဲခူးမြို့နယ်၊ ပြင်စည်လမ်းမကြီးပေါ်ရှိ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာရုံးသုံးခုတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ နံနက် ၉ နာရီခွဲခန့်က အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးရုံးနှင့် အခွန်ရုံးတို့တတွင် ပေါက်ကွဲမှုဖြစ်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် ရုံးအကူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေ့လယ်ပိုင်းတွင် လျှပ်စစ်ရုံး၌ ထပ်မံပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ကျုံပျော်မြို့၊ လှေဆွဲရွာတွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များ ဝင်ရောက်လာကာ ဒေသခံတစ်ဦးအား ဖမ်းဆီး သွားပြီး မည်သည့်အတွက် ဖမ်းဆီးသည်ကို မသိရသေးပေ။ 

• ကန်ကြီးထောင့်တွင် Non CDM မပြုလုပ်ဘဲ နေသည့် ဆရာ/ဆရာမများထဲမှ ၃၀ ဦးမှာ CDM ပြုလုပ်မှုတွင် ပါဝင်လာပြီ ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• စစ်ကိုင်းတိုင်းအတွင်း အခြားမြို့နယ်များမှ လာရောက်သီတင်းသုံးနေသည့် ရဟန်း၊ သီလရှင်များ ရှိပါက မြို့နယ်သံဃမဟာ နာယကအဖွဲ့၊ သာသနာရေးရုံးနှင့် ရပ်ကျေးအုပ်ချုပ်ရေးရုံးများအား သတင်းပို့တိုင်ကြားရမည်ဟု သံဃမဟာနာယကအဖွဲ့များမှတစ်ဆင့် စစ်အုပ်စုက ခိုင်းစေထားသည်။ 

• တန့်ဆည်မြို့ ရွာမုန်ထောင်ကျေးရွာနေ ကျော်လွင်အား ဇွန်လ ၁၄ ရက် ညတွင်လည်းကောင်း၊ ဒေါင့်ကြီးကျေးရွာမှ သန်းဝင်းအား ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင်လည်းကောင်း ရှင်းလင်းခဲ့ခြင်းဖြင့် မိမိတို့လက်ချက်ဖြစ်ကြောင်းနှင့် ၎င်းတို့မှာ စစ်တပ် သတင်းပေးဒလန်များ ဖြစ်ကြောင်း နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် ကနီမြို့နယ် အိုင်တောင်ရွာမှ သုံးဦးနှင့် ဘင်ကျွန်းအနီး ချင်းတွင်းမြစ်ကမ်းတစ်နေရာတွင် ငါးဦးကိုလည်း စစ်သတင်းပေးများဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။ 

• ကနီမြိုန့ယ်၊ မုဌေါတောင်ရွာနေ NLD ထောက်ခံသူ ကိုစိန်မောင်နီဆိုသူမှာ ယမန်နေ့ညပိုင်းက နေအိမ်တွင် ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကာ ဒေသခံများကမူ စစ်တပ်ကျောထောက်နောက်ခံပေးကာ လက်နက်တပ် ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့လက်ချက်ဖြစ်ကြောင်း ပြောဆိုနေကြသည်။ 

• ကောလင်းမြို့နယ်၊ အိုင်ကြီးကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၄ နာရီခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ် အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်က ပစ်ခတ်မှုကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်ပွဲကြည် ဆိုသူ သေဆုံးခဲ့ကာ ဒေသခံ လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၁၅ ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ အဆိုပါကျေးရွာတွင် လက်နက်လုပ်သည်၊ စစ်သင်တန်းပေးသည်ဟူသည့် သတင်းရရှိသည်ဆိုကာ အင်အား ၁၀၀ ခန့်ရှိ စစ် အုပ်စုလက်နက်ကိုင်များက ကား ၁၆ စီးဖြင့် နံနက် ၄ နာရီက တစ်ကြိမ်၊ နံနက် ၇ နာရီတွင်တစ်ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ဒေါ်ပွဲကြည်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးစဉ် ကျည်ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

• ကနီမြို့နယ်တွင်းရှိ ကျေးရွာ (လုံခြုံရေးအရ အမည်မဖော်ပြခြင်း) တစ်ခုတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ မိသားစုနှင့်အတူ အိပ်နေစဉ် ယမန်နေ့ည ၉ နာရီခန့်က အမည်မသိ အရပ်ဝတ်လူတစ်စုမှ အိမ်ပေါ်တက်လာကာ လက်နှိပ် ဓာတ်မီးဖြင့် ထိုးကြည့်ပြီးနောက် ခေါင်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်ဟု သိရပြီး ၎င်းမှာ သာမန် လက် လုပ်လက်စား မိသားစုမှ အိမ်ထောင်ဦးစီးဖြစ်ပြီး စစ်အုပ်စုသတင်းပေး ဒလန်လည်း မဟုတ်ကြောင်း သိရသည်။ 

• အဖိုးတန်သစ်များ ပေါက်ရာ အလောင်းတော်ကဿပ ဘေးမဲ့တောအတွင်း သစ်ခိုးသူနှင့် သစ်ပွဲစားများမှာ တိုင်းပြည်အမွေအနှစ်များကို ခိုးယူသုံးစွဲသူများအဖြစ် သတ်မှတ်မည်ဖြစ်ကာ အသက်အန္တရာယ်ရှိမည်ဖြစ်ကြောင်း ပုလဲ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ - PDF က ကြေညာထားသည်။ 

• ဆားလင်းကြီး မြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းပေါ် တက်၍ "ငါတို့နိုင်မှာ" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ လူအင်အား ရာနှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်မြို့နယ်၊ ဘိန်းနွယ်ချောင်ကျေးရွာတွင်လည်း ရွာဦးကျောင်းဆရာတော် စျာပနအခမ်းအနားတွင် လိုက်ပါပို့ ဆောင်သည့် ပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လှုပ်ရှားမှုအဖြစ် လက်သုံးချောင်းထောင်ကာ စျာပနာပွဲ ပြုလုပ်ရင်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသခံများကလည်း ပင်မသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ 

• မုံရွာမြို၊ အမြင့်ကျေးရွာ သပိတ်ခေါင်းဆောင် ကိုဖြိုးဝေလျှံအိမ်အား စစ်အုပ်စုလက်နက်ကိုင်များက စစ်ကားသုံးစီးဖြင့် ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ် ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ ပထမအကြိမ် စီးနင်းရှာဖွေစဉ်က အိမ်ရှိ ကွန်ပျူတာအပြင် ဆန်အိတ်များနှင့် နိုင်ငံရေးစာရွက်စာစာတမ်း၊ စာအုပ်များအား သိမ်းယူသွားဖူးသည်။

• မုံရွာမြို့နယ်၊ အမြင့်ကျေးရွာတွင် ၂၀၁၀ ပြည့်နှစ်က စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်ကျောက်တိုင်နှင့် အမြင့်မြို့ NLD ပါတီဆိုင်းဘုတ်အား စစ်အုပ်စုလက်နက်ကိုင်များက ဖြိုချဖျက်ဆီးကာ ဆိုင်းဘုတ်အား လမ်းလယ်ခေါင်၌ မီးရှို့ဖျက်ဆီးခဲ့သည်။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း မုံရွာ-သာစည်လမ်းများပေါ် ဆိုင်ကယ်များဖြင့် ချီတက်လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မုံရွာမြို့နယ်တွင်းရှိ ရဲနှင့် စစ်အုပ်စုလက်ပါးစေ သတင်းပေးများအနေဖြင့် မြို့နယ်တွင်းမှ ထွက်သွားပေးရန်နှင့် ထွက်ခွာခြင်း မရှိပါက လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Monywa Heroes Group က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

• မင်းကင်းမြို့နယ် မြစ်ရိုးအောက်ပိုင်းရွာများဖြစ်သ်ည့ တုံ၊ ကျောက်ခဲတက်၊ ရွာသစ်ကုန်း၊ ဘိုင်၊ ပင်တင်း၊ ဖက်ခက်နှင့် ကုန်းရင်းကျေးရွာများတွင် စစ်အုပ်စုလက်နက်ကိုင်နှင့် ပျူစောထီးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေသည့်အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။ 

• ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မိတ္ထီလာမြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်နှင့် လူငါးထက် ပိုမစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ခြင်းအား ယနေ့မှစ၍ နောက်ထပ် နှစ်လ ထပ်မံတိုးမြှင့်ထားသည်။ 

• လူမှုကွန်ရက်ပေါ်မှတစ်ဆင့် တော်လှန်ရေးလက်နက်ကိုင်မှုများနှင့် ပတ်သက်၍ လိုက်လံစုံစမ်းမေးမြန်းမှုများ ရှိလာနေသည့် အတွက် လူမှုကွန်ရက်အကောင့်များအား လုံခြုံစွာ သုံးစွဲကြရန်အတွက် တမူးလုံခြုံရေးအဖွဲ့ - TSG က ထုတ်ပြန်ထားသည်။ 
• ကလေးမြို့ခံများကလည်း "လှေခွက်ချည်းကျန် အလံမလှဲ"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဆိုင်းဘုတ်များ လွှင့်ထူကာ ယနေ့ ညနေပိုင်းက မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ပခုက္ကူမြို့တွင် စစ်အုပ်စုသတင်းပေးဟု လူသိများသည့် နစကကောင်စီအဖွဲ့ဝင် ဒေါ်သက်သက်ဆိုင်၏ PPP ပါတီ မြို့နယ် အတွင်းရေးမှူး ကိုဖုန်းကျော်ဆိုသူ၏ ရုပ်အလောင်းအား ဓားဒဏ်ရာ ၁၃ ချက်ဖြင့် ယမန်နေ့က တွေ့ရှိခဲ့သည်။ ၎င်းမှာ ပခုက္ကူမြို့၊ ဆင်ပေါက်လှရပ်ကွက်၊ အောင်သပြေ (၈) လမ်းတွင် နေထိုင်သူဖြစ်ကာ လွန်ခဲ့သည့် ငါးရက်ခန့်ကတည်းက ပျောက်ဆုံးနေခဲ့သူ ဖြစ်သည်။ 

• တောင်တွင်းကြီးမြို့နယ် စီးပွားရေးဘဏ်တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအား ဆိုင်ကယ်စီးလာသူ လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး လဲကျခဲ့သော်လည်း ဒဏ်ရာထိခိုက်မှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။ 

• တောင်တွင်းကြီးမြို့နယ်တွင် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ထပ်မံပါဝင်လာသည့် ပညာရေးဝန်ထမ်း ၁၂၀ ဦးခန့် အထိ ပိုတိုးလာကြောင်း သိရသည်။ 

• ပခုက္ကူမြို့ပေါ် အောင်မြင့်မိုရ်စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သည့် လင်မယားနှစ်ဦးအား မင်းတပ်စစ်ဘေးရှောင်များအား လှူဒါန်းသည့်အတွက်ဟုဆိုကာ ယမန်နေ့ ညနေပိုင်းက ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရကာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• ပေါက်မြို့နယ်၊ ကင်းမရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ရွာလုံးကျွတ်မီးရှို့ခဲ့မှုကြောင့် သက်ကြီးရွယ်အို နှစ်ဦး သေဆုံး ခဲ့မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က အပြင်းအထန် ရှုံချကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက် သည်။ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း "ယခုကဲ့သို့ ကြောက်မက်ဖွယ်လုပ်ရပ်များသည် တိုင်းရင်းသားလူမျိုး များနှင့် ဘာသာတရားများအားလုံးအပေါ် စစ်တပ်က ယခင်ကျူးလွန်ခဲ့သော ကြမ်းကြုတ်ရက်စက်မှုများနှင့် တစ်သတ်မတ်လည်း ဖြစ်နေကြောင်းနှင့် စစ်တပ်သည် လူ့အသက်ကို လုံးဝဂရုမစိုက်ကောင်း ဆက်လက်ပြသနေခြင်းပင်ဖြစ်ကြောင်း" ထုတ်ပြန်ထားသည်။ ကင်းရွာဖြစ်စဉ်မှာ လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်း ဖက်သူများက ပစ်ခတ်တိုက်ခိုက်ဣ၍ ကျေးရွာတွင်းနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်ကြောင်း စစ်အုပ်စုအာဘော် သတင်းစာများတွင် ဖော်ပြထားခဲ့သည်။ 

• သရက်မြို့တွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်က တောင်မင်းတည်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းနှင့် သိမ်ကြီးလမ်းထောင်ရှိ ကလေးအထူးကုဆရာဝန်မတစ်ဦးနေအိမ် မြောက်ဘက်တွင် ရပ်ထားသည့် ကားအောက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ယင်းပေါက်ကွဲမှုအပြီး ၁၀ မိနစ်ခန့်တွင် မြောက်မင်းတည်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ စည်ပင်အမှုဆောင်အရာရှိနေအိမ် ဆင်ဝင်အောက်တွင် ထပ်မံပေါက်ကွဲခဲ့သည်။ 

• နတ်မောက်မြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ် တပ်ပေါင်းစုနှင့် လူငယ်ရေးရာ စုပေါင်းသပိတ်စစ်ကြောင်းတို့ကလည်း ယနေ့နံနက်ပိုင်းက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ချီတက်လှည့်လည်သည့်အပြင် စစ်တပ်ပိုင် ကုန်ပစ္စည်းများ မီးရှို့ဆန္ဒပြခြင်းများလည်းပြုလုပ်ခဲ့သည်။ 

• ထားဝယ် ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာနေ ပြည်သူများကလည်း ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာတွင် စစ်အုပ်စုလက်အောကခံ ခမရ – ၄၃၈ တပ်က စားနပ်ရိက္ခာနှင့် တပ်သားများ တင်ဆောင်ထားသည့် စစ်ကား ၇ စီးဖြင့် ယမန်နေ့ ညနေပိုင်းကတည်းက ဝင်ရောက်တပ်စွဲမှုများ ပြုလုပ်ထားခဲ့သည်။ 

• ဟိုပင်မြို့ အင်းလေးကျေးရွာ အ.လ.က (ခွဲ) ကျောင်းတွင် ယမန်နေ့ည ၁၂ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ 

• ချီဖွေမြို့နယ်တွင် CDM ပြုလုပ်ကာ ပြည်သူနှင့်အတူ ရပ်တည်နေသည့် ပညာရေးဝန်ထမ်း ၁၇၉ ဦးကို စစ်အုပ်စုက အလုပ်က ထုတ်ပယ်လိုက်သည်။ 

• ဝိုင်းမော်မြို့တွင်လည်း စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း ၃၉၉ ဦးက အလုပ်က ထုတ်ပယ်ထားသည်။ 

• မိုးကောင်းနေ ပြည်သူများကလည်း စစ်အုပ်စုက ပုဒ်မမျိုးစုထုတ် ကန့်သတ်ကာ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် အာရုဏ်ဦးဆိုင်ကယ်သပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အုပ်စုက သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုများ ပြုလုပ်နေသော်လည်း ဆိုင်ကယ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြော်း ဆန္ဒပြခဲ့ကြသည်။ 

ကယားပြည်နယ်

• ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF က ယာယီအပစ်ရပ်မည်ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်က ကြေညာထားသော်လည်း ယမန်နေ့ ညနေပိုင်း ၈ နာရီ ၁၅ မိနစ်ခန့်က ဒီးမော့ဆိုမြို့နယ်အတွင်း စစ်အုပ်စုဘက်ကက ပစ်ခတ်သည့် လက်နက်ကြီးနဲ့ သေနတ်ပစ်သံများ ရှိခဲ့ကြောင်း သိရသည်။

• ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်တွင် ပစ်ခတ်ခံရပြီး သေဆုံးသည်ဟု ယူဆရသည့် အလောင်းအမြောက်အမြားအား မြို့နယ်သံဃမဟာနာယကအဖွဲ့ ခွင့်ပြုချက်ဖြင့် ထီးပွင့်၊ ဒေါဘူးကူး၊ ဒေါပိုးစီနှင့် မစိုးရိမ်တိုက်သစ်ဆရာတော်များ အပါအဝင် ဆရာတော် ၁၈ ပါးက ငွေတာင်သုဿန်တွင် ယမန်နေ့က မီးရှို့သင်္ဂြိုဟ်ပေးခဲ့ကာ အချို့မှာ အရိုးကျနေပြီဖြစ်၍ မည်သူမည် ဝါမှန်း ခွဲခြားအတည်ပြုရန် ခက်ခဲခဲ့သည်။ ဒီးမော့ဆိုနှင့် မိုးဗြဲတွင် စစ်အုပ်စုက ပစ်သတ်သဖြင့် သေဆုံးခဲ့သည့် အရပ်သား ၂၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်းလည်း ကရင်နီတိုးတက်ရေးပြည်သူ့အင်အားစု - PKPF က ယနေ့တွင် ထုတ်ပြန်ထားသည်။ 

ကရင်ပြည်နယ်

• မြဝတီခရိုင်၊ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အရပ်သား ၂၅ ဦးအား KNDO က မေလ ၃၁ ရက်တွင် သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ထားသည်။ 

• ကရင်လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများအား ဖြေရှင်းရန်အတွက် ညီညွတ်ရေးကော်မတီက အလုပ်အဖွဲ့ ဖွဲ့စည်းကာ ဖြေရှင်းမည်ဖြစ်ကြောင်း သဘောတူညီချက် ချမှတ်ထားသည်။ အလုပ်အဖွဲ့အား KNLA, KNU/KNLA-PC, DKBA နှင့် BGF တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ 

• ကျောက်ကြီးမြို့နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာအုပ်စုခေါင်းဆောင်များအား ခေါ်ယူကာ ကျောင်းပြန်မဖွင့် ပါက ကျေးရွာများအား မီးရှို့မည်ဟု ခြိမ်းခြောက်ဖိအားပေးလျက်ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။ 
• ကြာအင်းဆိပ်ကြီးမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ချင်းပြည်နယ်

• မတူပီမြို့တွင် ယမန်နေ့ည ၉ နာရီ ၄၀ မိနစ်ခန့်က ကားကြီးဝင်းအနီး နေထိုင်သူ ဆလိုင်းပီတာဆိုသူအား ၎င်း၏ အိမ်တွင် စစ်အုပ်စုလက်နက်ကိုင်များက အတင်းအဓမ္မ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားသည်။ 

• မြန်မာ-အိန္ဒိယနယ်စပ် အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသူ Myanmar Idol မှ ဘင်ဒျမင်ဆုန်းလ်မှာ ကွာရတင်းဝင်ပြီးနောက် Negative ပြန်ဖြစ်သွားပြီဟု သိရကာ ၎င်းမှာ စစ်အုပ်စု ထိုးစစ်ဆင်မှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းစစ်ပြေးရှောင်များအတွက် ရန်ပုံငွေများ ပြုလုပ်ကာ ကူညီပေးနေသူလည်း ဖြစ်သည်။ 

မွန်ပြည်နယ်

• NLD အစိုးရလက်ထက်က ဝန်ထမ်းများအား ချေးထားသည့် နှစ်လစာအတိုးမဲ့ချေးငွေများအား CDM နှင့် Non CDM ဝန်ထမ်းများထံမှ အတင်းအကြပ် ခြိမ်းခြောက်ပြန်လည်တောင်းယူခြင်းများ မပြုလုပ်ရန် စစ်အုပ်စုအား သတိပေးထားပြီး လုပ်ဆောင်ပါက ထိရောက်သည့် တန်ပြန်ပြစ်ဒဏ်ခတ်မှုများ ပြုလုပ်သွားမည်ဟု သိမ်ဇရမ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF က ထုတ်ပြန်ထားသည်။ 

• ပေါင်မြို့နယ် လူငယ်များကလည်း စစ်အာဏာရှင်အပြီးတိုင်ဇာတ်သိမ်းရေးအတွက် ပြောက်ကျားသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မွန်ပြည်နယ် မော်လမြိုင်၊ သိမ်ဇရပ်နှင့် ပေါင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်အုပ်စုအား တိုက်ခိုက်ချေမှုန်း ရန်အတွက် ဘုံသဘောတူညီချက် ၅ ချက်ဖြင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ 

• ကျိုက်ထိုမြို့နေ ကျောင်းသားနှင့် ပြည်သူများကလည်း "ရရင် ရ – မရရင် ချ"၊ "တော်လှန်စစ်ပွဲ ဒို့ဆင်နွှဲ" ဟု ကြွးကြော်ကာ စစ်အာဏရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မော်လမြိုင်မြို့နေ လူငယ်များကလည်း နိုင်ငံတစ်ဝန်းရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီကြရန်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့ရှိ အ.ထ.က (၁၊ ၃၊ ၄၊ ၅၊ ၆) တို့တွင် စစ်အုပ်စုဘက်က ကျောင်းတက်သူစာရင်းများ စစ်ဆေးမည်ဟုဆိုကာ ကျောင်းရှေ့တိုင်းတွင် လုံခြုံရေးအတားအဆီးများ ချထားလျက်ရှိသည်။ 

• လားရှိုးမှ သိန္နီမြို့သို့အသွား ဟိုပိတ် ၉ မိုင်လမ်းခွဲတွင် လမ်းအား မြေများဖို့ကာ ပိတ်ထားခဲပြီး မြို့ရှောင်လမ်းခွဲကိုမူ ဖွင့်ထား ပေးခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ပိတ်ထားသည်ကိုမူ မသိရသေးပေ။ 

• နမ္မတူမြို့နယ် အ.လ.က (၂) ကျောင်းတွင် သင်ကြားရေးဆရာနှစ်ဦး၌ ကိုဗစ်ပိုး တွေ့ခဲ့သည့်အတွက် ကျောင်းအား ယာယီ ပြန်ပိတ်ထားလိုက်ရသည်ဟု သိရသည်။ 

• မန္တလေးမှ နမ္မတူသို့ စီးနင်းလာသူများထံမှ ကိုဗစ်-၁၉ ပိုး ကူးစက်မှုရှိကြောင်း တွေ့ရသဖြင့် နမ္မတူမြို့ ရွှေနမ္မတူ၊ ငွေရတနာ မန်းနှင့် ကြယ်သုံးလုံး ယာဉ်လိုင်းများအား ယမန်နေ့က စ၍ ၁၀ ရက်ကြာ ပြေးဆွဲခွင့်ပိတ်ထားသည်။ 

• သီပေါမြို့နေ ပြည်သူများကလည်း "မကူညီနိုင်ရင် နေပါ Boycott လုပ်သင့်တာကို လုပ်ပါ" အပါအဝင် စစ်အုပ်စုအား ဆန့်ကျင်သည့် စာများအား ရောင်စုံစက္ကူများပေါ်တွင် ရေးသား၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ရှမ်းပြည်နယ်အလံ ကိုင်ဆောင်သည်ဟုဆိုကာ မတ်လ ၈ ရက်က ဖမ်းဆီးခံထားရသည့် ကျော်သက်ဦး (ခ) စိုင်းဆိုင်ဝမ်းဦးကို စစ်အုပ်စုက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။ 

ရခိုင်ပြည်နယ်

• မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် ရက္ခိုင့်တပ်မတော် - AA က ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၆ ဦးအား ယမန်နေ့ နေ့လယ်ပိုင်းက စစ်အုပ်စုဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

• အမ်းမြို့နယ်တွင် စစ်တပ်ဘက်က သက်တမ်းကုန် လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးမှုကို ပြုလုပ်မည်ဖြစ်ကာ တစ်ရက်လျှင် ငါးကြိမ်အထိ ပြုလုပ်မည်ဟု သိရသည်။ အဆိုပါ လက်နက်များမှာ အမ်းမြို့ အမှတ် ၃၄၅ လက်နက်ခဲယမ်းစု ဆောင်းရေးတပ်မှ ဖြစ်သည်။ 

နေပြည်တော် 

• စစ်အုပ်စုက မော်တော်ယာဉ်များ၏ ဖောင်းကြွနံပါတ်ပြား ပုံစံများအား ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာထားကာ မြို့နယ်ကိုယ်စားပြုနှင့် ယာဉ်အမျိုးအစားများပါ အသစ်ပါရှိမည် ဖြစ်သည်။ 

• ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ဂျပန်တွင် ရောက်နေသည့် မြန်မာဘောလုံးအသင်း ပြန်လာပြီဖြစ်သော်လည်း လက်သုံးချောင်းထောင်ကာ စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ကြောင်း ပြသခဲ့သည့် ဂိုးသမား ပြည့်လျှံအောင်မှာ ပြန်မလာဘဲ ခိုလှုံခွင့်ရရှိ ရန်အတွက် ဂျပန်နိုင်ငံတွင် ကျန်နေခဲ့သည်။ 

• အရပ်သားများအား အကြမ်းမဖက်ရန်၊ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရန်နှင့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန်အတွက် သြစတြေးလျ ကာကွယ်ရေးတပ် ဒုအကြီးအကဲနှင့် ဒုရေတပ်ဗိုလ်ချုပ်ကြီး David Johnston က စစ်အုပ်စု ဒုခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ ယမန်နေ့က တောင်းဆိုထားသည်။ 

• မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF ရဲဘောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အမျိုး သားကာကွယ်ရေးတပ် - NDF အရာရှိငယ် အပတ်စဉ် (၁) နှင့် မြို့ပြပြောက်ကျားသင်တန်းအပတ်စဉ် (၇) သင်တန်းဆင်းပွဲ ပြုလုပ်ပြီဖြစ်ကာ NDF အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အဖြစ် လက်ခံလက်ခံရန် NUG အစိုးရအဖွဲ့နှင့် ကတိကဝတ် ပြုထားပြီးဖြစ်သည်ဟု သိရသည်။ 

• စစ်အုပ်စုလက်အောက် ဗဟိုဘဏ်က ဘဏ်များအနေဖြင့် ငွေပေးချေမှုများတွင် A/C Transfer, Digital Payment များဖြင့် ပိုမိုပေးချေရေးအတွက် ပုဂ္ဂလိဘဏ်များဘက်က ဦးတည်ချက်ထား ဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များ၏ Digital အရောင်း ပမာဏပေါ်တွင်လည်း ရောင်းချရမှု၏ အများဆုံး ၅၀ ရာခိုင်နှုန်းအထိသာ ငွေသားထုတ်ယူခွင့်ကို တစ်လလျှင် တစ်ကြိမ် မှ သုံးကြိမ်အထိသာ စိစစ်ခွင့်ပြုရန် ဖိအားပေး ခိုင်းစေလျက်ရှိသည်။ 

• မြောက်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ကုလရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်ဟု သတင်းများ ပျံ့နှံ့ခဲ့ကာ ယင်းမှာ မဟုတ်မှန်ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံက ကန်ဒေါ်လာ ကိုးသိန်း လှူဒါန်းခဲ့ခြင်းသာ ဖြစ်သည်။

ဇွန် ၁၇ သုံးသပ်ချက်

• ရန်ကုန်တွင် ယနေ့၌ ပျောက်ကြားသပိတ်များပါ ငြိမ်သက်နေပြီး စစ်အုပ်စုဒေါက်တိုင် ဒလန်များအား ပစ်ခတ်လုပ်ကြံမှုများ ရှိနေခဲ့သည့်အပြင် ယင်းဖြစ်စဉ်များနှင့် ဆက်စပ်၍ သံသယမှုဖြင့် ဖမ်းဆီးမှုများလည်း ရှိနေခဲ့သည်။ စစ်အုပ်စုထောက်ခံသူ များ လုပ်ကြံခံရသည့် မြို့နယ်များတွင် လုံခြုံရေးအထူးတင်းကြပ်ထားကာ မြို့ပေါ်နေရာအချို့တွင်လည်း စောင့်ကြည့်ရေး ကင်မရာ CCTV တပ်ဆင်မှုများလည်း ပိုလုပ်လာလျက်ရှိသည်။ 

• မန္တလေးတွင် လူထုသပိတ်များ ရှိနေဆဲဖြစ်ကာ ဖြိုခွဲခံရမှုများ မရှိဘဲ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်ရုံးများတွင် လူအဝင်အထွက်ရှိနေသော်လည်း ရုံးထိုင်အလုပ်လုပ်ခြင်းမရှိဘဲ မြို့နယ်ရုံးများတွင် စုပေါင်းပုံစံရုံးပုံစံဖြင့် အလုပ်လုပ်ကိုင်လျက် ရှိနေသည်။ မြို့ပေါ်တွင် လုံခြုံရေးအစီအမံများ တိုးမြှင့်ထားဆဲဖြစ်ပြီး ကင်း လှည့်မှုများလည်း ဆက်လုပ်နေဆဲ ဖြစ်သည်။ 

• ပြည်သူ့ကာကွယ်ရေးတပ်များဘက်က အပစ်ရပ်ထားသည့် ကယား (ဒီးမော့ဆို) တွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုဘက်က ပစ်ခတ်မှုများ ပြုလုပ်လာခဲ့ပြီး အတည်ပြုရန်ခက်ခဲကာ အရိုးကျနေသည့် ရုပ်အလောင်း ၂၀ ခန့်ကိုလည်း တွေ့ရှိခဲ့ရသည်။ 
• စစ်ကိုင်း ကနီ၊ မင်းကင်း၊ ကသာဘက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်အုပ်စုအကြား တိုက်ခိုက်မှုများ ရှိနေ ကာ စစ်အုပ်စုဘက်က ခုခံမှုမရှိသည့် ကျေးရွာများကိုပါ ဝင်ရောက်စီးနင်း တိုက်ခိုက်သတ်ဖြတ်မှုများ လုပ်နေသည့်အတွက် ရွာလုံးကျွတ် ရှောင်တိမ်းရမှုများ ပိုများလာနေသည်။

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လမ်းပေါ်တက် လူထုလှုပ်ရှားမှုများ ဆက်ရှိနေဆဲ ဖြစ်ကာ အချို့နေရာများ၌ စစ်အုပ်စုဘက်က ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုဘက်က နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုနှင့် ပြည်တွင်းဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် စီးပွားရေးထိခိုက်မှု ရှိ နေကြောင်းကို ကွယ်ဝှက်ထားကာ စီးပွားရေးလုပ်ငန်းများအား ဘဏ်များမှတစ်ဆင့် ငွေသားထိန်းချုပ်ထားရန်နှင့် အခွန်အ သစ် ကောက်ယူနိုင်ရန် ပြင်ဆင်နေမှုများ ရှိသည်။ စစ်အုပ်စုဘက်က CDM ဝန်ထမ်းများအား နည်းပေါင်းစုံ ဖိအားပေးနေသည့် ကြားကပင် CDM ထပ်လုပ်သည့် ပညာရေးဝန်ထမ်းများ ထပ်တိုးလာနေသည့်အတွက် ကျောင်းဖွင့်ရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှုများ ရှိနေကာ ကျောင်းပြန်ဖွင့်ရေးအတွက် ဖိအားပေးမှုများလည်း ဆက်တိုက်လုပ်လာနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly