ရခိုင်ရွေးကောက်ပွဲ ဂယက်လှိုင်းအောက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရခိုင်ရွေးကောက်ပွဲ ဂယက်လှိုင်းအောက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
Photo - AFP

အောက်တိုဘာ ၁၉၊ ၂၀၂၀

ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးမြိုနယ်နှင့် ရှမ်းပြည်နယ်ရှိ ခြောက်မြို့နယ် အပါအဝင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တို့တွင် ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အောင်တိုဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီး တောင်မြို့နယ်၊ မောင်းတောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့အား ရွေးကောက်ပွဲနယ်မြေ အဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အဆိုပါဒေသတွင် ဝင်ရောက် အရွေးခံကြမည့် ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက UEC ၏ လုပ်ရပ်အား ဝေဖန်ရှုတ်ချလိုက်သည်။ UEC ထုတ်ပြန် ချက်တွင် တိုက်ပွဲတစ်ကြိမ်မျှ မဖြစ်ဖူးသော ပေါက်တောမြို့နယ် ပါဝင်လာမှုအပေါ် ရခိုင် လွှတ်တော် ကိုယ်စားလှယ်လောင်းများက မေးခွန်းထုတ်ခဲ့ပြီး ချင်းပြည်နယ်အတွင်းရှိ စစ်ဖြစ်နေသော ပလက်ဝအား ရွေး ကောက် ပွဲ မကျင်းပနိုင်သည့်စာရင်းတွင် မထည့်သွင်းခဲ့မှုက ပို၍ရုပ်ဆိုးစေခဲ့သည်။ လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည့်သူလည်း ဖြစ်သည့် ဦးအောင်ကျော်ထွီးက ပြည်သူများ၏ ကိုယ်စားပြုမှု လုံးဝမရှိတော့ဟု ဆိုသည်။

“ကျွန်တော်တို့သိနေတဲ့ ပေါက်တောမြို့နယ်ဆိုရင် သေနတ်သံ မပြောနဲ့ဗျာ၊ ဆူပူမှုတောင် ဘာတစ်ခုမှ မရှိတဲ့အနေအထား။ ရခိုင်ပြည်ရဲ့ မြောက်ဘက်မှာဆိုရင် ကျည်တစ်ချက်တောင် မပေါက်ဖူးတဲ့ ဒီမြို့ကို ဒီအတိုင်း ချန်ထား ခဲ့တယ်ဆိုတော့ တော်တော် အခံရခက်တာပေါ့ဗျာ” ဟု ဦးအောင်ကျော်ထွီးက ဆိုသည်။

လက်ရှိ တိုက်ပွဲများဖြစ်ပြီး စစ်ဘေးရှောင်များ ရှိနေသော ပလက်ဝမြို့နယ်အား ရွေးကောက်ပွဲ ကျင်းပမည့်စာရင်းတွင် ထည့်သွင်းခဲ့မှုအပေါ် ၎င်းက ယခုလို ပြောပြသည်။

“ပလက်ဝမြို့ကိုတော့ ရွေးကောက်ပွဲမှာပါတယ်။ ပါတာတော့ ကောင်းပါတယ်။ ဘာပဲပြောပြော ဒီမိုကရေစီနိုင်ငံရေး အခင်းအကျင်းမှာ အကုန်လုံး ပါစေချင်တယ်။ ပါသင့်တာပေါ့။ လုံခြုံရေးအရ ချန်ထားခဲ့မယ်ဆိုရင်တောင် ပေါက်တောလို တစ်ခုမှ မဖြစ်တဲ့နေရာကို ချန်ထားခဲ့ပြီးတော့မှ ဟိုဘက်က တိုက်ပွဲဖြစ်နေတဲ့နေရာကို သွားထည့်တယ်ဆိုတော့ ဒါ တော်တော်ရယ်လည်း ရယ်ချင်တယ်ဗျာ။ ဒါဘယ်လိုများ သုံးသပ်ပြီးတော့မှ ဘယ်လို ထည့် ထားလဲဆိုတာကို ကျွန်တော့်အနေနဲ့ UEC ဆုံးဖြတ်ချက်များ လွဲမှားနေသလားလို့ ပြောချင်တယ်” ဟု ဆိုသည်။

ပလက်ဝမြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ခြေကုပ်ယူထားသော ဗျူဟာနယ်မြေတစ်ခု ဖြစ်သည်။ တပ်မတော်နှင့် AA တို့အကြား လက်ရှိအချိန်ထိတိုင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသော အနက်ရောင် နယ်မြေတစ်ခု ဖြစ်သည်။

ယင်းရခိုင်ပြည်နယ် ကိုးမြို့နယ်အား တစ်မြို့နယ်လုံး မကျင်းပသော နယ်မြေအဖြစ် UEC က ကြေညာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များတွင်လည်း တစ်ဝက် တစ်ပျက် ကွက်ကာ ကျင်းပသွားရန် တစ်ပါတည်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

UEC ၏ ကြေညာချက်တွင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် နှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု ‌လေးအုပ်စု၊ တောင် ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ အုပ်စုတို့တွင် ရွေးကောက်ပွဲ မကျင်းပရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဒေါ်ခင်စောဝေကလည်း ဦးအောင်ကျော်ထွီး သဘောထားအား ထောက်ခံပြောဆိုသည်။ “လုံးဝအေးချမ်းတဲ့ နယ်မြေတစ်ခုပါ။ ပလက်ဝကျတော့ ရွေးကောက်ပွဲရွှေ့ဆိုင်း၊ ရပ်ဆိုင်းတာ မပါဘူးပေါ့လေ။ တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတဲ့ နေရာမှာတောင်မှ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ရင် ပေါက်တောကရော ဘာလို့ မကျင်းပနိုင်ရသလဲဆိုတဲ့ မေးခွန်းကတော့ မေးဖို့ဖြစ်လာတယ်ပေါ့လေ” ဟု ဆိုသည်။

ရသေ့တောင်တွင်လည်း လတ်တလော တိုက်ပွဲများ ပြင်းထန်နေသော်လည်း စစ်ဘေးရှောင် စခန်းများရှိ‌သော မြို့ပေါ်ပိုင်းတွင် မဲပေးနိုင်သည်ဟု ဆိုသည်။ တိုက်ပွဲများ ဖြစ်နေသည်က ကျောက်တန်းတိုက်နယ်ဟု ပြောသည်။ ရသေ့တောင်မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲ လုပ်နိုင်သော နေရာများကိုလည်း UEC သို့ တင်ပြထားခဲ့သည်။ သို့သော်လည်း လက်ရှိ ရွေးကောက်ပွဲ မကျင်းပရသော နယ်မြေစာရင်းတွင် ပါဝင်လာသည် ကို တွေ့ရသည်။

လတ်တလော ပလက်ဝရှိ အချို့နေရာများတွင် တိုက်ပွဲများ ဖြစ်နေကြောင်း ပလက်ဝအခြေစိုက် ခူးမီး (ခမီ) အမျိုးသားပါတီက ပြောသည်။ မတူပီဘက်မှလာသော ကားများ ပိတ်မိနေ‌သကဲ့သို့ ပလက်ဝမှ ဆီမီးဘက်သို့ သွား မည့်ကားများမှာလည်း ယခုချိန်အထိ မထွက်ရသေးဟု ဆိုသည်။ ထို့ကြောင့် ဘာဖြစ်လာမည်ကို သေချာမပြောနိုင်သေးဟု ယင်းပါတီဘက်က ဆိုသည်။

“နိုင်ငံတော် အစီအမံဆိုတော့ ကျွန်တော်တို့က ဘယ်လိုမှ ပြောလို့မရဘူးပေါ့နော်။ ဖြစ်ချင်ဖြစ်မယ်၊ မဖြစ်ရင်လည်း မဖြစ်ဘူး။ ဒီလိုပဲ ကျွန်တော်တို့ လက်ခံရမှာပဲလေ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတော့ ကော်မရှင်သဘောပဲ လေနော့်။ သူတို့ကျင်းပရင် ကျင်းပမယ်၊ မကျင်းပရင် မကျင်းပဘူးပေါ့ဗျာ” ဟု ခူးမီး (ခမီ) အမျိုးသားပါတီ၏ ဗဟိုကော်မတီ EC အဖွဲ့ဝင် ကိုဟွေ့နန်းက ဆိုသည်။

ပလက်ဝတွင် လာမည့်ရွေးကောက်ပွဲအတွက် ခူးမီး (ခမီ) ပါတီ အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တို့ ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။ လက်ရှိတွင် UDP အား UEC က တရားဝင်ပါတီအဖြစ်မှ ပယ်ဖျက်လိုက်ရာ ပါတီ ငါးခုဖြင့် ယှဉ်ပြိုင်သွား မည် ဖြစ်သည်။ လတ်တလော ပလက်ဝတွင် ဆန်ရှားပါးမှု ပြဿနာ၊ သွားလာရခက်သော ပြဿနာများကြောင့်သာ ပူပန်နေရကြောင်း ကိုဟွေ့နန်းက ရှင်းပြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေမှ ပြဌာန်းထားသော အခန်း (၄) ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအခန်း၏ ပုဒ်မ (၁၀) (ဃ)တွင် ယခုကဲ့သို့ ပြဌာန်းထားသည်ကို တွေ့ရသည်။ “မဲဆန္ဒနယ်များ သတ်မှတ် ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း” ဟု ပြဌာန်းထားသလို ပုဒ်မ (၁၀) (စ) တွင်လည်း ယခုလို ပြဌာန်းထားသည်။ “သဘာဝဘေးဒဏ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအရ သော်လည်းကောင်း လွတ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်မြေများ၏ ရွေးကောက်ပွဲများကို ရွေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း” ဟု ပြဌာန်းပါရှိသည်ကို တွေ့ရသည်။

ယခု ထုတ်ပြန်ဌာန်းချက်အား UEC ‌မှ ရွေးကောက်ပွဲကျင်းပရန် ရက် ၂၀ အလိုတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ UEC ကြေညာခဲ့သော ရခိုင်ပြည်နယ် ကိုးမြို့နယ်ထဲတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မြေပုံနှင့် မောင်းတော မြို့နယ်များမှာ လတ်တလော တိုက်ပွဲဖြစ်ပွားမှု မရှိသောနယ်မြေများ ဖြစ်နေသည်ဟု ယင်းနယ်များတွင် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများက ဆိုသည်။ တချို့တစ်ဝက် ကျင်းပမည့်‌ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များတွင်လည်း တည်ငြိမ်လျက်ရှိသည်။ UEC ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ မကျင်းပရ‌သည့် မြို့နယ်များမှာ ရခိုင်နိုင်ငံရေးပါတီများ၏ အမာခံနယ်မြေများ ဖြစ်သည်။ ထိုကြောင့် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်မည်ဟု ရခိုင် လွှတ်တော် ကိုယ်စားလှယ်လောင်းများက သုံးသပ်ပြောဆိုလျက် ရှိသည်။

“လောလောဆယ် တိုက်ပွဲအခြေအနေက ငြိမ်နေပါတယ်ခင်ဗျာ။ UEC က သူတို့ NLD ပါတီက နိုင်ခြေမရှိတဲ့နေရာတွေ ဖြစ်နေတဲ့အတွက်ကြောင့် တရားမျှတမှု ကင်းမဲ့စွာနဲ့ လုပ်သွားတာ ဖြစ်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်သိန်းက ဆိုသည်။

ကျောက်တော်မြို့နယ် အမျိုးသားမဲဆန္ဒနယ် အမှတ် (၈) မှ ဝင်ပြိုင်မည့် ဦးမြင့်နိုင်က လောလောဆယ် တပ်မတော်မှ ရွာများသို့ စစ်ဆေးနေသောပုံစံဖြင့်သာ ရှိနေသည်ဟု ပြောသည်။ “ဒါ တရားမျှတမှု မရှိဘူးပဲ မြင်တယ်။ ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးနီးပါး ကျင်းပနိုင်အောင် ကြိုးစားရမယ့်နေရာမှာ မကြိုးစားဘဲနဲ့ တမင်တကာချန်ကာ ပယ်လိုက်တဲ့ပုံစံ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အောက်ခြေကိုဆင်းပြီး ရွေးကောက်ပွဲ လုပ်သင့်၊ မလုပ်သင့် ညှိနှိုင်းတိုင်ပင်သင့်တာပေါ့။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတဲ့ လုပ်သင့်တဲ့နည်းလမ်းကို မရှာဘူး။ ရှာဖွေပြီးလုပ်ရင် ရတာပဲ။ အဲ့ဒါ မလုပ်ဘဲနဲ့ သူတို့ရှုံးမယ် ထင်တာတွေကို ပယ်လိုက် တဲ့ပုံစံ ဖြစ်နေတယ်” ဟု ဆိုသည်။

တချို့တစ်ဝက် ကျင်းပမည့် ရခိုင်ပြည်နယ် မြို့နယ်အချို့ဖြစ်သော ‌စစ်တွေတွင်လည်း ကိုဗစ်ရောဂါ အ‌ခြေအနေကလွဲပြီး ဘာမျှအခက်အခဲ မရှိပေ။ ကျောက်ဖြူမြို့နယ်တွင်လည်း တပ်ရှိသော နယ်မြေဘက်တွင် ကျင်းပ၍ရကာ ကျန်အပြင်ဘက် ကျေးရွာအုပ်စုများတွင် မကျင်းပနိုင်ခြင်းက ရုပ်ပျက်စေသည်။ ထို့အတူ တောင်ကုတ်မြို့နယ်တွင်လည်း အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် - စကခ (၅) ရှိသည့် နယ်မြေ အရှေ့ဘက် ဂျိုးဂျာကွင်းအထိ မပါဘဲ တပ်နယ်မြေမဟုတ်သော တက္ကသိုလ်ရှိသည့်အခြမ်းတွင် လုံခြုံရေးကြောင့်ဟုဆိုကာ မကျင်းပနိုင်ခဲ့ပေ။ အမ်းတွင်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရှိသော နယ်မြေဘက်သာ ကျင်းပမည်ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဗဟိုအထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က “စစ်ဌာနချုပ်ကြီး ရှိတဲ့နေရာမှာတောင်မှ မြို့နယ်တစ်ခြမ်း ရပ်/ကျေးတွေ အကုန်လုံး ပါသွားတယ်ဗျာ (ရယ်လျက်)။ မြို့ရော၊ မြို့သစ်နဲ့ မြို့ဟောင်း၊ ရပ်ကွက် တစ်ခုမှ သုံးခုစီနဲ့ ရွာလေးနှစ်ရွာပေါ့နော်။ အဲဒီလောက်ပဲ လုပ်နိုင်တယ်ဆိုရင်၊ ဒီစစ်ဌာနချုပ်ကြီး ရှိတာတောင် မလုံခြုံဘူးဆိုရင် ဒီဟာလည်း မျက်နှာပျက်စရာလို့ ကျွန်တော်မြင်တယ်” ဟု သုံးသပ်ပြော ဆိုသည်။ ၎င်းကလည်း ပေါက်တောတွင် ရွေးကောက်ပွဲ မကျင်းပနိုင်မှုအပေါ် မှားနေကြောင်း ANP ကိုယ်စာလှယ်လောင်းများနှင့်အတူ ထောက်ပြဝေဖန်သည်။

မြောက်ဦး အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းသာစိန်ကလည်း “ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အချိန်ကုန်တယ်၊ လူပန်းတယ်၊ ငွေကုန်တယ်။ အဲ့တစ်ချက်ပေါ့။ အချိန်ပဲ ကုန်ကုန်၊ ငွေပဲ ကုန်ကုန်၊ လူပဲ ပန်းပန်းပေါ့။ အဓိက နစ်နာတာကတော့ လူထု ကိုယ်စားလှယ်တွေ မရလိုက်တဲ့ ပြည်သူတွေက အများကြီး နစ်နာပါတယ်” ဟု ဆိုသည်။ ဦးထွန်းသာစိန် ဆိုလိုသည်မှာ ပြည်သူ့ကိုယ်စားပြုမှု တစ်နည်းပြော ရလျှင် ဒီမိုကရေစီစနစ် ပုံဖော်မှုအား UEC မှ မျက်ကွယ်ပြုလိုက်ခြင်းပင်။

ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ တစ်ဖြစ်လဲ ၈၈၈၈ နိုင်ငံရေးကျောင်းသား ခေါင်းဆောင်းဟောင်းတစ်ဦးဖြစ်သူ ဦးကိုကိုကြီးကမူ အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေများ ပယ်ဖျက်မှုနှင့် ပတ်သက်ပြီး သူ့၏ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်ကို တွေ့ရသည်။ အဆိုပါ ဝေဖန်မှုတွင် ပါလီမန်ဘောင် ကျဉ်းလာနိုင်ကာ စစ်ဘောင်ကျယ်လာနိုင်မည့် အခြေအနေအား မီးမောင်းထိုးပြ ပြောဆိုထားသည်။ ထို့အတူ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ မကျင်းပနိုင်သည်မှာ ခုနစ်နေရာသာ ရှိသော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၅ မြို့နယ်ထိ ရှိလာကြောင်း ထောက်ပြထားသည်။

“အထူးသဖြင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ကိုးမြို့နယ် ပယ်ဖျက်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးနေရာနဲ့ အမျိုးသားလွှတ်တော် ခုနစ်နေရာ ဆုံးရှုံးတာပါ။

ပြည်ထောင်စုအဆင့်မှာ ၁၆ နေရာ ဆုံးရှုံးပါတယ်။ ရှမ်းပြည်နယ်က ခြောက်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ခြောက်နေရာပါ။ စုစုပေါင်း ၂၂ နေရာ။ ရွေးကောက်ခံ  ၄၉၈ နေရာရှိမှ ၇၅ ရာခိုင်နှုန်း ပြည့်မယ့် အခြေအနေမှာ ၄၇၆ နေရာဟာ ၇၁ ဒသမ ၆၉ ရာခိုင်နှုန်းသာ ကျန်ပါတော့တယ်။ အပြတ်အသတ် အနိုင်ရမှ ဖွဲ့စည်းပုံပြင်နိုင်မယ်ဆိုတဲ့ အယူအဆအရ ကျန်တဲ့ပါတီတွေ ဘယ်သူမှ ဝင်မပြိုင်ဘဲ တစ်ပါတီတည်း အကုန် အနိုင်ပေးလိုက်ရင်တောင်မှ ၇၁ ဒသမ ၆၉ ရာခိုင်နှုန်း ရပါလိမ့်မယ်။ ၇၅ ရာခိုင်နှုန်း ပြည့်မီပြီးမှ စစ်တပ်က ထောက်ခံမှု လိုအပ်တာ ဖြစ်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေး၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စအဝဝဟာ နိုင်ငံရေး အနုပညာမြောက်မှု အမြင် (Vision) အပေါ်မှာသာ တည်မှီနေတာ ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက သုံးသပ်ထားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်နှင့် ပတ်သက်ပြီးလည်း ဦးကိုကိုကြီးက ယခုကဲ့သို့ သုံးသပ်ထားသည်။ “ရခိုင်ပြည်နယ်လွှတ်တော်မှာ ၃၄ နေရာနဲ့ ချင်းရေးရာ တစ်နေရာ၊ ပေါင်း ၃၅ နေရာ၊ စစ်တပ်က သုံးပုံတစ်ပုံ ၁၂ နေရာ၊ စုစုပေါင်း ၄၇ နေရာ ရှိပါတယ်။ ၂၀၂၁ ရခိုင်ပြည်နယ် လွှတ်တော်မှာတော့ မကျင်းပနိုင်တဲ့ ကိုးမြို့နယ်က ၁၈ ယောက်၊ တောင်ကုတ် (၁) နဲ့ အမ်း (၂) ပယ်ဖျက်လိုက်တဲ့အတွက် စုစုပေါင်းကိုယ်စားလှယ် ၂၀ ဦး လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ခံ ၃၄ ယောက်အစား ၁၄ ယောက်ပဲ ကျန်ပါမယ်။ ချင်းရေးရာ တစ်ဦး၊ ပေါင်း ၁၅ ဦး၊ စစ်တပ် ငါးဦး၊ စုစုပေါင်း ၂၀ နဲ့ ရခိုင်လွှတ်တော် ကျင်းပမယ့်သဘောပါ။ စိတ်ဝင်စားဖို့ကောင်းတာက တောင်ကုတ်မြို့နယ် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စုမှာ ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စု ၅၂ အုပ်စုကို ပယ်ဖျက်လိုက်တယ်ဆိုတော့ ရပ်ကွက် လေးခုတည်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တစ်ယောက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ရွေးမယ်ဆိုတဲ့သဘော။ လုံးဝ မကျင်းပတဲ့ မြို့နယ်တွေက အခြေအနေ ပြန်ကောင်းလာရင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လုပ်ပြီးတော့ မဲဆန္ဒရှင်တွေရဲ့ ကိုယ်စားပြုခွင့် ရရှိနိုင်သေးပေမဲ့ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စု ၅၂ အုပ်စုစလုံးကတော့ လေးရပ်ကွက်ရဲ့ရွေးချယ်မှုကို ၅ နှစ်တာ လက်ခံကြရမှာပါ ” ဟု ရေးသားထားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စာလှယ်လောင်း ဦးထွန်းလှိုင်ကမူ UEC ၏ လုပ်ရပ်အား ကိုးလို့ကန့်လန့် လုပ်ရပ်ဟု ပြောဆိုလိုက်သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတည်းက ပုဏ္ဏားကျွန်းရှိ နေရာ အချို့တွင် တိုက်ပွဲဖြစ်နေသော်လည်း ယင်းအချိန်တည်းက ရွေးကောက်ပွဲ မကျင်းပသော နယ်မြေအဖြစ် မကြေညာခဲ့ဟု တုံ့ပြန်သည်။

၎င်းက “အခု နည်းနည်းလေး အလိုမှာမှ ရွေးကောက်ပွဲ ကျင်းပလို့ မရတဲ့နေရာပါဆိုပြီးတော့ လုပ်လိုက်တဲ့အခါ ဒီဘက်မှာ မဲပေးမယ့် မဲဆန္ဒရှင်တွေရော၊ မဲပေးခံရမယ့် ကိုယ်စားလှယ်လောင်းတွေရော အကုန်လုံး တစ်ယောက် တစ်ကွဲ ဖြစ်သွားတာပေါ့။ ဒီဘက်ဒေသကို ကိုယ်စားပြုပြီးတော့ ပြောပေးမယ့် လွှတ်တော်ကိုယ်စားလှယ် မရှိတော့ဘူးလေ” ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကိုဗစ်ကာလတည်းကပင် ရွေးကောက်ပွဲရက် ရွှေ့၊ မရွှေ့နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အားနည်းချက်များ ရှိခဲ့သည်။ UEC သည် ယခုထုတ်ပြန်ချက် မတိုင် မီ တကယ့်လက်တွေ့ မြေပြင်အ‌ခြေအနေများအား လေ့လာသင့်ပြီး နိုင်ငံရေးပါတီများနှင့် ဆွေးနွေးတိုင်ပင်ကာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်ကြောင်း ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများက ဆိုသည်။ ယခု အ‌ခြေ အနေများအား UEC က မည်သို့ တုံ့ပြန်သွားမည် ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလျက်ရှိ‌နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required