“ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” - ကမ္ဘောဇဘဏ်က ကျား၊ မ ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ပိုမို သတိပြုပံ့ပိုးလာကြစေဖို့ တိုက်တွန်းနှိုးဆော်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့

“ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” - ကမ္ဘောဇဘဏ်က ကျား၊ မ ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ပိုမို သတိပြုပံ့ပိုးလာကြစေဖို့ တိုက်တွန်းနှိုးဆော်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့

ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘောဇဘဏ်ကနေ ကျား၊ မ ခွဲခြားဆက်ဆံမှု နဲ့ပတ်သက်ပြီး ပိုမို သတိပြုပံ့ပိုးလာကြစေဖို့ ပြုလုပ်ခဲ့တဲ့ “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” ဆိုတဲ့ ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုမှာ ဘယ်လို ပံ့ပိုးကူညီပြီး ရန်ပုံငွေရှာဖွေပေးဖို့ ကြိုးစားခဲ့လဲဆိုတဲ့အကြောင်း ပြောပြဖို့ ရွေးချယ်ထားပါတယ်။
 
ကမ္ဘောဇဘဏ်က ၂၀၂၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုတစ်ခုမှာ လူထောင်ပေါင်းများစွာကို အသိပညာပေး စည်းရုံးနိုင်အောင် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို ကာတွန်းရုပ်ရှင် ဖန်တီးမှုပညာရှင် တစ်ဦးဖြစ်တဲ့ ကိုဉာဏ်ကျယ်စေ နဲ့အတူ Gender Equality Network (GEN) ၊ Business Coalition for Gender Equality အဖွဲ့အစည်းနဲ့ Domino Digital တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
ကျား၊ မ တန်းတူညီမျှရေးကို လှုံ့ဆော်ဖို့အတွက် လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေမှာ အသုံးပြုနိုင်ဖို့အတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေကို ရှာဖွေနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကျား၊ မခွဲခြားဆက်ဆံမှု ပြဿနာတွေကို သိမြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ဒီလှုပ်ရှားမှုဟာ ကိုဉာဏ်ကျယ်စေရဲ့ နိုင်ငံတကာ အသိအမှတ်ဆုတွေရထားတဲ့ “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ကာတွန်းရုပ်ရှင်တိုကို To Our Lives We Want Facebook စာမျက်နှာမှာ ပြသခဲ့ပါတယ်။ “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ဆိုတဲ့ ၁၁ မိနစ်စာ ကာတွန်းရုပ်ရှင်တိုလေးက ၂၀၁၆ ခုနှစ် ကတည်းက စတင်ထွက်ရှိတာဖြစ်ပြီး မြန်မာအမျိုးသမီးလေးတစ်ယောက် မွေးဖွားလာခဲ့တဲ့ အချိန်ကစပြီး အရွယ်ရောက်တဲ့အထိ သူမ ဘဝမှာ ကြုံတွေ့ခံစားခဲ့ရတဲ့ ကျား၊ မ တန်းတူညီမျှမှု မရှိတာ၊ အိမ်တွင်း အကြမ်းဖက်မှု၊ လိင်အမြတ်ထုတ်မှု၊ လူကုန်ကူးမှုနဲ့ စိတ်ဆန္ဒမပါဘဲ ကိုယ်ဝန်ဆောင်ခဲ့ရတာ စတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ဖန်တီးထားပါတယ်။ ဒီကာတွန်းရုပ်ရှင်ဟာ နိုင်ငံတကာက အသိအမှတ်ပြု အားပေးမှုတွေကို လက်ခံရရှိခဲ့ပြီး ဆုပေါင်းများစွာနဲ့အတူ ကမ္ဘာတစ်ဝန်းက နိုင်ငံတကာရုပ်ရှင်ပွဲတော်ပေါင်း (၁၄၀) မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံခဲ့ ရပါတယ်။
 
၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း အွန်လိုင်းပေါ်မှာ ပြသထားတဲ့ ကာတွန်းရုပ်ရှင် တစ်ကြိမ်ကြည့်ရှုတိုင်း အလှူငွေ ၃ ကျပ်စီ ထည့်ဝင်လှူဒါန်းပြီး ဖြစ်စေတဲ့ အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။ လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ကာလအတွင်း ကာတွန်းရုပ်ရှင် ကြည့်ရှုမှု အကြိမ်အရေအတွက် (၄၈၇,၀၀၀) ကြိမ်ရှိခဲ့ပြီး စုစုပေါင်း မြန်မာကျပ်ငွေ (၁.၄၆) သန်း ရန်ပုံငွေအဖြစ် ရရှိခဲ့ပါတယ်။ အများပြည်သူတွေအနေနဲ့လည်း ဒီလှုပ်ရှားမှုမှာ အသုံးပြုထားတဲ့ အွန်လိုင်းနဲ့ အွန်လိုင်းပြင်ပ ပိုစတာတွေမှာ ပါရှိတဲ့ QR ကုဒ်တစ်ခုကနေ KBZPay မိုဘိုင်း ပိုက်ဆံအိတ်သုံးပြီး အလှူငွေတွေ တိုက်ရိုက်လှူဒါန်းနိုင်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ KBZPay အသုံးပြုတဲ့ တိုက်ရိုက် လှူဒါန်းမှုတွေကနေ မြန်မာကျပ်ငွေ (၃.၇) သန်း ထပ်မံရရှိခဲ့ပြီး ဒီလှုပ်ရှားမှုကနေ ရန်ပုံငွေ စုစုပေါင်း မြန်မာကျပ်ငွေ (၅.၂) သန်း ရှာဖွေပေးနိုင်ခဲ့ပါတယ်။
 
"အမျိုးသားတွေရော အမျိုးသမီးတွေရော၊ ယောက်ျားလေးတွေ၊ မိန်းကလေးတွေ အားလုံးအတွက် မခွဲခြားတဲ့ ပညာရေးစနစ်၊ မိသားစုပုံစံ၊ လူမှုပုံစံသွင်းမှုတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းတွေကို ကျွန်မတို့အားလုံး အတူတကွ ဖန်တီးပေးနိုင်မယ်ဆိုရင် ခွဲခြားဆက်ဆံမှုကင်းတဲ့၊ ဖိနှိပ်မှု မရှိတဲ့၊ အကြမ်းဖက်မှုတွေ ကင်းစင်တဲ့ ငြိမ်းချမ်းတဲ့ ဒီကမ္ဘာကြီးမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အတူတကွ ချစ်ချစ်ခင်ခင် နားလည်မှုရှိစွာနဲ့ နေထိုင်အသက်ရှင် နိုင်ကြလိမ့်မယ်၊ လူ့အခွင့်အရေးနဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ်ရှိသောဘဝကို ပိုင်ဆိုင်နိုင်ကြလိမ့်မယ်လို့ ကျွန်မတို့က မျှော်လင့်ပါတယ်” လို့ Gender Equality Network က ဒါရိုက်တာတစ်ဦးဖြစ်သူ မမေစံပယ်ဖြူက ပြောပါတယ်။

"ကျွန်မမလိုချင်တဲ့ ကျွန်မဘဝ ကာတွန်းရှပ်ရှင်လေးက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးလေးတွေ၊ ဒီအမျိုးသမီးလေးတွေနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကိုပါ ပေါ်လွင်အောင် ပြသပေးရုံသာမက ရုပ်ရှင်ကို ဝင်ကြည့်လိုက်တာနဲ့ ထိုင်ရာကမထဘဲနဲ့ ကူညီပြီးသားဖြစ်သွားမယ်ပေါ့နော်။ ဒါ့အပြင် ဒီလှုပ်ရှားမှုမှာ ပါဝင်အားဖြည့်တဲ့ စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ အဖွဲ့အစည်းအတွင်းက ဝန်ထမ်းတွေေ၊ ဝန်ထမ်းမိသားစုတွေ၊ ဝန်ထမ်းပတ်ဝန်းကျင်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာပါ ကျား၊ မ တန်းတူညီမျှရေးနဲ့ ပတ်သက်တဲ့ အသိတရားတွေ အများကြီးရသွားနိုင်တဲ့အတွက် အရမ်းကိုပဲ ကောင်းမွန်ပါတယ်" လို့ Business Coalition for Gender Equality (BCGE) ရဲ့ Country Director တစ်ဦးဖြစ်တဲ့ မကျော့ကေသီဝင်းက ပြောပါတယ်။ 
 
“ကျွန်တော်ဖန်တီးထားတဲ့ ဒီ “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးက "ကျွန်မတို့ လိုချင်သော ဘဝများဆီသို့" ဆိုတဲ့ campaign လေးနဲ့အတူ ကျား၊ မ တန်းတူညီမျှရေးနဲ့ ပတ်သက်တဲ့ အသိအမြင်တွေကို ပြည်တွင်းပြည်ပက လူကြီး၊ လူငယ်တွေ အများကြီးကို မျှဝေပေးနိုင်အပြင် သူတို့တွေ ပါဝင်အားဖြည့်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ သူတို့တွေရဲ့ ပါဝင်အားဖြည့်မှု တစ်စချင်းစီ၊ တစ်စချင်းစီက ဒီ ကျား၊ မ တန်းတူ မညီမျှမှုတွေ၊ လူ့အခွင့်အရေးဆုံးရှုံးမှုတွေကြောင့် ဒုက္ခရောက်နေသူတွေရဲ့ တစ်ဘဝချင်းစီ၊ တစ်ဘဝချင်းစီအတွက် အထောက်အကူ အများကြီး ဖြစ်ပါတယ်" လို့ “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ကာတွန်းရုပ်ရှင်တိုရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ကန်ပိမ်းဦးဆောင်သူဖြစ်တဲ့ ကိုဉာဏ်ကျယ်စေက ပြောပါတယ်။
 
“ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှုအတွက် KBZPay ကနေ ရန်ပုံငွေရရှိအောင် ပံ့ပိုးပေးတာအပြင် ကမ္ဘောဇဘဏ်က Main Sponsor အဖြစ် ငွေကျပ် သိန်း (၂၀၀) မတည်ထောက်ပံ့ခဲ့ပါတယ်။ အခုလို ပါဝင်ပံ့ပိုးမှုကို ကမ္ဘောဇဘဏ်ရဲ့ လူမှုရှေးရှုမဏ္ဍိုင် (၃) ချက်ထဲက တစ်ချက်ဖြစ်တဲ့ “မတူကွဲပြားသူများအားလုံး စုပေါင်းပါဝင်နိုင်သည့် လူမှုဝန်းကျင်နှင့် လုပ်ငန်းခွင်များ ဖော်ဆောင်နိုင်ရေး” ဆိုတဲ့ အချက်နဲ့အညီ ဘဏ်မှာ အသစ်ဖွဲ့စည်းထားတဲ့ Social Purpose and Impact Partnerships အဖွဲ့က လေ့လာအကဲဖြတ် ထောက်ခံပေးခဲ့ပါတယ်။
 
“ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှုကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အမျိုးသမီးတွေနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း (၂) ခုရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ဖြစ်စေဖို့ ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်။
 
မွန်ပြည်နယ်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “မိ” က လက်ခံရရှိတဲ့ ရန်ပုံငွေတွေကို လိင်အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လူကုန်ကူးမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေကို အစားအစာတွေ၊ နေစရာတွေ၊ အကြံပေး ဆွေးနွေးမှုတွေ၊ ဥပဒေအကြံပေးမှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ “မိ” အဖွဲ့အစည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်တွေကိုပါ ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ "NeT" ကတော့ အကူအညီလိုအပ်နေတဲ့ အမျိုးသမီးတွေ၊ လိင်အကြမ်းမှုခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ မသန်စွမ်းသူတွေ၊ စိတ်ကျန်းမာရေး ဝေဒနာရှင်တွေကို ပံ့ပိုးနေတဲ့ လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေတွေကို အသုံးပြုသွားမှာပါ။ အခုလို ကူညီပံ့ပိုးပေးတဲ့လုပ်ငန်းစဉ်တွေမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ဥပဒေဆိုင်ရာ အကူအညီပေးတာ၊ အမျိုးသမီးတွေအတွက် ခိုလှုံနိုင်တဲ့ ဂေဟာတစ်ခု ထားရှိပေးတာတွေနဲ့ တောရွာတွေက အမျိုးသမီးတွေကို ကျန်းမာရေးနဲ့ နေထိုင်စားသောက်ရေးအတွက် အသိပညာပေး သင်တန်းပေးတာ စတာတွေ ပါဝင်ပါတယ်။
 
“ကျွန်မတို့ ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံကို အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ လူမှုအသိုင်းအဝိုင်းရဲ့ နယ်ပယ်အားလုံးမှာ တန်းတူညီမျှစွာ ပါဝင်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် တတ်နိုင်တဲ့ဘက်ကနေ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ အခုလိုမျိုး အမျိုးသမီးတွေအတွက် တိုက်ရိုက်အကျိုးပြုနိုင်ပြီး မတူကွဲပြားသူတွေအားလုံး စုပေါင်းပါဝင်နိုင်တဲ့ လူမှုဝန်းကျင်နဲ့ လုပ်ငန်းခွင်တွေ ဖော်ဆောင်နိုင်တဲ့ လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ပေးတာက သိသာထင်ရှားတဲ့ အကျိုးဆက်တွေ ဖန်တီးနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက ကျွန်မတို့ ကမ္ဘောဇဘဏ် ဝန်ထမ်းပေါင်း (၁၈,၀၀၀) ကျော်မှာ အမျိုးသမီးဝန်ထမ်းဦးရေဟာ (၆၈%) ရှိတယ်ဆိုတဲ့ အချက်ကလည်း ပိုပြီး သိသာထင်ရှားတဲ့ ဥပမာတစ်ခု ဖြစ်မှာပါ” လို့ ကမ္ဘောဇဘဏ်၊ SPIP Committee ရဲ့ ဥက္ကဋ္ဌ မမီရှဲခမောင်းက ပြောပါတယ်။
 
ကျွန်မမလိုချင်တဲ့ ကျွန်မဘဝ ကာတွန်းရုပ်ရှင်တိုကို အစအဆုံးကို ကြည့်ရှုလိုရင်ဖြစ်စေ၊ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အသေးစိတ် ပိုပြီး လေ့လာချင်ရင်ဖြစ်စေ To Our Lives We Want Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/toourliveswewant မှာ ကြည့်ရှုနိုင်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly