နိုက်ကလပ်တွင် အဖမ်းခံရသူများထဲ စစ်ဘက်အရာရှိဟောင်း သားသမီးများနှင့် နိုင်ငံခြားသားတချို့ ပါဝင် 

နိုက်ကလပ်တွင် အဖမ်းခံရသူများထဲ စစ်ဘက်အရာရှိဟောင်း သားသမီးများနှင့် နိုင်ငံခြားသားတချို့ ပါဝင် 
The Myst Bar ကို နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- သူရ/မဇ္ဈိမ )

နိုဝင်ဘာ ၇၊ ၂၀၂၀ 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် တရားမဝင် ဖွင့်လှစ်နေသည့် နိုက်ကလပ်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ စစ်ဖက်အရာရှိဟောင်း သားသမီးအများစုနှင့် နိုင်ငံခြားသားတချို့ အဖမ်းခံရကြောင်း သိရသည်။ 

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း (၁) တွင် ကိုဗစ်ကာလအတွင်း တရားမဝင် ဖွင့်လှစ်နေသည့် The Myst Bar & Lounge Yangon နိုက်ကလပ်ကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ရန်ကုန် တိုင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ ၈၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။  

“အဓိကတော့ ဗိုလ်ချုပ်သားသမီးတွေ၊ ဘာတွေညာတွေလည်း ပါတာပေါ့။ ဟိုဖက်ခေတ်က (စစ်ဘက်အရာရှိဟောင်း) သားသမီးတွေ ပါတယ်ဗျ။ အများစု။ ပြောမယ်ဆိုရင်တော့ အရင်ခေတ်က လူကြီးသားသမီးတွေ တော်တော်များများ ပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူး။ အကုန်လုံး တရားစွဲခံထားရပြီ” ဟု ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ် ဦးထွန်းမြင့်က မဇ္ဈိမကို ပြောသည်။ 

၎င်းက ဆက်လက်၍ “လူကြီးသားသမီး တော်တော်များများ ပါတယ်။ နောက်ပြီး အခုအချိန်ထိ တက္ကသိုလ်ရိပ်သာလမ်းရဲ့ လမ်းဘေး ဝဲ၊ ယာမှာ အဲဒီကိုလာတဲ့ ကားအကောင်းစားတွေ အခုထိ ရပ်ထားဆဲ ရှိနေတယ်” ဟု ပြောသည်။  

အဆိုပါ ဖမ်းဆီးခံရသည့် လူ ၈၀ ကျော်တွင် လာရောက် နိုက်ကလပ် တက်သူများအပြင် ဆိုင်ဝန်ထမ်းများလည်း ပါဝင်ပြီး ၎င်းတို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် ဗဟန်းမြို့မရဲစခန်းတွင် ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။  

ဖမ်းဆီးခံရသူများထဲတွင် ပါဝင်သည့် နိုင်ငံခြားသားများနှင့် ပတ်သက်၍ မည်သည့်နိုင်ငံသားနှင့် လူဦးရေမည်မျှ ဆိုသည်ကို မသိရှိကြောင်း ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။   

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟန်းမြို့မ ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ The Myst Bar & Lounge Yangon နိုက်ကလပ်ကို ဝင်ရောက်ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး အသေးစိတ် ပြောပြ၍ မရကြောင်း ပြန်လည် ဖြေကြားခဲ့သည်။  

မဇ္ဈိမက စုံစမ်းသိရှိချက်အရ The Myst Bar & Lounge Yangon နိုက်ကလပ်၏ ဆိုင်မန်နေဂျာနှစ်ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားပြီး တခြားသူများကိုမှု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (ဃ) ဖြင့် အသီးသီး အမှုဖွင့်ထားကြောင်း သိရှိရသည်။  

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းမြို့နယ် မှလွဲ၍ ကျန်မြို့နယ်များ အားလုံးတွင် ကိုဗစ် ကပ်ရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မလိုအပ်ဘဲ အိမ်ပြင် မထွက်ရဆိုသည့် Stay at Home အမိန့်ကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသည်။  

ယင်းအပြင် ရုပ်ရှင်ရုံများ၊ သီချင်းဆို ဖျော်ဖြေရေး KTV ဆိုင်များနှင့် Night Club Bar များကို ကိုဗစ်ရောဂါ စတင်ကူးစက်ခံရသည့် ပထမလှိုင်းမှစတင်ကာ လက်ရှိအချိန် ပိတ်သိမ်းထားရန် အစိုးရက အမိန့်ထုတ်ပြန်ထားပြီး မလိုက်နာပါက တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required