၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြို သုံးသပ်ခန့်မှန်းချက် (ကယားပြည်နယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြို သုံးသပ်ခန့်မှန်းချက် (ကယားပြည်နယ်)
လွိုင်ကော်မြို့မြင်ကွင်း။ Photo: AFP

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မဲရလာဒ်များကို သုံးသပ်ခန့်မှန်းသော MCIJ ၏ အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်အောက်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မဲနှင့်ဆိုင်သော အချက်အလက်များ၊ လွှမ်းခြုံမြင်ကွင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကြရဖွယ်ရှိသူများ၊ မီးမောင်း ထိုးပြလိုသည့် မဲဆန္ဒနယ်များနှင့် စောင့်ကြည့်လေ့လာသူများ၏ သုံးသပ်ခန့်မှန်းချက်များ ပါဝင်သည်။ ဤအစီအစဉ်ကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ပြည်နယ် နှင့်/သို့မဟုတ် တိုင်းဒေသကြီး နှစ်ခုအတွက် ခန့်မှန်းသုံးသပ်ချက်ကို ထုတ်ပြန်သွားမှာဖြစ်သည်။

ဤအကြိုသုံးသပ်ခန့်မှန်းချက်အစီအစဉ်ကို ဝေယံမိုးက အဓိက ပြုစုထားပြီး အောင်မျိုးထွဋ်က ပံ့ပိုးကူညီထားသည်။

ကယားပြည်နယ်

  • ကယားပြည်နယ်လူဦးရေ = ၂၈၈၆၂၇ ဦး
  • မဲထည့်ခွင့်ရှိသူဦးရေ = ၁၇၈၃၁၆ ဦး
  • ရွေးကောက်ခံနေရာ = ၃၄ နေရာ

၂၀၁၅ မဲရလဒ်

  • ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၇ နေရာ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခြောက်နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ တစ်နေရာ၊
  • အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုးနေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ နှစ်နေရာ၊ တစ်သီးပုဂ္ဂလ တစ်နေရာ။
  • ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁၄ နေရာ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၁၁ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ သုံးနေရာ။
  • တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၁ နေရာ
  • ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ တစ်နေရာ၊

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ

  • - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
  • - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ
  • - ကရင်အမျိုးသားပါတီ
  • - ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
  • - ပြည်သူ့ရှေ့ဆောင်ပါတီ
  • - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
  • - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ
  • - ကယန်းအမျိုးသားပါတီ
  • - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
  • - ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်
  • - ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်
  • - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
  • - အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ
  • - မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ
  • - အမျိုးသားဒီမိုကရေစီအင်အားစု
  • အားကောင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်မည့်ပါတီများ
  • - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
  • - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ
  • - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ
  • - ကယန်းအမျိုးသားပါတီ

၂၀၁၅ နောက်ပိုင်းပူးပေါင်းသည့် တိုင်းရင်းသားပါတီများ

ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့ ပူးပေါင်း ကာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP ) ဟု သတ်မှတ်သည်။

လွှမ်းခြုံမြင်ကွင်း

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ ကယားပြည်နယ်တွင် ရွေးကောက်ခံနေရာ ၃၄ နေရာရှိသည်။ ၂၀၁၅‌ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်အခြေပြုပါတီ သုံးပါတီနှင့် အခြား ရှမ်း၊ ကရင်၊ ရခိုင်၊ ပအိုဝ်း စသည့်တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ လူမျိုးစုအခြေပြုပါတီများ အချင်းချင်းပြိုင်ဆိုင်မှုကြောင့် မဲကွဲခဲ့သည်။ အင်အားကြီးပါတီဖြစ်သည့် NLD မှ ၂၆ နေရာအထိအနိုင်ရရှိခဲ့ပြီး USDP မှ ခုနှစ်နေရာနှင့် တစ်သီးပုဂ္ဂလမှ တစ်နေရာ အနိုင်ရခဲ့ပေသည်။ အချို့သော လွှတ်တော်ကိုယ်စားလှယ်နေရာများတွင် လူဦးရေ ထောင်ဂဏန်း သာရှိသည်။ ရှားတောနှင့် မယ်စဲ့ကလွဲလျှင် တစ်မြို့နယ်တွင် အမျိုးသားလွှတ်တော် နှစ်နေရာရှိသည်။

စိုက်ပျိုးရေးနှင့် ဓာတ်သတ္တုတူးဖော်ခြင်းတို့ရှိရာ ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုးမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ်ဟူ၍ မြို့နယ် ခုနှစ် မြိုနယ်ရှိသည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ခုနှစ်နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၄ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာတို့အတွက် စုစုပေါင်း ၁၅ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်။

အာဏာရပါတီ၏ စီမံခန့်ခွဲမှုများနှင့် ဒေသခံ ပြည်သူများ၏ သဘောထားအမြင်များ ကွဲလွဲခဲ့ပြီး ပဋိပက္ခများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ စည်းဘောင် မဝင်သော ငွေအသုံးကိစ္စမှသည် ဝန်ကြီးချုပ် စွဲချက်တင်ဖယ်ရှားခံရခြင်း၊ ကန့်ကွက်သူများ ရှိခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်း၊ ပြည်နယ်အတွင်း အရပ်ဘက် အဖွဲ့အစည်း လှုပ်ရှာမှုများကို တင်းကြပ်ခဲ့ခြင်းတို့အပါအဝင် ဒေသခံတိုင်းရင်းသားများ အထူးသဖြင့် လူငယ်များနှင့် ထိပ်တိုက်တွေ့ရှိခဲ့မှုများက အာဏာရပါတီကို အမှတ်လျော့စေခဲ့သည်။ သို့သော်လည်း နေရာ အချို့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုကို လိုက်နာလိုခြင်းနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် အမှတ်ပေးကာ ထောက်ခံမှု ဆက်လက်အားကောင်းနေသည်ကိုလည်း တွေ့ရသည်။ တဘက်တွင်လည်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူ အမာခံနယ်မြေအချို့လည်း အစဉ်အလာသဖွယ်ရှိနေသည်။

ကယားပြည်နယ်တွင်း တိုင်းရင်းသားပါတီများဖြစ်သည့် ကယားလူမျိူးစု ဒီမိုကရေစီပါတီ နှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)တို့သည် ကယားပြည် ဒီမိုကရက်တစ်ပါတီအဖြစ် ပူးပေါင်းလိုက်သည့်အတွက် အားကောင်းမှုမှာ ပိုမိုခိုင်မာ လာခဲ့သည်။

ထို့ကြောင့် ကယားပြည်နယ် ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှုပြင်းလာခဲ့သော်လည်း NLD က ကိုယ်စားလှယ်နေရာအများဆုံး ရနိုင်သေးသည်။

ပြည်နယ် မဲရလာဒ်ခန့်မှန်းရန်အတွက် ဦးကျော်ထင်အောင် (ဘုတ် ဥက္ကဋ္ဌ LAIN နည်းပညာ အထောက်အကူပြု အဖွဲ့) - ကယားပြည်နယ် နှင့် ဦးထူးချစ် (တည်ထောင်သူ - Foundation For Education and Development) တို့ကို ဖိတ်ခေါ်ထားသည်။

၂၀၂၀ တိုင်းရင်းသားပါတီများ ဘာကြောင့် အားသာလာနိုင်လဲ

ဦးကျော်ထင်အောင်

“၂၀၁၅ တုန်းက အချင်းချင်းပြိုင်ဆိုင်ခဲ့မှုကြောင့် အားလုံးလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေ သင်ခန်းစာကြီးကတော့ ကောင်းကောင်းရသွားတယ်။ ၂၀၁၅ မှာကတည်းက လူငယ်တွေက တိုင်းရင်းသားပါတီတွေကို မဟာမိတ်ပုံစံနဲ့ပြိုင်ဆိုင်ကြဖို့တောင်းဆိုပေမယ့် အလေးမထားခဲ့လို့ တိုင်းရင်းသားပါတီတွေ တစ်နေရာမှ မနိုင်တဲ့အထိ ဖြစ်သွားခဲ့တာကို ကောင်းကောင်း သင်ခန်းစာရသွားတဲ့အတွက် မဟာမိတ်တွေလုပ်လာကြတယ်၊ မပူးပေါင်းကြရင် တောင် မဲဆန္ဒနယ်ရှောင်တာမျိုးတွေလုပ်လာကြတယ်။”

ဒီချုပ်အတွက် တစ်ပြေးနေတဲ့ လွိုင်ကော်မြို့နယ်

လွိုင်ကော်ကား ဒီချုပ် အားကောင်းသော မြို့နယ်ဖြစ်သည်။ သို့သော် ပြည်နယ်ရုံစိုက်မြို့တော်တွင် တပ်မတော်သား မဲပေးခွင့်ရှိသူများလည်း များပြားသည်။ ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီအတွက် ယှဉ်ပြိုင်မှုခက်မည့် နေရာတစ်ခုဖြစ်သည်။ တစ်အပြေးဆုံးကတော့ ဒီချုပ်ဖြစ်သည်။

တိုင်းရင်းသားပါတီတွေ မဲသိမ်းသွားနိုင်တဲ့ ရှားတော၊ ဒီမောဆို၊ ဖရူဆို

ဦးကျော်ထင်အောင်

“ဒေသခံတိုင်းရင်းသားလူဦးရေ ၈၀% ကျော်ရှိတဲ့ ရှားတော၊ ၉၀ % ခန့်ရှိတဲ့ ဒီမောဆို၊ ဖရူဆိုလိုနေရာမျိုးမှာ ဝင်ပြိုင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်လောင်းတွေကလည်း ပြည်သူ့ အကျိုးကို တကယ် လုပ်ဆောင်ပေးတဲ့ သူတွေဖြစ်တယ်။ နောက်တစ်ချက်က အဏာရပါတီရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် လူထုက ငါးနှစ်တာခံလာရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်”

ဦးထူးချစ်

“ဒီမြို့တွေမှာလည်း တိုင်းရင်းသားပါတီတွေအားကောင်းတဲ့အတွက် အနိုင်ရဖို့များတယ်။ ဘာကြောင့် လဲဆိုရင် ဒေသခံတိုင်းရင်းသားပါတီတွေက ၂၀၁၅ တုန်းကလို ပါတီ သုံးလေးခု ဝင်ပြိုင်တဲ့ ပုံစံမဟုတ်တော့ဘဲ ပူးပေါင်းလိုက်တာတွေရှိတယ်၊

မဲဆန္ဒနယ်တွေရှောင်တာတွေလည်းရှိသလို၊ သူတို့ မရွေးတဲ့နေရာမှာလည်း ရွေးတဲ့ပါတီကို ပံ့ပိုးကူညီဖို့ သဘောတူညီမှုတွေလုပ်ထားတဲ့ အတွက်ဖြစ်တယ်။”

ပြည်ခိုင်ဖြိုးက အားသာဦးမယ့် ဘောလခဲ

ဘောလခဲမြို့နယ်သည် ပြည်ခိုင်ဖြိုး၏ အမာခံနယ်မြေဖြစ်ပြီး ပြည်ခိုင်ဖြိုး၏ ဟဲဗီးဝိတ် ကိုယ်စား လှယ်လောင်း တစ်ဦးဖြစ်သော ဝန်ကြီးဟောင်း ဦးစိုးသိန်းက အမျိုးသား လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်။

ဦးကျော်ထင်အောင်

“တပ်နဲ့ ဝန်ထမ်းများတဲ့မြို့ဖြစ်တယ်။ ကယားပြည်နယ်ရောက်လာတဲ့ ဝန်ထမ်းတွေက ဘောလခဲမှာပဲ အခြေချ လိုကြတာများတယ်။ ဒေသခံပြည်သူက နည်းနည်းပဲနေတာဖြစ်တဲ့အတွက် USDP ကိုထောက်ခံသူတွေများတယ် ဒါကြောင့် အာဏာရပါတီထက် USDP ကအားသားဦးမယ်။”

ဦးထူးချစ်

“ရွှေ့ပြောင်းတွေနဲ့ အစိုးရဝန်ထမ်းတွေများလို့ ဒီနေရာမှတော့ အရင်ကလိုပဲ USDP က အားသာ နိုင်ပါတယ်။”

မဲပြားနိုင်သည့် ဖာဆောင်းမြို့နယ်

ဖားဆောင်းက အရောင်စုံသည်ဟု ပြောလို့ရသည်။ သို့သော် ဒီချုပ်လည်း အားရှိသလို ပြည်ခိုင်ဖြိုး လည်း အားမနည်းလှဖြစ်ချိန်တွင် တိုင်းရင်းသားပါတီများ ဦးဆောင်ပြေးရန်မလွယ်ပါ။

ဦးကျော်ထင်အောင်

“နဂိုကတည်းက တိုင်းရင်းသားဒေသခံတွေနည်းတယ်၊ မော်ချီးကြောင့် ရွှေ့ပြောင်းအလုပ်သမား တွေများစွာ နေထိုင်နေကြတာတွေရှိတယ်။ ဒေသခံကရင်တွေလည်းရှိတော့ ကရင်အမျိုးသား

ပါတီလည်းပြိုင်မယ်။ ဒါကြောင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့လည်း မဲထက်ဝက် လောက်ရနိုင်ဖို့ မလွယ်ပါဘူး။ ရွှေ့ပြောင်းများတယ်၊ ဒေသခံကရင်တိုင်းရင်းသား တွေလည်း ရှိတဲ့အတွက် အာဏာရပါတီရယ်၊ ကရင်အမျိုးသားပါတီရယ်၊ ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီ ရယ်က တစ်မဲသာတဲ့ကိုယ်စားလှယ်က နိုင်သွားပါမယ်။”

မယ်စဲ့မြို့နယ်

မယ်စဲ့သည် ပြည်နယ် ဝန်ကြးချုပ်ဟောင်း ဦးအယ်ဖေါင်းရှို၏ နေရာဖြစ်ကာ ဒီချုပ်၏ အမာခံနယ်မြေဖြစ်သည်။

ဦးထူးချစ်

“ပြည်မရွှေ့ပြောင်းလုပ်သားတွေက ရက် ၉၀ ဆိုတဲ့တိုင်းရင်းသားဒေသတွေအတွက် … ဒီမှာ ရက် ၁၀၀ လောက်နေပြီး မဲပေးခွင့်ရသွားတဲ့သူတွေအများကြီးရှိလာတယ်။ အဲ့အတွက်ကြောင့် အာဏာရ ဒီချုပ်ပါတီနဲ့ တိုင်းရင်းသားပါတီ တစ်မဲသာတဲ့လူ အနိုင်ရပုံစံမျိုးဖြစ်သွားမယ်။”

သုံးဖက်လွန်ဆွဲမယ့် ရှားတော

ရှားတောနှင့်ပတ်သက်လျှင် အဓိကအင်အားစုကြီးသုံးခုလုံးက သူတို့အနိုင်ရနိုင်ဖို့ မှန်းထားကြသည်။

ဦးကျော်ထင်အောင်

“ရှားတောမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်မယ့် မိုးမြာဆိုရင် ဗိုလ်ချုပ်ကြေးရုပ် လှုပ်ရှားမှုမှာလည်း တိုင်းရင်းသားတွေဘက်က လှုပ်ရှားခဲ့တဲ့သူဖြစ်တယ်၊ ပြည်သူတွေကိုယ်တိုင်က ဝင်ပြိုင်ဖို့အားပေးခဲ့တဲ့အတွက် သူကနိုင်ဖို့များတယ်။”

ပါတီအသစ်များ၏ အလားအလာ

ဦးကျော်ထင်အောင်

“သူတို့မဲရရှိနိုင်မှုကိုတော့ ၁၀ ရာခိုင်နှုန်းမကျော် လောက်ဘူးလို့ ကျွန်တော်တို့ သုံးသပ်ထားတယ်။ ဒီရာခိုင်နှုန်း ဘယ်လောက်ကိုတော့ ကျန်တဲ့ ပါတီတွေဆီကနေ ဖဲ့ထုတ်သွားနိုင်မလဲဆိုတဲ့ မဲဆန္ဒနယ် အလိုက် သုံးသပ်ချက်တွေထဲမှာတော့ ပါတီအသစ်တွေထဲက ဘယ်ပါတီမှတော့ ၁၀ ရာခိုင်နှုန်းကျော် မဖဲ့သွားနိုင်ဘူး။ ” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly