ဗိုလ်ချုပ်သမီးဆီက အာဏာသိမ်းပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင်တော့ဆက်ရိုက်မယ်

ဗိုလ်ချုပ်သမီးဆီက အာဏာသိမ်းပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင်တော့ဆက်ရိုက်မယ်

‌မေ ၁၇

အရပ်သားအစိုးရဆီက အာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ချကာ တရားစွဲဆိုမှုတွေလုပ်နေပေမဲ့ တဘက်မှာလည်း သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ဇာတ်ကားကို ဆက်ရိုက်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ သာသနာရေးဝန်ကြီး ဦးကိုကိုနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဆက်ရိုက်မဲ့သူတွေ၊ သမိုင်းပညာရှင်တွေ ရန်ကုန် အမျိုးသားပြတိုက်မှာ မေလ ၁၆ ရက်က အစည်းအဝေးလုပ်ခဲ့ကြပါတယ်။  

ဗိုလ်ချုပ်ရုပ်ရှင်ကားကို တာဝန်ယူရိုက်ကူးနေခဲ့တဲ့ အရပ်သားအစိုးရ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ ပင်မဒါရိုက်တာကြီးဖြစ်တဲ့ လူမင်းတို့ကတော့ စစ်အာဏာလုတာကိုကန့်ကွက်လို့ အင်းစိန်ထောင်တွင်းအကျဉ်းကျခံနေရပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးကနဦးကာလပတ်သက်ခဲ့တဲ့  ဒါရိုက်တာ သရုပ်ဆောင် ဇာဂနာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ဟာလည်း ထောင်ထဲမှာပါ။

အခုတော့ သာ/ယဉ် ဒု ဝန်ကြီး ဦးထွန်းအုံနဲ့ အရင်က သရုပ်ဆောင်ပိုင်း ဒါရိုက်တာသာဖြစ်ခဲ့တဲ့ ပန်းချီစိုးမိုးတို့ ပူးပေါင်းပြီး ရုပ်ရှင်ဆက်ရိုက်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ကြပါတယ်။ ဂီးတမှူး ဓိရာမိုရ်ကလည်း စစ်အုပ်စုအစီအစဉ်မှာ ဆက်လက်ပူးပေါင်းသွားဖို့ရှိနေပါတယ်။ 

“ပြည်သူလူထုကလည်း ဒီကားကို ကြည့်ချင်တယ်၊ ဒါကြောင့် သူတို့က ဒီကားကို လက်စသက်ဖို့ လုပ်တာ၊ နဂိုပညာရှင်တွေအားလုံးက ဒီကားကို လုပ်ပေးဖို့ ပြောတာပါ၊အစည်းအဝေးမှာလည်း နဂိုလုပ်ခဲ့တဲ့ သူတွေအားလုံးတက်ကြတယ်၊ ရိုက်ကူးရေးကတော့ ကိုလူမင်းရှိကတည်းက ပြီးပြီ၊ ကျန်တဲ့အပိုင်းတွေကတော့ ကိုလူမင်းရှိတုန်းက ငှားထားတဲ့ သူတွေကပဲ ဆက်လုပ်ကြမှာ”လို့ အစည်းအဝေးတက်ခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးမှာ အဓိကတာဝန်ယူထားသူတစ်ဦးက ပြောပါတယ်။

“ကြိုးစားပမ်းစားရိုက်ထားရတယ်၊ ပညာရှင်တွေအားလုံးကလည်း သေချာပံ့ပိုးထားတော့ ပြည်သူတွေ အားလုံးနှစ်သက်တဲ့ ကားတစ်ကားဖြစ်မှာပါ၊ ပြည်သူလုထုကလည်း တောင်းတနေတဲ့ သမိုင်းဖြစ်စဉ်ကားတစ်ကားပါ” လို့ သူကဆိုပါတယ်။

နေအိမ်အကျယ်ချုပ်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်နှစ်ကုန်ခါနီးမှာ မြန်မာ့ရုပ်ရှင်နယ်ပယ်ကလူတွေနဲ့ တွေ့ဆုံတာကနေ ဗိုလ်ချုပ်ရာဇဝင်ကားရိုက်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့ပြီး မင်းထင်ကိုကိုကြီး၊ ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာအိအိခိုင်၊ ဇာဂနာ၊ လူမင်းနဲ့ ဇင်ဝိုင်း တို့ပါဝင်ခဲ့ပါတယ်။ စတုံးကတော့ ဗိုလ်ချုပ်ရာပြည့် ၂၀၁၅ အမီရုံတင်ဖို့ရည်မှန်းခဲ့တာဖြစ်ပါတယ်။ 

ဇာတ်ညွှန်းဇာတ်ကွက်အပြောင်းအလဲနဲ့ နည်းပညာချို့တဲ့တာတွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့သလို ရိုက်ကူးမှုတာဝန်ယူသူတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ ကနဦးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဇာတ်ညွှန်းကြည့်တာတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပတ်သက်မှုမကြားရတော့ပါဘူး။ 

တကယ်တန်း ရုပ်ရှင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းမှစတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ကား အဆုံးသတ်ပိုင်းရောက်လာပြန်တော့ ကိုဗစ်ကပ်ဘေးကြောင့် ရပ်နားထားခဲ့ရပြန်ပါတယ်။ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ၉၀ရာခိုင်နှူန်းလောက်ပြီးစီးနေခဲ့ပြီလို့ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required