ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ "လူမျိုး"  "ဘာသာ" ကို အသုံးချဖို့ ကြိုးပမ်းမှုက ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်နေကြောင်း JFM စွပ်စွဲ

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ "လူမျိုး"  "ဘာသာ" ကို အသုံးချဖို့ ကြိုးပမ်းမှုက ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်နေကြောင်း JFM စွပ်စွဲ

အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည်  “လူမျိုး” နဲ့ “ဘာသာ” ကိုအသုံးချဖို့ ကြိုးပမ်းမှုက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေကြောင်း Justice for Myanmar အဖွဲ့က စွပ်စွဲလိုက်သည်။

အောက်တိုဘာ ၉ ရက်နေ့ နေပြည်တော် မဲဆွယ်စည်းရုံးပွဲတွင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကြမ်းနေတဲ့လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့လူတွေလား။ ဘယ်လိုသွေးမျိုးတွေပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်”ဟု ပြောကြားခဲ့ခြင်းကို JFM က ရည်ညွှန်းခြင်းဖြစ်သည်။

JFM ၏ အောက်တိုဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင်  " “ကုလား” အသုံးအနှုန်းက မွတ်ဆလင်တွေနဲ့ အိန္ဒိယမျိုးနွယ်တွေကို သုံးနှုန်းတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါ အသုံးအနှုံးတစ်ရပ် ဖြစ်ပါတယ်။ အဲဒါဟာ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက လူမျိုးရေးခွဲခြားတဲ့ စည်းရုံးမှုလိုမျိုး ဆက်ပြောတာဘဲ ဖြစ်ပါတယ်။" ဟု ပါရှိသည်။
 
တပ်မတော်ပိုင်စီးပွားလုပ်ငန်းများနှင့်  ဆက်နွယ်မှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို တစိုက်မတ်မတ်စောင့်ကြည့်ထုတ်ပြန်နေသည့် JFM က  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၏ ပုဒ်မ ၁၂ (က) (၄) မှာ ပုဒ်မ (၆)တို့ကို ထောက်ပြထားသည်။

အဆိုပါ ပုဒ်မ (၆) တွင် လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး တို့ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required