ပထမဆုံး မဲပေးမည့်လူငယ် ၁၃၀၀ ကျော်ကို အခြေခံသည့် စစ်တမ်းက ၈၀ ရာခိုင်နှုန်းခန့် မဲပေးရန်ပြင်နေဟု ဖော်ပြ

ပထမဆုံး မဲပေးမည့်လူငယ် ၁၃၀၀ ကျော်ကို အခြေခံသည့် စစ်တမ်းက ၈၀ ရာခိုင်နှုန်းခန့် မဲပေးရန်ပြင်နေဟု ဖော်ပြ
ဓာတ်ပုံ - ရန်အောင်ထွန်း

နိုင်ဝင်ဘာ ၅၊ ၂၀၂၀

နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် လူငယ် ၇၉ ရာခိုင်နှုန်းက ဆန္ဒမဲပေးရန် ပြင်ဆင်နေပြီး ကိုး ရာခိုင်နှုန်းက မဲမပေးဟု ဖြေကာ ကျန်ရာခိုင်နှုန်းက မဲပေးရန် မသေချာဟု ဖြေဆိုကြောင်း လူငယ် ၁၃၄၀ ဦးကို အခြေခံ မေးမြန်းထားသည့် စစ်တမ်းတစ်ရပ်က ဖော်ပြသည်။  

လာမည့် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ပထမဆုံး မဲပေးခွင့်ရသူ (First-Time Voter) လူငယ် ငါးသန်း ရှိနေပြီး Friedrich Naumann Foundation Myanmar ၏ အကူအညီဖြင့် Myanmar Institute of Democracy (MID) က လူငယ်များကို နိုင်ငံရေးသတင်းများ ရယူဖတ်ရှုနေမှုအပေါ် မေးမြန်းထားသည့် စစ်တမ်းကို နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကို မဲပေးခွင့်ရမည့်လူငယ် ၄၁ ရာခိုင်နှုန်းက အလွန်အရေးကြီးသည်ဟု ဆိုကြပြီး နောက်ထပ် ၄၁ ရာခိုင်နှုန်းက အတော်အသင့် အရေးကြီးသည်ဟု ဖြေဆိုကြသည်။ မဲပေးမည့် လူငယ် ၂၆ ရာခိုင်နှုန်းက ကြိုက်နှစ်သက်သည့် နိုင်ငံရေးပါတီ ရှိပြီးသား ဖြစ်ကြောင်းလည်း ဖြေဆိုကြသည်။  

လူငယ်များ ဖတ်ရှုနေ၊ သတင်းရယူနေသည့် နိုင်ငံရေးသတင်းများကို မည်သည့်သတင်းဌာနများက မည်သို့ရရှိနေသည် ဆိုသောအချက်နှင့် ပတ်သက်၍ လူငယ်များ သတင်းအချက်အလက် သိနားလည်မှုတွင် လိုအပ်နေ သည်ကို အရေးကြီး တွေ့ရှိချက်တစ်ခုအဖြစ် စစ်တမ်းက ဖော်ပြသည်။

စစ်တမ်းဖြေကြားသည့် လူငယ် ထက်ဝက်ကျော်က Social Media ပေါ်တွင် မကြာခဏ နိုင်ငံရေးအကြောင်း ဖတ်ရှုနေကြသော်လည်း သတင်းများမှာ နိုင်ငံရေးအဖွဲ့အစည်းများ၊ သတင်းဌာနများ၏ တရားဝင် စာမျက်နှာ များမှ မဟုတ်ဘဲ တရားမဝင်သည့် ဆိုရှယ်မီဒီယာပေါ်ရှိ အကြောင်းအရာ ကိစ္စတစ်ရပ်ပေါ်တွင် လွှမ်းမိုးရန် ကြိုးစားသည့် ရည်ရွယ်ချက်တူ အုပ်စု (Interest group) များ၊ chat များမှ ဖတ်ရှုနေဟု သိရသည်။

အထူးသဖြင့် လူငယ်များအတွက် အရေးအကြီးဆုံး ကဏ္ဍဖြစ်သည့် သတင်း အရင်းအမြစ်ဖြစ်သော Social Media ကျွမ်းကျင်မှုနှင့် နားလည်တတ်မြောက်မှုကို မြှင့်တင်ရန် လိုအပ်သည်ကိုလည်း တွေ့ရသည်။  

သတင်းအချက်အလက် သိနားလည်မှုအပိုင်းတွင် လူငယ်အများစုမှာ အမှတ်ပြည့် ၁၅ မှတ်အနက် သုံးမှတ်နှင့် ခြောက်မှတ်အတွင်းသာ ရရှိပြီး သတင်းအချက်အလက် သိနားလည်မှုနှင့် ပတ်သက်၍ တစ်ဦးမျှ အမှတ်အများ ဆုံးဖြစ်သည့် ၁၂ မှတ်မှ ၁၅ မှတ်အတွင်း မရခဲ့ကြောင်း သိရသည်။ သတင်းအချက်အလက် သိနားလည်မှုတွင် ပြည်နယ်နှင့် တိုင်းများအကြား ကွာဟချက် မကြီးမားကြောင်းလည်း သိရသည်။

စစ်တမ်းဖြေကြားသူ လူငယ် သုံးပုံတစ်ပုံခန့် (၂၈ ရာခိုင်နှုန်း) က သတင်းမှား ဟုတ်၊ မဟုတ် ဂရုမစိုက်ဘဲ သတင်းများ ပြန်လည်ဝေမျှသည်ဟု ဖြေခြင်းက စိုးရိမ်စရာတစ်ခုဖြစ်ကြောင်း၊ လူငယ် ၂၈ ရာခိုင်နှုန်းက သတင်း အချက်အလက် စစ်ဆေးပြီး ၇၂ ရာခိုင်နှုန်းက သတင်းအချက်အလက် မစစ်ဆေးဘဲ နောက်ထပ် လူငယ် သုံးပုံတစ်ပုံကလည်း သတင်းများ တိကျခြင်း ရှိ၊ မရှိ အရေးမကြီးဟု ဖြေကြားကြောင်း သိရသည်။

Social Media ဟု ပြောလျှင် Facebook ကို လူငယ်များက အများဆုံး ညွှန်းကြသော်လည်း အများစုသည် Facebook အလုပ်လုပ်ပုံကို နားမလည်ကြကြောင်း၊ ဥပမာအားဖြင့် ဖြေကြားသူ သုံးပုံတစ်ပုံခန့် (၇၁ ရာခိုင်နှုန်း) က ၎င်းတို့ဖတ်ရှုနေသည့် နိုင်ငံရေးသတင်းများကို Facebook က ကြိုတင်စစ်ဆေးထားသည်ဟု ထင်နေကြောင်း၊ တစ်ရာခိုင်နှုန်းကသာ Facebook အသုံးမပြုဘဲနေကြောင်း စစ်တမ်းက ဖော်ပြသည်။

လွှတ်တော်သတင်းများ ဖတ်သော၊ အွန်လိုင်းရှိ တရားဝင်နိုင်ငံရေး ပါတီများကို follow လုပ်သော လူငယ်အရေအတွက်မှာ သိသိသာသာ လျော့နည်းနေသောကြောင့် အဖွဲ့အစည်းနိုင်ငံရေးတွင် လူငယ်များ မျက်ခြေပြတ် ကျန်နေကြောင်းလည်း စစ်တမ်းက သုံးသပ်ထားသည်။

ခြုံကြည့်လျှင် နိုင်ငံရေးပညာပေး၊ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားမှု၊ မီဒီယာအရည်အသွေး ကောင်းမွန်မှုတို့ကို ပါတီများ၊ မီဒီယာများက လူငယ်များအတွက် ရည်ရွယ်သည့် စိတ်ဝင်စားဖွယ် ကောင်းသည့် လုပ်ဆောင်ချက်များဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်းလည်း စစ်တမ်းက အကြံပြုသည်။

လူငယ်များအတွက် ရည်ရွယ်သည့် သတင်းအချက် အသိပညာပေး အလုပ်ရုံလေ့ကျင့်မှု အစီအစဉ်များ လိုအပ်ပြီး လူငယ်များကို ထိရောက်စွာ ပညာပေးနိုင်ရန်မှာ ပုံမှန်ပညာရေး အစီအစဉ်များတွင် မီဒီယာအသိပညာပေး အစီအစဉ်များကို တရားဝင် ထည့်သွင်းမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။  

လူငယ်များအတွက် ရည်ရွယ်သည့် သတင်းအချက်အလက် စစ်ဆေးသည့် အဖွဲ့များဖြင့် လူငယ်များ Facebook နှင့် အခြား Social media platform များတွင် မည်ကဲ့သို့သော သတင်းမှားများကို ရရှိနေကြောင်း ဆန်းစစ် နိုင်ကြောင်း၊ လူငယ်များ ဦးဆောင်သည့် အဖွဲ့အစည်းများဖြင့် လူငယ် ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို ဖွဲ့စည်းရန် အထောက်အကူ ပြုသင့်ပြီး လူငယ်များကိုယ်တိုင် ဖန်တီးထားသော အကြောင်းအရာများဖြင့် ပလက်ဖောင်း ကို ပိုမိုအဓိပ္ပာယ်ရှိစေရန် ပြုလုပ်နိုင်ကြောင်းလည်း အကြံပြုထားသည်။

Myanmar Institute of Democracy က စစ်တမ်းကောက်ယူမှုကို မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ချောင်းဆုံ၊ သထုံမြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ မကွေး၊ ငဖဲ၊ ပခုက္ကူ၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်၊ သင်္ဃန်းကျွန်း၊ သန်လျင်မြို့နယ်များရှိ လူငယ် ၁၃၄၀ ကို မေးခွန်း ၄၉ ခုဖြင့် မေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required