စစ်ကောင်စီ၏ ဥပဒေမဲ့ပြုကျင့်မှုနှင့် မဇ္ဈိမ၏ သံဓိဌာန်

စစ်ကောင်စီ၏ ဥပဒေမဲ့ပြုကျင့်မှုနှင့် မဇ္ဈိမ၏ သံဓိဌာန်

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစီရွေးကောက်ပွဲမှ တက်လာသော အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းလိုက်သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး လွှတ်တော်တက်ရန်ရောက်နေသော ကိုယ်စားလှယ်တော်များကိုလည်း ၎င်းတို့တည်းခိုနေထိုင်ရာ စည်ပင်သာယာဧည့်ရိပ်သာတွင် ထိန်းသိမ်းလိုက်သည်။ သို့သော် တိုင်းပြည်အခြေအနေကတော့ ထိုနေ့တွင် ငြိမ်ငြိမ်သက်သက်ပင်ရှိနေခဲ့သည်။  

ဤကဲ့သို့သောအခြေအနေတွင် မဇ္ဈိမရုပ်မြင်သံကြား (Mizzima TV ) ထုတ်လွှင့်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ပိတ်ပင်လိုက်သည်။ မည်သို့သောအကြောင်းကြောင့် ပိတ်ပင်ရသည်ကိုလည်း အသိမပေး၊ ဖြေရှင်းချက်မပေးဘဲ တဘက်သတ်သဘောအလျောက် Free to Air လိုင်းမှ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ထုတ်လွှင့်ပိတ်ပင်ခြင်းခံလိုက်ရသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နှင့် မဇ္ဈိမရုပ်မြင်သံကြားတို့အကြား ချုပ်ဆိုထားသောစာချုပ်တွင် လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများကို "မလွန်ဆန်နိုင်သော ဖြစ်ရပ်ကြောင့် တစ်စိတ်တစ်ဒေသဖြစ်စေ၊ လုံးဝဖြစ်စေ မထမ်းဆောင်နိုင်လျှင် ထိုသို့မထမ်းဆောင်နိုင်သူ စာချုပ်ဝင်က အခြားစာချုပ်ဝင်သို့ (၁၅) ရက်အတွင်း ထိုသို့မလွန်ဆန်နိုင်သော ဖြစ်ရပ်ပေါ်ပေါက်ကြောင်းကို အသေးစိတ်စာဖြင့် ရေးသားအကြောင်းကြားရမည်။ အခြားစာချုပ်ဝင်က လက်ခံအတည်ပြုလျှင် မလွန်ဆန်နိုင်သော ဖြစ်ရပ်မြောက်ပြီး တာဝန်ဝတ္တရားများထမ်းဆောင်ခြင်းကို ထိုမလွန်ဆန်နိုင်သော ဖြစ်ရပ်ပေါ်ပေါက်နေစဉ်ကာလအတွင်း ဆိုင်းငံ့ထားနိုင်သည်။ ထိုမလွန်ဆန်နိုင်သောဖြစ်ရပ်ကြောင့် ကြန့်ကြာမှုအတွက် မည်သူ့တွင်မှတာဝန်မရှိစေရ"ဟု ပါရှိသည်။

ထို့အပြင် မလွန်ဆန်နိုင်သော ဖြစ်ရပ်နှင့်ပတ်သက်၍ အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

"မလွန်ဆန်နိုင်သောဖြစ်ရပ်ဆိုသည်မှာ - သဘာဝဘေးအန္တရာယ်များ၊ ငလျင်လှုပ်ခြင်း၊ သပိတ်မှောက်ခြင်း၊ ပိတ်ဆို့မှုများ၊ သူပုန်ထခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ အကြမ်းဖက်နှောက်ယှက်ဖျက်စီးခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းနှင့် အခြားအလားတူအကြောင်းများဖြစ်ပြီး စာချုပ်ဝင်၏ထိုက်သင့်သော ဂရုပြုမှု၊ ဇွဲ၊ လုံ့လတို့နှင့် ထိန်းချုပ်၍မရဘဲ ကျော်လွှားရန် မစွမ်းဆောင်နိုင်သော ဖြစ်ရပ်များကို ဆိုလိုပါသည်။"

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အထက်ပါ မလွန်ဆန်နိုင်သော ဖြစ်ရပ်များအနက်မှ တစ်ခုမှဖြစ်ပွားခြင်းမရှိပါ။ ထို့အပြင် စာချုပ်ရပ်စဲကြောင်း Email မှတဆင့် အကြောင်းကြားသည်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ဖြစ်သဖြင့် (၁၅) ရက်အတွင်း အကြောင်းကြားရမည်ဆိုခြင်းနှင့်လည်း ကိုက်ညီခြင်းမရှိပါ။

ဥပဒေများကို လိုက်နာပါမည်ဆိုသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အာဏာအလွဲသုံးစားလုပ်ကာ ဥပဒေချိုးဖောက်မှုကို လွယ်လင့်တကူပင်ပြုလုပ်နေသော အဓိပ္ပါယ်ပေါ်လွင်စေပါသည်။

သတင်းဦးစားပေးမထုတ်လွှင့်သည့် တစ်ခြား Free-to-air Digital TV Channel သုံးခုကိုတော့၊ အာဏာသိမ်းသည့်နေ့တွင် မဇ္ဈိမတီဗီချန်နယ် နည်းတူ ဖြတ်တောက်ထားရာမှ မကြာသေးမှီရက်များက ပြန်လည်ထုတ်လွှင့်ပေးလိုက်သည်ကို အာဏာသိမ်းစစ်ကောင်စီက ဥပဒေကြောင်းအရ မည်သို့ ဖြေရှင်းမှု ပေးမည်နည်း။ ထိုချန်နယ်များချုပ်ဆိုသော စာချုပ်သည်လည်း Mizzima TV Channel, DVB TV Channel တို့၏ စာချုပ်နှင့် အတူတူပင်ဖြစ်သည်။

သို့သော် Mizzima TV Channel, DVB TV Channel များကိုတော့ ထုတ်လွှင့်ခွင့်မပေးဘဲထားသည်။ အဖြေကတော့ရှင်းပါသည်၊ လွတ်လပ်သော သတင်းမီဒီယာများ၏ထုတ်လွှင့်မှုကို မြန်မာပြည်တဝှမ်းမှ ပြည်သူများမမြင်တွေ့ရအောင် ပိတ်ပင်တားမြစ်တစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။ မဇ္ဈိမမီဒီယာအနေဖြင့် မည်သို့သောအခြေအနေတွင်ဖြစ်စေ လွတ်လပ်သော သတင်းမီဒီယာတစ်ခု၏ကျင့်ဝတ်နှင့်အညီ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး စစ်ကောင်စီ၏ ဖိအားပေးမှုကို စာနယ်ဇင်းကျင့်ဝတ်တန်ဖိုးနှင့် လဲလှယ်မည်မဟုတ်သလို အမှန်တရားကို မျက်ကွယ်ပြုနိုင်မှာမဟုတ်ပါ။ ယခုကဲ့သို့သောအခြေအနေတွင် သတင်းသမားတို့၏ သတင်းပေးပို့မှုအင်မတန်မှလိုအပ်နေချိန်တွင် အာဏာရှင်များအလိုကျ ဗောင်းတော်ညိတ် စိတ်တော်သိ မလုပ်နိုင်ပါ။ အဓမ္မဝါဒီများကျဆုံးပြီး လွတ်လပ်မှု၊ တရားမျှတမှုရှိသော ဒီမိုကရက်တစ်လူ့ဘောင်ဖြစ်မြောက်လာရေးအတွက် အမှန်တရားကိုရှေ့ရှုကာ ကလောင်ကို ဆက်လက်ဆွဲကိုင်သွားမည်သာဖြစ်ကြောင်း စာဖတ်သူများအား အသိပေးလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly