တပ်မတော်နှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံး ဒီမိုကရေစီစံနှုန်းများ လိုက်နာရန် သံတမန်အဖွဲ့အစည်းများ ပူးတွဲ တိုက်တွန်း  

တပ်မတော်နှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံး ဒီမိုကရေစီစံနှုန်းများ လိုက်နာရန် သံတမန်အဖွဲ့အစည်းများ ပူးတွဲ တိုက်တွန်း  
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇန်နဝါရီ ၂၉၊ ၂၀၂၁ 

တပ်မတော်နှင့် နိုင်ငံအတွင်းရှိ အခြားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံး အနေဖြင့် ဒီမိုကရေစီ စံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် မြန်မာနိုင်ငံ အခြေစိုက် သံတမန်အဖွဲ့အစည်းများက ပူးတွဲကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။  

ဇန်နဝါရီလ ၂၉ ရက် နေ့စွဲဖြင့် သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများဖြစ်သည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန် နိုင်ငံဆိုင်ရာသံရုံးများက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။  

မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲတွင် ၎င်းတို့၏ သမိုင်းဝင် ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန် အလို့ငှာ မည်သို့သော ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင် ကန့်ကွက်ကြောင်းလည်း သံတမန်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးနှင့် နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး မြှင့်တင်နိုင်ရန် ကြိုးပမ်း အားထုတ်နေမှုကို အားပေးထောက်ခံပြီး အခိုင်အမာ အတည်ပြုကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အသစ် စတင်ရေးနှင့် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နိုင်ရေးအတွက် မျှော်လင့်ကြောင်း သံတမန် အဖွဲ့အစည်းများက ပြောဆိုထားသည်။ 

ထို့အပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖင် ဒူဂျာရစ်ကလည်း မြန်မာ့အရေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၈ နေ့က ကြေညာချက်တစ်ခု ထုတ်ပြန်ချက်ခဲ့သည်။  

ယင်းထုတ်ပြန်ချက်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို အလေးထားကြရန်နှင့် ဒီမိုကရေစီ စံနှုန်းများကို လေးစားလိုက်နာကြရန်၊ လှုံဆော်မှု၊ ဆူပူရန် ဆွပေးမှု၊ ဆန္ဒထုတ်ဖော်မှုများကို အားလုံးက ရပ်ဆိုင်းကြရန် တိုက်တွန်းထားသည်။   

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ အနေဖြင့် မြန်မာပြည်သူများနှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ကြိုးပမ်းမှုတွင် အားလုံးပါဝင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုများ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုသည်ဟုလည်း ဖော်ပြပါရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly