NLD က ရွေးကောက်ပွဲ အောင်နိုင်သည့်အတွက် ချီးကျူး ဂုဏ်ပြုကြောင်း ဂျပန် ကိုယ်စားလှယ် ပြော 

NLD က ရွေးကောက်ပွဲ အောင်နိုင်သည့်အတွက် ချီးကျူး ဂုဏ်ပြုကြောင်း ဂျပန် ကိုယ်စားလှယ် ပြော 
ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး

နိုဝင်ဘာ ၁၁၊ ၂၀၂၀ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လူထုထောက်ခံမှု အများဆုံး ရရှိပြီး အောင်နိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုကြောင်း ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စတာ ဆာဆာကာဝါ ယိုဟဲအိက ပြောသည်။ 

နေပြည်တော်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဂျပန်နိုင်ငံ အစိုးရ၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်း ဖြစ်သူ မစ္စတာ ဆာဆာကာဝါ ယိုဟဲအိက ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။  

ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး

မစ္စတာ ဆာဆာကာဝါက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် COVID-19 ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စီမံထားပြီး လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ရ၍ အထူးပင် ဂုဏ်ပြုပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။  

ထို့အပြင် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးသည့် နောက်ပိုင်း ဂျပန်နိုင်ငံ အနေဖြင့် မြန်မာပြည်သူများ လူမှု-စီးပွား တိုးတက် မြင့်မားလာရေးအတွက် ဘက်စုံထောင့်စုံမှ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဂျပန်ကိုယ်စားလှယ်က ပြောသည်။ 

ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး

မစ္စတာ ဆာဆာကာဝါက ယခု ရွေးကောက်ပွဲတွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ပြီး စီမံခန့်ခွဲမှုများကို အထူးပင် စနစ်ကျစွာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်းနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက်လည်း စနစ်တကျ စီမံ ဆောင်ရွက်ထားကြောင်းလည်း ဆိုသည်။ 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဂျပန်က အပြည့်အဝ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် နယ်မြေဒေသများတွင် ငြိမ်းချမ်းရေး အသီးအပွင့်များ ရရှိခံစားနိုင်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်လျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန် အထူးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်ဟုလည်း သိရသည်။ 

ထို့အပြင် အသစ်ဖွဲ့စည်းမည့် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး အောင်မြင်စေရန် ကြိုးပမ်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်က ပြောခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly