ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရပ်ပြန်

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရပ်ပြန်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင် စစ်ရှောင်စခန်း (ဓာတ်ပုံ - AFP)

နိုဝင်ဘာ ၂၂၊ ၂၀၂၀

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် သုံးထောင်ကျော် နေရပ်ပြန်နေကြပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်များ နေရပ်ပြန်ရာတွင် စိုက်ပျိုးထားဆဲ စပါးများ ရိတ်သိမ်းရန် ယာယီ နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်ဦးရေ သုံးသောင်းခန့်ရှိပြီး မိမိနေအိမ်သို့ အပြီးပြန်ကြသည့် စစ်ဘေးရှောင်ဦးရေမှာ သုံးထောင်ကျော်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်ဇော်ထွန်းက ပြောသည်။

“နေရပ်ပြန်နေကြသူတွေလည်း အနည်းငယ်ရှိတယ်။ အပြီးပြန်တာ မဟုတ်ဘဲ စပါးရိတ်သိမ်းရာသီ ဆိုတော့ စပါးရိတ်သိမ်းဖို့ ပြန်ကြသူတွေလည်း ရှိတယ်။ အပြီးပြန်တဲ့ လူတွေကတော့ နည်းတာပေါ့” ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

ယခု နေရပ်ပြန်နေကြသည့် စစ်ဘေးရှောင် အများစုမှာ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြသူများဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများမှာ စိုက်ပျိုးထားဆဲ စပါးများကို ရိတ်သိမ်းရန်အတွက်သာ ယာယီ နေအိမ်ပြန်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူ ဒေါ်ဦးမြင့်နွယ်က လတ်တလောတွင် အခြေအနေပေါ် မှုတည်ကာ နေရပ်ပြန်နေရခြင်းဖြစ်ပြီး တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောသည်။

“အိမ်ကိုလာပြီး သန့်ရှင်းရေး လုပ်နေကြတာပါ။ ကျေးရွာမှာ အခြေအနေကောင်းရင် စစ်ရှောင်စခန်းကို မပြန်ဘဲ အိမ်မှာပဲ အိပ်လိုက်ပါတယ်။ စစ်ရှောင်စခန်းမှာက ကျပ်ကျပ်တည်းတည်းနဲ့ နေရတော့ အဆင်မပြေဘူး။ အိမ်အပြီး ပြန်ကြတာတော့ မဟုတ်ဘူး။ အဓိကတော့ တိုက်ပွဲမဖြစ်မှာဘဲ မျှော်လင့်တယ်” ဟု ဒေါ်ဦးမြင့်နွယ်က ပြောသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်နေသည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ရခိုင့်တပ် AA က နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာတွင် လိုအပ်သည့် ဒေသတည်ငြိမ်မှု အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ဖြင့် ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

ထိုသို့ ရခိုင့်တပ် AA ၏ ထုတ်ပြန်ချက်အပေါ်  တပ်မတော်က ကြိုဆိုကြောင်းနှင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော်က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုသို့ နှစ်ဖက် ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးအတွက် အစပျိုးခြင်း ဖြစ်နိုင်သကဲ့သို့ ဒေသခံ လူထုအတွက်လည်း ဝမ်းသာဖွယ်ရာ ရလဒ်ကောင်းဖြစ်ကြောင်း မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ပေးနေသည့် ဆရာတော် အရှင် နန္ဒသာရက မိန့်သည်။

“အခုလိုမျိုးဆိုရင်တော့ ကောင်းတာပေါ့။ ဒါ အပေါင်းလက္ခဏာဆောင်တဲ့ သဘောပေါ့။ ဒီဟာကို အကြောင်းပြုပြီး‌တော့ တပ်မတော်နဲ့ AA ကြားထဲမှာ တခြားဟာတွေကို စတင်ပြီးတော့ လုပ်ဆောင်ဖို့အတွက် ဒီဟာက အစပျိုးတာတစ်ခုလည်း ဖြစ်နိုင်တာပေါ့။ အဲဒီလိုမျိုး ဖြစ်မယ်ဆိုရင်တော့ ပိုပြီးတော့ ဝမ်းသာစရာပါ။ ပိုပြီးတော့ အဆင်ပြေတာပေါ့” ဟု ဆရာတော် အရှင် နန္ဒသာရ မိန့်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ကာ အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံ နှစ်သိန်းကျော် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly