မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံသည်ဟု ကန့်ကွက်ခံနေရသည့် ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက် စာစီစာရိုက်အမှားအယွင်းဟု ပါတီတုံ့ပြန်

မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံသည်ဟု ကန့်ကွက်ခံနေရသည့် ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက် စာစီစာရိုက်အမှားအယွင်းဟု ပါတီတုံ့ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံသည်ဟု ကန့်ကွက်ခံနေရသည့် ပြည်ခိုင်ဖြိုးပါတီ (USDP) ၏ ထုတ်ပြန်ချက်ပါ အသုံးအနှုန်းရေးသားမှုများမှာ စာစီစာရိုက်အမှားအယွင်းကြောင့်သာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

ပါတီ၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ နိုဝင်ဘာလ ၁၁ ရက်နှင့် နိုဝင်ဘာလ ၁၂ ရက်တို့တွင် ထုတ်ပြန်သည့် သတင်းလွှာများတွင် “မသန်စွမ်း”ဟု ရေးရမည့်အစား “မသန်မစွမ်း” ဟု ရေးသားခဲ့သည့်အပြင် “စစ္စရံကျေးရွာ၌ စာမတတ်သူ စကားမပြောတတ်သူ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင်အား ဆန္ဒမဲပေးခွင့်ပြုခြင်း” ကို ကန့်ကွက်ကြောင်းရေးသားခဲ့သည်။

ထိုသို့ ရေးသားဖော်ပြမိခဲ့သည့် အသုံးအနှုန်းအားလုံးမှာ  စာစီစာရိုက်အမှားကြောင့်သာဖြစ်ပြီး “စစ္စရံကျေးရွာ၌ စာမတတ်သူ စကားမပြောတတ်သူ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင်အား ဆန္ဒမဲပေးခွင့်ပြုခြင်း” ကို ကန့်ကွက်ကြောင်းရေးသားခဲ့ရာတွင် “မဲရုံ”ဟူသော စာသားကျန်ခဲ့ခြင်းသာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပြီး မည့်သည့်နေရာတွင် ကျန်ခဲ့ခြင်းဖြစ်ကြောင်းကိုတော့ ၎င်းအနေဖြင့် မသိရှိရသေးကြောင်း မဇ္ဈိမကို ပြောသည်။

 “ဒါဟာ သဘောရိုးနဲ့ Typing Error မှားယွင်းသွားတာသာ ဖြစ်တယ်။ Typing Error ကြောင့်မလို့ စာလုံးကျကျန်နေခဲ့တာ ဖြစ်တယ်ဆိုတာ ရှင်းစေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုမှ စော်ကားလိုခြင်းမရှိပါဘူး” ဟု ၎င်းက ပြောသည်။

မသန်စွမ်းသူများသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ရွေးကောက်ပွဲဥပဒေအရသော်လည်းကောင်း နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်အတွက် ပြည်ခိုင်ဖြိုးပါတီက “စစ္စရံကျေးရွာ၌ စာမတတ်သူ စကားမပြောတတ်သူ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင်အား ဆန္ဒမဲပေးခွင့်ပြုခြင်း” ကို ကန့်ကွက်ကြောင်းရေးသားခဲ့ခြင်းသည် နားမကြားသူများ၏ နိုင်ငံသားအခွင့်အရေးများကို တားဆီးပိတ်ပင်သည့် အပြုအမူဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ အတိုင်ပင်ခံအရာရှိ ကိုနေလင်းစိုးက မဇ္ဈိမကို ပြောသည်။

“မသန်စွမ်းတဲ့သူတွေ မဲပေးပိုင်ခွင့်ကို အားပေးတဲ့ ဥပဒေတွေတောင် မသန်စွမ်းသူများအခွင့်အရေးဥပဒေမှာ ရှိတယ်။ ရွေးကောက်ပွဲကော်မရှင်ကနေလည်း မသန်စွမ်းတွေ မဲပေးဖို့ အများကြီးတိုက်တွန်းအားပေးတာ လုပ်နေတဲ့အချိန်မှာ မသန်စွမ်းတဲ့သူတွေ မဲပေးပိုင်ခွင့်ကို USDP ပါတီက ကန့်ကွက်ထားတာက ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲမဲပေးပိုင်ခွင့်ကို တားဆီးပိတ်ပင်လိုက်တာပဲ” ဟု ၎င်းက ပြောသည်။

မသန်စွမ်းအဖွဲ့အစည်းများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ သဘောထားကို ပြည်ခိုင်ဖြိုးပါတီဆီ ကန့်ကွက်အသိပေးစာများပေးပို့သွားမည်ဖြစ်ပြီး တရာဝင်တောင်းပန်ခြင်းမရှိပါက ယခုဖြစ်သွားသည့် အဖြစ်အပျက်ပေါ် လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန်နှင့် ရွေးကောက်ပွဲဥပဒေကို သွေဖယ်စေသည့် ကဏ္ဍများထပ်မံမဖြစ်ပေါ်စေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ကိုနေလင်းစိုးက ဆက်ပြောသည်။

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၁၁ ရက်စွဲဖြင့်ထုတ်ပြန်သည့် သတင်း လွှာစာမျက်နှာ(၃) စာပိုဒ်(၆)တွင် အစ္စရံကျေးရွာ၌ စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြား သူ ဒေါ်ဝင်းစန္ဒာခိုင်အား ဆန္ဒမဲ ပေးခွင့်ပြုခြင်းကို   ကန့်ကွက် ရေးသားထားသည့်အပြင် နိုဝင်ဘာ ၁၂ရက်ထုတ်  သတင်းလွှာ စာမျက်နှာ(၆)တွင်လည်း မသန်မစွမ်းသူဟု   ရေးသားခြင်းစသည့် မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံရေးသားသုံးနှုန်းခဲ့သည့် အချက်အလက်များကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တရားဝင်တောင်းပန်ရန် မသန်စွမ်းနှင့် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၉၅ ခုက နိုဝင်ဘာ ၁၄ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မဲရုံတာဝန် ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမ အများစုသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ ဖြစ်ပြီး ကြားနေမဖြစ်ဟု ပြောဆိုခဲ့သည့်အပေါ် တစ်နိုင်ငံလုံးမှ ဆရာ၊ ဆရာမများကို တောင်းပန်ကြောင်း ကြေညာချက်ပြန်လည်ထုတ်ပြန်ရာတွင် ကွန်ပြူတာသမားအမှားကြောင့်ဖြစ်ကြောင်း  ပြောကြားခဲ့သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly