ဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် ဖိလစ်ပိုင်မှာ အစားအစာများ အခမဲ့ ပေးဝေတဲ့ ဆိုင်တန်းများ ထွက်ပေါ်လာ 

ဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် ဖိလစ်ပိုင်မှာ အစားအစာများ အခမဲ့ ပေးဝေတဲ့ ဆိုင်တန်းများ ထွက်ပေါ်လာ 
Photo - AFP

ဧပြီ ၃၀ 

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေနဲ့ အစိုးရ အကူအညီ နည်းပါးတာကြောင့် မိသားစုတွေကို ရှာဖွေကျွေးမွေးနိုင်ရေး ရုန်းကန်နေရတဲ့ ပြည်သူအများစုနဲ့အတူ ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းမှာ လိုအပ်နေသူတွေကို အစားအစာတွေ အခမဲ့ ပေးဝေတဲ့ အဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ ဈေးဆိုင်တန်းတွေ ပေါ်ပေါက်လာလျက် ရှိနေပါတယ်။ 

လူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်စေခဲ့တဲ့ ကူးစက်မှု တိုးမြင့်တာကို ထိန်းချုပ်နိုင်ရေး မကြာသေးခင် လော့ဒေါင်းချခဲ့တဲ့ မနီလာမြို့တော်က လမ်းသန့်ရှင်းရေးသမ ဂျူးလိယက်ရီယက်စ်ဟာ လမ်းဘေးအခမဲ့ဆိုင်တွေကနေ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန် ရယူလေ့ရှိသူပါ။ 

“ကျွန်မ အရမ်းကို ကျေးဇူးတင်တယ်၊ ဒီ ဆိုင်တွေဟာ ကျွန်မတို့လို လိုအပ်နေသူတွေအတွက်တော့ ကြီးကြီးမားမား အထောက်အပံ့ ပေးပါတယ်”လို့ နေ့တွက်ခ ပီဆို ၂၀၀ သာ မစို့မပို့ရနေတဲ့ မိသားစုဝင် ရှစ်ဦးကို ထောက်ပံ့နေရသူ အသက် ၄၁ နှစ်ရှိ ရီယက်စ်က ပြောပါတယ်။ 

“ကျွန်မ အိမ်ပြန်တဲ့အခါ ဒီနေ့ တောင်းယူခဲ့တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ချက်ပြုတ်မှာပဲ ဖြစ်ပါတယ်”ဆိုပြီး သူက ပြောပါတယ်။ 

အခုလို အစားအစာ အခမဲ့ဈေးဗန်း လှုပ်ရှားမှုကို ပက်ထရီရှာနွန်ဆိုသူ အမျိုးသမီးက စတင်အစပျိုးလိုက်တာပဲ ဖြစ်ပါတယ်။ သူရဲ့ မီးဖိုချောင်ကနေ ဆန်၊ ခေါက်ဆွဲခြောက်၊ စည်သွပ်အစားအစာနဲ့ ဟင်းသီးဟင်းရွက်တွေကို ဝါးလှည်းပေါ်တင်ပြီး လမ်းဘေးမှာ ခင်းကျင်းခဲ့တာပါ။ 

“ပေးနိုင်တာ ပေး၊ လိုအပ်တာ ယူ”ဆိုတဲ့ စာတမ်းချိတ်ဆွဲပြီး ဈေးဗန်းခဲ့တဲ့ ပက်ထရီရှာနွန်ရဲ့ လုပ်ဆောင်ချက်ဟာ တစ်နိုင်ငံလုံး လှုပ်ရှားမှုအသွင် ပြောင်းပြီး ခုလို အခမဲ့ဈေးဆိုင်တွေ ပေါ်ပေါက်လာခဲ့တာပါ။  

ပက်ထရီရှာဟာ လှည်းပေါ်မှာ ပစ္စည်းတွေ ခင်းကျင်းပြီး နာရီပိုင်းအတွင်းမှာပဲ အားလုံး ကုန်သွားတာဖြစ်တာမို့ သူဟာ ဖေ့ဘုတ်ကနေပြီး အလှူခံခဲ့ရာမှာ အဲဒီ ပို့စ်က ပြန့်နှံ့သွားတော့တာ ဖြစ်ပါတယ်။ 

“လူတွေက လိုအပ်နေကြတယ်၊ ကျွန်မမှာတော့ အိမ်မှာ တစ်ကိုယ်စာ ဖူလုံတာထက် ပိုနေတယ်”လို့ အသက် ၂၆ နှစ်အရွယ် ပက်ထရီရှာက ပြောပါတယ်။ 

“ဒါဟာ ဆာလောင်ငတ်မွတ်မှုနဲ့ ဆင်းရဲမှုကို ဖြေရှင်းနည်းတော့ မဟုတ်ပေမယ့် တစ်ထောင့်တစ်နေရာကတော့ အကူအညီ ဖြစ်ပါတယ်”ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly