၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (မွန်ပြည်နယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (မွန်ပြည်နယ်)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လမ်းတွင် သွားလာနေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

မွန်ပြည်နယ်

မွန်ပြည်နယ်ရှိ လူဦးရေ         = ၂၀၅၄၃၉၃ ဦး

ရွေးကာက်ခံနေရာနှင့် ၂၀၁၅ မဲရလဒ်
ရွေးကောက်ခံနေရာ         = ၄၅ နေရာ

  • •    ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ
  •          အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၁၀ နေရာ။
  • •    အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၁၁ နေရာ၊ မွန်အမျိုးသားပါတီ တစ်နေရာ။    
  • •    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာ
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၆ နေရာ၊ မွန်အမျိုးသားပါတီ နှစ်နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တစ်နေရာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တစ်နေရာ။
  •    
  • •    တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၃ နေရာ
  •         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သုံးနေရာ။

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများ

   မွန်ပြည်နယ်အတွင်း အကြိတ်အနယ်ယှဉ်ပြိုင်ကြရမည့်ပါတီများမှာ -

  • -     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊
  • -    မွန်ညီညွတ်ရေးပါတီ၊
  • -    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊
  • -    ပြည်သူ့ပါတီ၊
  • -    ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊
  • -    အမျိုးသားတိုးတက်ရေးပါတီ၊
  • -    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
  • -    ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊
  • -    အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊
  • -    ကရင်ပြည်သူ့ပါတီ၊
  • -    ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊
  • -    ပြည်သူ့ရှေ့ဆောင်ပါတီ၊
  • -    ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊
  • -    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊
  • -     ဗမာပြည်သူ့ပါတီ၊

အားကောင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်မည့်ပါတီများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ။
 
  ၂၀၁၅ နောက်ပိုင်းပေါင်းစည်းခဲ့သည့် မွန်ပါတီများ -
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ + မွန်အမျိုးသားပါတီ = မွန်ညီညွတ်ရေးပါတီ

မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ရှိပြီး ရွေးကောက်ခံနေရာ ၄၅ နေရာ ရှိပါသည်။
(ကျိုက်မရော၊ မုဒုံ၊ ချောင်းဆုံ၊ မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ပေါင်၊ ဘီးလင်း၊ သထုံ။)  

လွှမ်းခြုံအမြင်

မွန်ပြည်နယ်သည် မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးအနည်းဆုံး လေးခုနေထိုင်သည့်ဒေသဖြစ်သည်။ ပအိုဝ်၊ ကရင်၊ မွန်၊ ဗမာလူမျိုးများနေထိုင်ကြပြီး၊ မွတ်စလင်များလည်းနေထိုင် ကြသည်။ ထို့ကြောင့် မွန်ပြည်နယ် ပြည်နယ်မဲဆန္ဒနယ် ၂၀ ခုရှိသည့်အနက် မဲကွဲမှုလည်းရှိသည်။ မွန်ပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီး သုံးနေရာရှိသည်။ မွန်ပြည်နယ်လွှတ်တော်တစ်ခုလုံးတွင် ထိုင်ခုံ ၃၁ ခုံရှိသည့်အနက် ရှစ်ခုံ (၂၅ %) သည် တပ်မတော်သားအစုအဖွဲ့ ဖြစ်သည်။ ၎င်းတို့မှာ ရွေးချယ်ခံများမဟုတ်ကြပါ။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထိုင်ခုံအများစုကို ပြည်နယ်လွှတ်တော်နှင့် ပြည် ထောင်စုလွှတ်တော်နှစ်ရပ်လုံးတွင် အများဆုံးအနိုင်ရခဲ့သည်။ ပြည်နယ်တွင် ၁၉ ခုံအထိ အများဆုံးရရှိခဲ့ပြီး မွန်ပါတီက နှစ်နေရာသာ အနိုင်ရခဲ့သည်။ သို့သော် မွန်နိုင်ငံရေးအလှည့်အပြောင်းက ၂၀၁၇ တွင်စသည်ဟုဆိုနိုင်သည်။  NLD ပါတီထဲက ခန့်အပ်လိုက်သည့် ပထမဆုံး မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှုတ်ထွက်တာအစ၊ ၂၀၁၇ ခုနှစ်တွင် မွန်လူထုဆန္ဒကို ဆန့်ကျင်ပြီး ချောင်းဆုံ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းပေးရာကနေ မွန်ပြည်နယ်တွင် NLD ၏ ရေပန်းစားမှု တဖြည်းဖြည်းကျဆင်းခဲ့သည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်NLD ပါတီသည် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်ကို လက်လွှတ်လိုက်ရသည်။  

သို့သော်လည်း ယခုရွေးကောက်ပွဲတွင် NLD ပါတီက အများစုအနိုင်ရရှိမည်ဟု သုံးသပ်ကြပါသည်။ ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ချက်ရာတွင် မွန်ပြည်နယ်တွင် နေထိုင်ကြသည့် မြို့နယ်အလိုက်လူဦးရေအချိုးအစားကိုလည်းထည့် တွက်ကြပါသည်။ ဥပမာအားဖြင့် မွန်လူမျိုးအများစုနေထိုင်သော ရေး၊ သံဖြူဇရပ်၊ ကျိုက်မရော၊ မုဒုံ မြို့
နယ်များတွင် ဒေသခံ မွန်ပါတီ (MUP) က အနိုင်ရနိုင်ခြေများပြီး၊ မော်လမြိုင်၊ သထုံ၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထို၊ ချောင်းဆုံမြို့နယ်များတွင် NLD အနိုင်ရနိုင်ခြေများကြောင်းခန့်မှန်းကြသည်။

မွန်လွှတ်တော်ကို အပြီးတိုင်ထိန်းချုပ်နိုင်ခဲ့သော NLD ပါတီသည် ထိုင်ခုံအချို့စွန့်လွှတ်ရမည့်အချက်မှာ ငြင်းချက်ထုတ်ဖွယ်ရာမရှိပါ။ အထူးသဖြင့် MUP/ NLD/ USDP တို့ကြားပြိုင်ဆိုင်မှုပြင်းမည့် မြို့နယ်အချို့ကို မွန်နိုင်ငံရေးလေ့လာသူများက ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင် သုံးမြို့နယ်ဟု မှတ်ချက်ပြကြပါသည်။

ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်ဒုလွှတ်တော်ဥက္ကဌဖြစ်သော ဦးအောင်နိုင်ဦးက မွန်ညီညွတ်ရေးပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး၊ ၎င်း၏ ပြိုင်ဖက်မှာလည်း NLD ပါတီက ခန့်အပ်ထားသော စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်ဖြစ်သည်။ ပေါင်မြို့နယ်တွင်လည်း ၂၀၁၅ တုန်းက NLD ပါတီနိုင်ခဲ့သည်။ သို့သော် ယင်းချိန်တုန်းက မွန်နှစ်ပါတီကွဲသွား၍ မဲကွဲပြီး NLD ပါတီအနိုင်ရခဲ့ခြင်းဖြစ်ပြီး၊ ယခု ၂၀၂၀ တွင် နှစ်ပါတီပေါင်းစည်း ထား၍ NLD အတွက် အနိုင်ရရန် ပိုခက်ခဲနိုင်သည်။ ကျိုက်မရောမြို့နယ်တွင် လူမျိုးပေါင်းစုံနေထိုင်သောကြောင့် အသာစီးရနိုင်သည့် မဲကို ခန့်မှန်းရခက်သည်။ သထုံမြို့နယ်သည် ပအိုဝ်တိုင်းရင်းသားများ အားကောင်းရာနေ ရာဖြစ်သဖြင့် ပအိုဝ်ပါတီ သို့မဟုတ် ပါတီကြီးများ အနိုင်ရနိုင်ခြေများကြောင်း သုံးသပ်ကြသည်။

အကယ်၍ မွန်ပါတီက ပြည်နယ်လွှတ်တော် ရှစ်နေရာ အနိုင်ရရှိပြီး၊ ကြံ့ခိုင်ရေး သို့မဟုတ် တိုင်းရင်းသားပါတီငယ် နှစ်ခုကထိုင်ခုံတစ်နေရာစီရသည်ဆိုလျှင် သုံးခုပေါင်း ၁၀ နေရာအထိ ရှိလာနိုင်သည်။ ထို့ကြောင့် NLD ပါတီက သာလွန်အရေအတွက်ဖြင့် ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်နိုင်မည်ဟု မှတ်ယူဖို့ခက်သည်။ အကြောင်းက လွှတ်တော်တွင် ၂၅ % ယူထားသော တပ်မတော်သားအစုအဖွဲ့က ရှစ်နေရာ ယူထားခြင်းကြောင့်ဖြစ်၏။ ထို့ကြောင့်လွှတ်တော် ဥက္ကဌကို ကိုယ်စားလှယ်လောင်းများက ရွေးချယ်တင်မြှောက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍသည် ပိုမိုကြီးထွားလာမည်မှာ ဧကန်မုချဖြစ်သည်။ သဘောက တပ်မတော်၏ ပူးပေါင်းမှုမရှိဘဲ၊ မည်သည့်အစုအဖွဲ့မှ လွှတ်တော်ဥက္ကဌကို သာလွန်အင်အားဖြင့် မဲပေးခန့်ထားနိုင်မယ့်ပုံမပေါ်ချေ။  

“မွန်ပြည်နယ်တွင် လူဦးရေ နှစ်သန်းကျော် နေထိုင်လျှက်ရှိပြီး မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းလူမျိုးများနေထိုင်ကြသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တစ်ခုလုံး၌ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော်နေရာ ၂၀ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၃ နေရာတို့အတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၃၇ နေရာအထိအနိုင်ရရှိခဲ့ပြီး အားအကောင်းဆုံးအဖြစ်ရပ်တည်ခဲ့သည်။ မွန်တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် မွန်အမျိုးသားပါတီမှ သုံးနေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တစ်နေရာ အနိုင်ရရှိခဲ့ပြီး ထိုပါတီနှစ်ခုသည် မွန်ညီညွတ်ရေးပါတီအဖြစ်ပူးပေါင်းလိုက်သည့်အတွက် အထူးသဖြင့် မွန်လူမျိုးများ အများစုနေထိုင်သည့် ရေး၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ် စသည့်ဒေသများတွင် အားကောင်းလာ၍ နေရာတော်တော်များများ အနိုင်ရလာနိုင် ကြောင်း တွေ့ရပေသည်။၂၀၂၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားပါတီများအနေဖြင့် “အလားအလာကောင်းပြီး မျှော်လင့်နိုင်သည့်နေရာ ၁၂ နေရာခန့်ရှိကြောင်း တကောင်းနိုင်ငံရေးလေ့လာမှု၏ တိုင်းရင်းသားနိုင်ငံ ရေးပါတီများ သုတေသနစာတမ်းတွင် ဖော်ပြထားပေသည်။” လက်ရှိ မဲဆွယ်စည်းရုံးမှု အခြေအနေများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံသူများအားကောင်းလျှက်ရှိကြောင်းတွေ့ရသော်လည်း ၂၀၁၅ အနိုင်ရနေရာများအောက် လျော့ကျသွားနိုင်ကြောင်း ဒေသခံတက်ကြွလှုပ်ရှားသူများက သုံးသပ်ကြသည်။”  

ပြည်နယ်မဲရလာဒ်ခန့်မှန်းရန်အတွက်
ဦးစိုင်းမြင့်သူ (နိုင်ငံရေး အရည်အသွေးမြှင့်တင်သည့် အစီအစဉ်များတွင် ဆွေးနွေးသူ) နှင့်
ကိုကြည်ဇော်လွင် (ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ) - မော်လမြိုင်မြို့ တို့ကိုဖိတ်ခေါ်ထားပါတယ်။

ကိုကြည်ဇော်လွင်
  ကျိုက်ထို
“NLD ပါတီက လက်ရှိဝန်ကြီးချုပ်ဖြစ်သူလည်း ပြိုင်မယ်၊ နောက် ပါတီရဲ့ ပြည်နယ် ဉက္ကဌဖြစ်သူလည်း ဝင်ပြိုင်ကြမယ်၊ နောက် အာဏာရပါတီရဲ့ အင်အားကောင်းတဲ့ဒေသလည်း ဖြစ်တော့ NLD အနေနဲ့ ရာနှုန်းပြည့်နိုင်ဖို့ အနေအထားရှိတဲ့သဘောရှိတယ်။ အခြားသောလူမျိုးစုပါတီတွေ ဝင်ပြိုင်ကြမယ်ဆိုပေမယ့် သူတို့မှာက အားနည်းချက်တွေရှိနေတယ်။”

“အထူးသဖြင့် မွန်လူမျိုးတွေ အများစုနေထိုင်တဲ့ ရေး၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်လိုနေရာမျိုးတွေမှာကြတော့ NLD အနေနဲ့ ၂၀၁၅ မှာတော်တော်နိုင်ခဲ့တယ်ဆိုပေမယ့် ခုအချိန်မှာတော့ မွန်ပါတီရဲ့အင်အားကတော်တော်ကောင်းလာ တယ်၊ ထောက်ခံမှုလည်းတော်တော်မြင့်လာတယ်ဆိုတော့ ဒီပါတီနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက တော်တော်လေးပြင်းထန်နိုင်ပါတယ်။”

ဦးစိုင်းမြင့်သူ

   ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ပေါင်မြို့နယ်
" မွန် ၁ အနေနဲ့ကတော့ သထုံခရိုင်ဘက်မှာ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ် လေးမြို့နယ်လုံးမှာတော့ NLD အဖွဲ့ချုပ်က နိုင်ဖို့ အလားအလာများတယ်ပေါ့။ "
     အာဏာရပါတီအတွက် အားကောင်းရာနယ်မြေများ
ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်

     မွန်ညီညွတ်ရေးပါတီအတွက် အားကောင်းရာနယ်မြေများ
ရေး၊ ကျိုက်မရော၊ ချောင်းဆုံ

ကိုကြည်ဇော်လွင်  

 အာဏာရပါတီရာနှုန်းပြည့်နိုင်ဖို့မလွယ်တော့တဲ့ ပေါင်
“၂၀၁၅ တုန်းက NLD ကအပြည့်အဝနိုင်ခဲ့တယ်။ အဲ့ဒီနေရာမှာက မွန်လူမျိုးတွေအများဆုံးနေထိုင်ရာ နေရာဖြစ်တယ်ပေါ့နော် နောက်ပြီး မွန်ပါတီတွေကလည်း ပေါင်းစည်းထားတာတွေ့ရတယ် အရှိန်အဟုန်နဲ့လည်း မဲဆွယ်တာတွေမြင်ရတယ်၊ သူ့ကို ထောက်ခံသူတွေလည်း မြင့်တက်လာတဲ့အခါကျတော့ NLDပါတီနဲ့ မွန်ပါတီတွေ အဓိကပြိုင်ရမယ့်သဘောရှိတယ်။ ပြီးတော့ ပြည်ခိုင်ဖြိုးပါတီကလည်း အားကောင်းတဲ့အခါကျတော့ သူတို့ သုံးခု ပြိုင်ရမယ်ပေါ့နော်၊ အာဏာရပါတီအနေနဲ့တော့ ရာနှိုင်းပြည့် အပြည့်အဝနိုင်ဖို့ မလွယ်တော့ပါဘူး။”

ဦးစိုင်းမြင့်သူ
  ကျိုက်မရောမှာ ပြည်ခိုင်ဖြိုးနဲ့ မွန်ညီညွတ်ရေးပါတီမျှသွားနိုင်
“(ပြည်နယ်လွတ်တော်အဆင့်မှာ) အခုက ကျိုက်မရောမှာက လွှတ်တော်ကိုယ်စားလှယ်ကပဲ ပြန်ပြိုင်ဖို့ စာရင်းတွေတွေ့ရတယ်။ တွေ့ရတော့ ကျိုက်မရောမှာက ပြည်ခိုင်ဖြိုးနဲ့ မွန်ညီညွတ်ရေးပါတီနဲ့ မျှပြီး တစ်ဝက်စီ နိုင်သွားချင် နိုင်သွားနိုင်တယ်။ NLD အဖွဲ့ချုပ်က အလားအလာမကောင်းနိုင်ဘူးလည်း ဖြစ်သွားနိုင်တယ်။ ကျိုက်မရောနှစ်ယောက်လုံးက ပြည်ခိုင်ဖြိုးနဲ့ မွန်ညီညွတ် ရေးနဲ့ပဲခွဲယူသွားနိုင်တယ်။ သို့မဟုတ် မွန်ညီညွတ်ရေး နှစ်ယောက်လုံးလည်း ဖြစ်သွားနိုင်တယ်။ သို့မဟုတ် မွန်ညီညွတ်ရေးတစ်ယောက် NLD တစ်ယောက်ဖြစ်သွားနိုင်တယ်။

ကိုကြည်ဇော်လွင်
   NLD နိုင်ချေများတဲ့ သထုံ
    “ရွေးကောက်ပွဲမှာ ပါတီတွေအများဆုံးဝင်ပြိုင်တဲ့ သထုံမြို့နယ်မှာတော့ ၂၀၁၀ မှာ ပြည်ခိုင်ဖြိုးနဲ့ တစညနိုင်ခဲ့တယ်၊ ၂၀၁၅ မှာ NLD ကအကုန်လုံးနိုင်ခဲ့တယ်။ အာဏာရပါတီရဲ့ ဒီ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်ရွေးချယ်တဲ့နေရာမှာ သထုံမှာ ခြေစွမ်းပြနေတဲ့ ကိုယ်စားလှယ်တွေ ကျန်နေခဲ့တာတွေ့ရတယ်။အဲ့တော့ NLD ပါတီအနေနဲ့ အားနည်းနိုင်တယ်။ ကရင်ပြည်သူ့ပါတီနဲ့ ပအို့အမျိုးသားအဖွဲ့ချုပ်က မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲဝင်တဲ့အတွက် NLD နဲ့ပြိုင်ဆိုင်မှုက အကြိတ်အနယ်ဖြစ်နိုင်တယ်။ပြည်သူ့ကောင်းကျိုးဆောင်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အားကလည်း မနည်းဘူးပေါ့နော်။ ဒါပေမယ့်နိုင်ချေများနိုင်တာကတော့ NLD ပေါ့နော် ပြီးတော့ တိုင်းရင်းသားပါတီတွေက ၂ နေရာလောက်တော့နိုင်ချေရှိမယ်။”

ဦးစိုင်းမြင့်သူ
  မွန်ညီညွတ်ရေးပါတီအတွက် ရေး

" ရေးကတော့ အခု NLD အဖွဲ့ချုပ်က ပြန်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကြည့်တော့ ကျွန်တော်ထင်တာ တစ်ဝက် တစ်ဝက်တောင် အခြေအနေကောင်းဖို့ သိပ်မြင်ဘူး။ မွန်ညီညွတ်ရေးပါတီက ပြိုင်မယ့်သူတွေက တော်တော်လေးရပ်ရွာမှာ သြဇာတစ်စုံတစ်ရာရှိပြီတော့ လူထုလုပ်ငန်းတွေ အဆက်မပျက်လုပ်ထားတဲ့ လူထုအခြေပြု CSO အဖွဲ့တွေနဲ့လည်း တော်တော်လေးကို ဆက်ဆံရေးကော လုပ်ငန်းဆိုင်ရာတွေရော အားကောင်းတဲ့သူတွေဖြစ်တော့ ရေးကနှစ်နေရာစလုံးက မွန်ညီညွတ်ရေးက အားသာနိုင်တယ်။”

ကိုကြည်ဇော်လွင်
 ချောင်းဆုံ
“လွတ်တော်ဒုဉက္ကဌဖြစ်တဲ့ မွန်ပါတီက ကိုယ်စားလှယ်ရယ်၊ လက်ရှိပြည်နယ်အစိုးရရဲ့ စည်ပင်ဝန်ကြီးနဲ့က ပြိုင်ဘက်ဖြစ်နေတယ်။ ၂၀၁၅၊ ၂၀၁၇ ရွေးကောက်ပွဲရလဒ်အရ ချောင်းဆုံ မှာဆိုရင် ပြည်ခိုင်ဖြိုးလည်းအနိုင်ရထားတယ်၊ မွန်ပါတီလည်း အနိုင်ရထားတယ် NLD လည်းအနိုင်ရထားတယ်၊ ဘယ်ပါတီကနိုင်မယ်ဆိုတာတော့ ခန့်မှန်းဖို့ခက်လိမ့်မယ်၊ ၂၀၁၅ ထက်တော့ ဒီတစ်ခေါက်တော်တော်လေး အကြိတ်အနယ်ဖြစ်မယ်၊ မဲရလဒ်တွေ သိပ်ပြီးကွာမှာမဟုတ်ဘူး၊ တစ်မဲသာအနေအထားလောက်ဖြစ်လိမ့်မယ်။”

ဦးစိုင်းမြင့်သူ
  မွန်ညီညွတ်ရေးပါတီနဲ့ NLD အားပြိုင်ကြမယ့် မုဒုံ၊ ချောင်းဆုံ
" မုဒုံမှာကတော့ မွန်ညီညွတ်ရေးပါတီက တစ်ဝက် NLD က တစ်ဝက်ဖြစ်သွားနိုင်တယ်။ ချောင်းဆုံကလည်း မွန်ညီညွတ်ရေးပါတီ တစ်ဝက် NLD က တစ်ဝက်ဖြစ်သွားနိုင်တယ်။ သို့မဟုတ် မွန်ညီညွတ်ရေးပါတီနဲ့ ပြည်ခိုင်ဖြိုးနဲ့ မျှသွားနိုင်တယ်။"

ကိုကြည်ဇော်လွင်
   ဘီးလင်း
“၂၀၁၀ မှာ ပြည်ခိုင်ဖြိုးနိုင်ပြီးတော့ ၂၀၁၅ မှာ NLD ကနိုင်ထားတယ်။ မွန်ပြည်နယ်ရဲ့ လူမျိုးစု အင်အားကြီးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက ဘီးလင်းမှာ မပြိုင်ခဲ့တဲ့အခါကျတော့ ဘီးလင်းမှာတော့ NLD ရဲ့အားသာချက်က အများကြီးရှိသလိုဖြစ်တယ်ပေါ့။ ပအို့က ဘီးလင်းမှာပြိုင်တာရှိတယ်၊ ပြီးတော့ ပြည်သူ့ရှေ့ဆောင်ပါတီလည်းပြိုင်တာရှိတဲ့အခါကျတော့ အကြိတ်အနယ်တော့ဖြစ်ပေမယ့် NLD ပါတီကတော့ အားသာချက်ပိုများတာပေါ့နော်။”

ဦးစိုင်းမြင့်သူ
    မထင်မှတ်တာတွေဖြစ်တတ်တဲ့ သံဖြူဇရပ်
“၂၀၁၅ တုန်းကဆိုရင် အလွန်ဆုံး အဖွဲ့ချုပ်က နိုင်ရင် တစ်ယောက်လို့ တစ်ဝက် တစ်ဝက်ဆီလို့ထင်တာ အဖွဲ့ချုပ်က နှစ်ယောက်စလုံးနိုင်သွားတယ်။ အခုက မွန်ညီညွတ်ရေးပါတီက ပြိုင်မယ့် နှစ်ယောက်စလုံးက သူ့ရပ်သူ့ရွာမှာ well Organize ဖြစ်တဲ့သူတွေဆိုတော့ တော်တော်အကြိတ်အနယ်တော့ ဖြစ်မယ့်သဘောရှိတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly