၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ကချင်ပြည်နယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ကချင်ပြည်နယ်)
(File) ၂၀၁၅ ရွေးကောက်ပွဲက မြစ်ကြီးနားမြို့နယ်ရှိ မဲရုံတစ်ခုတွင် ကချင်တိုင်းရင်းသားများ ဆန္ဒမဲပေးဖို့ တန်းစီနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မဲရလာဒ်များကို သုံးသပ်ခန့်မှန်းသော MCIJ ၏ အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်အောက်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မဲနှင့်ဆိုင်သော အချက်အလက်များ၊ လွှမ်းခြုံမြင်ကွင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကြရဖွယ်ရှိသူများ၊ မီးမောင်း ထိုးပြလိုသည့် မဲဆန္ဒနယ်များနှင့် စောင့်ကြည့်လေ့လာသူများ၏ သုံးသပ်ခန့်မှန်းချက်များ ပါဝင်သည်။ ဤအစီအစဉ်ကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ပြည်နယ် နှင့်/သို့မဟုတ် တိုင်းဒေသကြီး နှစ်ခုအတွက် ခန့်မှန်းသုံးသပ်ချက်ကို ထုတ်ပြန်သွားမှာဖြစ်သည်။

ဤအကြိုသုံးသပ်ခန့်မှန်းချက်အစီအစဉ်ကို ဝေယံမိုးက အဓိက ပြုစုထားပြီး အောင်မျိုးထွဋ်က ပံ့ပိုးကူညီထားသည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ်လူဦးရေ = ၁,၆၈၉,၄၄၁
မဲပေးခွင့်ရှိသူဦးရေ = ၈၇၇၅၈၁ ဦး
ရွေးကောက်ခံနေရာစုစုပေါင်း = ၇၀ နေရာ

၂၀၁၅ မဲရလဒ်

  • ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၈ နေရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၂ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သုံးနေရာ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှစ်နေရာ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ တစ်နေရာ

  • အမျိုးသားလွှတ်တော် ၁၂ နေရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၀ နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစ်နေရာ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်နေရာ

  • ပြည်နယ်လွှတ်တော် ၃၆ နေရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၂ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခုနှစ်နေရာ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ သုံးနေရာ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ နှစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တစ်နေရာ၊

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) တစ်နေရာ

  • တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၄ နေရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၄ နေရာ၊

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများ

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- ကချင်ပြည်နယ်ပြည်သူ့ပါတီ
- ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
- ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
- တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ကချင်အမျိုးသားကွန်ဂရက်ပါတီ
- လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ဒီမိုကရေစီပါတီသစ်(ကချင်)
- ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီ
- လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အားကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်မည့် ပါတီ သုံးခု

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
  • ကချင်ပြည်နယ် ပြည်သူ့ပါတီ

၂၀၁၅ နောက်ပိုင်း ပေါင်းစည်းခဲ့သည့် ပါတီ

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက် တစ်ပါတီနှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီတို့ ပေါင်းစည်းထားသော ပါတီ ဖြစ်သည်။

လွှမ်းခြုံအမြင်

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရတပ်တို့အကြား ကချင်ပြည်နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုအသံများမကြားရသည်မှာ တစ်နှစ်စွန်းခဲ့ပြီ ဖြစ်သော်လည်း ရှမ်းမြောက်ဘက်မှာသာ ယခုနှစ်လည်အထိ ဖြစ်ပွားခဲ့သေးသည်။ ကိုးနှစ်ကျော် ဒုက္ခသည် စခန်းများတွင် နေထိုင်နေရသူများအပါအဝင် စစ်ဘေးရှောင် ၁၂၀,၀၀၀ ခန့် အိမ်မပြန်နိုင်ဘဲဖြစ်နေသေးသည်။ ကချင်လူထုအတွင်း ကချင်ပါတီ များကို ထောက်ခံမှု ပိုမိုမြင့်မားအားကောင်းလာသော်လည်း လူမျိုးစုအလိုက် ကွဲပြားမှုနှင့် ပါတီငယ်များကို ထောက်ခံမှုရှိသလို ပြည်နယ် အတွင်း ဗမာ၊ ရှမ်းနီ လူမျိုးများလည်းရှိကြရာ မဲကွဲမှုက ရှိသည်။

ကချင်ပြည်နယ်တွင် ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ နောင်မွန်း၊ ပူတာအို၊ မချမ်းဘော၊ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ အင်ဂျန်းယန်ဟူ၍ မြို့နယ်ပေါင်း ၁၈ မြို့နယ်ရှိပြီး ရွေးကောက်ခံ နေရာပေါင်း ၇၀ နေရာရှိသည်။ ၂၀၁၅ မဲရလဒ်များအရ အင်အား အကောင်းဆုံး ပါတီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဖြစ်ပြီး ၄၈ နေရာအထိ အနိုင်ရခဲ့သည်။ သို့သော် အခြေခံအဆောက်အဦတိုးတက်လာခဲ့သော်လည်း ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုအပါအဝင် လက်ရှိ အာဏာရပါတီအနေဖြင့် အားရစရာကောင်းသည့် ပြောင်းလဲမှုများများ မဖော်ပေးနိုင်ခြင်း၊ သယံဇာတ အခြေပြုစီးပွားရေး ကျောက်စိမ်းမြေတွင် အကျင့်ပျက်ခြစားမှုများ ဆက်လက် ဖြစ်ထွန်းနေခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ပုန်ကန်သော လက်နက်ကိုင် ပဋိပက္ခနှင့် လွှတ် တော်တွင်း လမ်းကြောင်းများတွင် ဗဟိုနှင့်ကွဲလွဲမှုတို့ဖြင့် ပြည်နယ်အခြေပြုပါတီများဘက် အာရုံပြုခြင်းရှိလာသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောထားကြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ပါတီပေါင်း ၁၃ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၄၈၂ ယောက် ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ထက်စာလျှင် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု ကိုးစုတွင် ရွေးကောက်ပွဲတိုး၍ ကျင်းပ လာနိုင်ခြင်းဖြစ်သည်။

ပြည်နယ်အခြေပြု ပါတီများပေါင်းစည်းခြင်းကား ပြည်နယ်လူထုကြား ထောက်ခံမှုပြန်လည် အားကောင်းလာပြီး ယခု ရွေးကောက်ပွဲတွင် အလားအလာကောင်းပြီး မျှော်လင့်နိုင်သည့် နေရာ ၁၈ နေရာခန့်ရှိကြောင်း “တကောင်းနိုင်ငံရေးလေ့လာသုံးသပ်မှုအဖွဲ့” ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ သုတေသန စာတမ်းတွင် သုံးသပ်ထားသည်။

ထို့အပြင် ၂၀၁၅ တွင် ၁၀ နေရာအထိအနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီ USDP အနေဖြင့် ထောက်ခံမှု အားကောင်းပြီး မဲအခိုင်အမာ ရရှိနိုင်သည့် ဒေသများ ရှိနေ၍ NLD အတွက်လည်း လွှတ်တော်အတွင်း နေရာအများစုရရန် စိန်ခေါ်မှု ရှိသည့် ပြည်နယ်ဖြစ်သည်။

နော်ထွယ် (အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး - Humanity Institute) နှင့် Zanhta Ram Seing – (အတွင်းရေးမှူး- ပူတာအိုလူငယ်ရေးရာကော်မတီ) တို့ကို သုံးသပ်ခန့်မှန်းသူအဖြစ် ဖိတ်ခေါ်ထားသည်။

မြစ်ကြီးနား ၊ ဆွမ်ပရာဘွမ်၊

နော်ထွယ်

“ဒီဒေသတွေမှာတော့ တိုင်းရင်းသားပါတီတွေအားကောင်းနိုင်တယ်၊ အထူးသဖြင့် ပေါင်းစည်းထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က အားကောင်းနိုင်တယ်။ ပူးပေါင်းလိုက်တဲ့အတွက် ပြည်သူတွေကပိုပြီး မျှော်လင့်ထားကြတယ်။ လူမျိုးစုနေထိုင်မှုအပါ်မှာအဓိက အကြောင်းအရင်း ဖြစ်မယ်လို့ ယူဆတယ်။ နောက်တစ်ချက်က လက်ရှိအာဏာရပါတီက ပြောင်းလဲမှုတွေ အများကြီး မလုပ်နိုင်ဘူး၊ အကျင့်ပျက်ခြစားမှုတွေလည်းရှိနေတယ်၊ ပြည်သူလူထုကိုလည်း ကိုယ်စားမပြုနိုင်ဘူး၊ ကတိကဝတ်တွေလည်း မဖြည့်ဆည်းနိုင်တဲ့အခါကျတော့ သူ့ကို မဲပြန်ပေးဖို့ စိတ်ပျက် နေတဲ့အတွက်ဖြစ်တယ်ပေါ့နော်။”

ဒီချုပ်သာတဲ့ မိုးညှင်း၊ မိုးကောင်း

နော်ထွယ်

“မဲဆန္ဒနရှင်တွေအများစု မဲလာပေးကြမယ်ဆိုရင် NLD က ဒီဒေသတွေမှာ အားကောင်းနိုင်တယ်။ ကချင်မဟုတ်တဲ့ တိုင်းရင်းသားသားအများစုရှိနေတဲ့အတွက် သူတို့သည်းခြေကြိုက်လိုဖြစ်နေပြီး ထောက်ခံသူတွေများတဲ့အတွက်ကြောင့် အားကောင်းနိုင်ပါတယ်။ နောက်ပြီး သူတို့အတွက် ရွေးချယ်စရာလည်း အများကြီးရှိမနေဘူး USDP ကိုလည်း သူတို့ သဘောမကျတာတွေ့ရတော့ NLD ကိုပဲ ရွေးချယ်ကြပါလိမ့်မယ်”

အကြိတ်အနယ် အင်ဂျန်းယန်

နော်ထွယ်

“ဒီနေရာက လူဦးရေနေထိုင်မှုက ထောင်ဂဏန်းသာရှိတဲ့အတွက် ပါတီတွေကစားလို့ကောင်းတဲ့ နေရာလည်း ဖြစ်နေတာတွေ့ရတာ။ မကြာသေးခင်က တပ်မတော် စစ်ကြောင်းတွေ အဲ့ဒီဘက်ကို ရွှေ့လိုက်တာတွေမျိုး တွေ့ရတယ်၊ မဲအရေအတွက် အပြောင်းအလဲတွေ အများကြီးရှိလာနိုင်တယ်။ အဲ့တော့ မဲအနည်းငယ်သာတဲ့ပါတီက အနိုင်ရသွားမယ်။ အဓိကကတော့ USDP ၊ NLD နဲ့ KSPP က အကြိတ်အနယ်ပြိုင်ရမယ်။”

တစည မဲရှိသေးတဲ့ ပူတာအို

Zanhta Ram Seing

“USDP ကပြိုင်မယ့်သူကလည်း နဂိုကတည်းက သူ့ဒေသမှာြသဇာရှိတဲ့သူတွေဆိုတော့ အားကောင်း နိုင်တယ်၊ တစည ပါတီကသူကလည်း သက်တမ်းနှစ်ခုတောင်အနိုင်ရထားတဲ့သူဆိုတော့ သူ့ကိုပဲ မဲပေးမယ့်သူတွေရှိနေတယ်၊ ကိုယ့်ပြည်နယ် ကိုယ့်ပါတီ ပြည်နယ်အခြေပြုတွေကိုပဲ မဲပေးရမယ် ဆိုပြီး တစ်ဖက်မှာလည်း အားကောင်းလာတာတွေရှိတော့ တိုင်းရင်းသားပါတီတွေလည်း နိုင်ခြေ ရှိတယ်၊ တော်တော်တော့ အကြိတ်အနယ်ဖြစ်မယ့်သဘောရှိတယ်။”

မချမ်းဘော

Zanhta Ram Seing

“ပြည်သူ့လွှတ်တော်မှာ NLD ကပဲ အနိုင်ရနိုင်တယ်၊ ဘာကြောင့်လဲဆိုရင် လူငယ်ကို ဦးစားပေး လာတာတွေ့ရတယ် သူကတကယ်လည်း ဒေသအတွက် လှုပ်ရှားတဲ့သူ အလုပ်လုပ်တဲ့ သူဆိုတော့ နိုင်မယ်လို့ခန့်မှန်းရခြင်းဖြစ်ပါတယ်။”

နောင်မွန်း၊ တနိုင်း

Zanhta Ram Seing

“အရင်ရလဒ်တွေအရ ပါတီကြီး နှစ်ခုဖြစ်တဲ့ အာဏာရပါတီနဲ့ ကြံ့ခိုင်ရေးက အားပြိုင်မှုများနိုင်တယ်။ ဒါပေမယ့် ကချင်ပြည်သူ့ပါတီက ဝင်ပြိုင်မယ့် ဒေါ်ဘောက်ဂျာ အနေနဲ့လည်း အနိုင်ရနိုင်တယ်၊ ဘာ့ကြောင့်လဲဆိုရင် တောင်သူလယ်သမားတွေရဲ့လယ်ယာ မြေအရေးတွေကို တော်တော်‌ တော်လေး တက်တက်ကြွကြွ ကူညီပေးထားတာကို တွေ့ရတဲ့ အတွက် သူ့ကို မဲပေးမယ့်သူတွေလည်း များကြတယ်ပေါ့နော်” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly