အားပေးထောက်ခံသူများကို 'ဝမ်းနည်းစွာနဲ့ တောင်းပန်ပါတယ်' ဟု ဒေါက်တာ နန္ဒာလှမြင့် ပြောကြား

အားပေးထောက်ခံသူများကို 'ဝမ်းနည်းစွာနဲ့ တောင်းပန်ပါတယ်' ဟု ဒေါက်တာ နန္ဒာလှမြင့် ပြောကြား

နိုတင်ဘာ ၁၀ ၊ ၂၀၂၀

နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရသည့်အတွက် သူ၏ လုပ်ဖော်ကိုင်ဘက်များနှင့် အားပေးထောက်ခံသူများကို တောင်းပန်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က သူ၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျွန်တော်နဲ့အတူ သုံးလနီးပါး နေ့မအား ညမနား ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီဝင် မဟုတ်သော်လည်း မေတ္တာဖြင့် ဝန်းရံကူညီပေးခဲ့ကြတဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်များ၊ ညီငယ် ညီမငယ်များ အာလုံးကို လေးနက်စွာဖြင့် ကျေးဇူးအထူး တင်ရှိပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်ကို ရရှိအောင် မဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဝမ်းနည်းစွာနဲ့တောင်းပန်ပါတယ်” ဟု ဒေါက်တာ နန္ဒာလှမြင့်က ရေးထားသည်။

ပြည်ခိုင်ဖြိုးတွင် မျိုးဆက်သစ် တစ်ဦးဖြစ်သော ဒေါက်တာ နန္ဒာလှမြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကလောမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ထောက်ခံမဲ ၃၀,၀၀၀ ကျော် ရသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်း ဒေါ်ပြုံးကေသီနိုင်က ၇၈,၅၀၀ ကျော် ဖြင့် မဲအသာရရှိသွားခဲ့သည်။

“အနိုင်ရရှိသွားကြသော ကိုယ်စားလှယ်များ အားလုံးကိုလည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဒေါက်တာ နန္ဒလှမြင့်က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required