နိုင်ငံတော်နှင့် အစိုးရ ဘာတွေကွာခြားလဲ

နိုင်ငံတော်နှင့် အစိုးရ ဘာတွေကွာခြားလဲ

ဇူလိုင် ၇

အတော်များများက နိုင်ငံတော် State နှင့် အစိုးရ Government ကို အတူတူပဲဟု ထင်မှတ်တတ်ကြသည်။ တကယ်တော့  နိုင်ငံတော်နှင့် အစိုးရအကြား စကားလုံးအသုံးအနှုံးသာမက ပိုမိုသော မတူညီမှုများရှိသည်။ ယခု ပြောပြမည့်အကြောင်းအရာများကို Article library မှ ပြန်လည်ကောက်နှုတ် ဘာသာပြန်ဖော်ပြပါသည်။

  • ၁. အစိုးရသည် နိုင်ငံတော်၏ အင်္ဂါရပ်တစ်ခုသာ ဖြစ်သည်။

နိုင်ငံတော် သို့မဟုတ် နိုင်ငံတစ်ခုတွင် အဓိက အရေးပါသည့် အင်္ဂါရပ် လေးခုရှိသည်။ ယင်းတို့သည် ပြည်သူ၊ နယ်မြေပိုင်နက် အပိုင်းအခြား၊ အစိုးရ နှင့် အချုပ်အချာအာဏာ တို့ ဖြစ်သည်။ အစိုးရသည် နိုင်ငံ၏ အခြေခံအင်္ဂါရပ်တစ်ခုသာ ဖြစ်သည်။ ယင်းသည် နိုင်ငံအတွက် ထမ်းဆောင်ပေးရသည့် နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

  • ၂. အစိုးရသည် အေဂျင်စီတစ်ခု သို့မဟုတ် နိုင်ငံ၏ ကိုယ်စားလှယ် ဖြစ်သည်။

အစိုးရသည် နိုင်ငံ၏ အေဂျင်စီတစ်ခု ဖြစ်သည်။ ယင်းသည် နိုင်ငံအတွက် ထမ်းဆောင်ရသည်။ ယင်းသည် နိုင်ငံ၏ အလိုဆန္ဒကို ဥပဒေများအဖြစ် ဖန်တီးပေးရသော၊ နိုင်ငံ၏ ဥပဒေများကို အကောင်အထည်ဖော်ပေးရသော၊ နိုင်ငံ၏ ဥပဒေများကို လိုက်လျောညီထွေမှု ရှိစေရန် လုပ်ဆောင်ပေးရသော အေဂျင်စီမျိုး ဖြစ်သည်။ အစိုးရသည် နိုင်ငံ၏ ကိုယ်စား အာဏာနှင့် လုပ်ပိုင်ခွင့်တို့ကို ကျင့်သုံးဆောင်ရွက်သည်။

  • ၃. နိုင်ငံတော်သည် စိတ်ကူးအယူအဆသဘော ဖြစ်ပြီး အစိုးရသည် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အရာဖြစ်သည်။

နိုင်ငံသည် အချုပ်အချာအာဏာ ကျင့်သုံးရန် စီစဉ်ထားပြီး တိကျသော နယ်မြေပိုင်နက်တစ်ခုတွင် မှီတင်းနေထိုင်ကြသော လူအစုအဖွဲ့တစ်ခုကို ရည်ညွန်းရန် အသုံးပြုသည့် အယူအဆ၊ အိုင်ဒီယာ သို့မဟုတ် အမည်တစ်ခု ဖြစ်သည်။ နိုင်ငံကို မြင်တွေ့နိုင်ခြင်း မရှိပေ။ အစိုးရကို နိုင်ငံရှိ ပြည်သူများက ဖွဲ့စည်းသည်။ ယင်းကို ပြည်သူ့ကိုယ်စားလှယ်များက ဖွဲ့စည်းသည်။ ယင်းတွင် တိကျသေချာပြီး၊ အဓိပ္ပါယ်ဖွင့်ဆိုထားသော အဖွဲ့အစည်းနှင့် ပုံစံတစ်ခု ရှိသည်။ယင်းကို နိုင်ငံ၏ အာဏာကို ကျင့်သုံးဆောင်ရွက်သည့် လူအဖွဲ့တစ်ခုအဖြစ် မြင်နိုင်သည်။

  • ၄. အစိုးရကို နိုင်ငံရှိ ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုကသာ ဖွဲ့စည်းသည်။

ပြည်သူတစ်ရပ်လုံးသည် နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အားလုံးသော ပြည်သူတို့သည် နိုင်ငံသားများ ဖြစ်ကြသည်။ သို့သော် အစိုးရကို ပြည်သူ့ကိုယ်စားလှယ်များက ဖွဲ့စည်းသည်။ ပြည်သူ့ ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ခံရသည့် လူတစ်ချို့ကသာလျင် နိုင်ငံ၏ အစိုးရကို ဖွဲ့စည်းသည်။ ၎င်းတို့၏ အရေအတွက်များကို ရာဂဏန်းအနည်းငယ်အထိသာ ကန့်သတ်ထားသည်။ ဥပမာ- အိန္ဒိယတွင် ပါလီမန်လွှတ်တော်အမတ်များနှင့် ဥပဒေပြုလွှတ်တော်အမတ်ဦးရေ  ၅၅၀၀ ဝန်းကျင်က နိုင်ငံလူဦးရေစုစုပေါင်းဖြစ်သည့် တစ် ဘီလီယံကျော်ကို ကိုယ်စားပြုပြီး ဗဟိုနှင့် ပြည်နယ်အားလုံးရှိ နိုင်ငံရေးအာဏာကို ကျင့်သုံးဆောင်ရွက်သည်။

  • ၅. နိုင်ငံတစ်နိုင်ငံ၏ အဖွဲ့ဝင် ဖြစ်ခြင်းက မလုပ်မနေရ ဖြစ်သော်လည်း အစိုးရ၏ အဖွဲ့ဝင်ဖြစ်ခြင်းက မလုပ်မနေရမျိုး မဟုတ်ပေ။

ပြည်သူအားလုံးသည် နိုင်ငံ၏ နိုင်ငံသားများဖြစ်သည်။ ၎င်းတို့သည် နိုင်ငံလူဦးရေကို အတူတကွ ဖြစ်ထွန်းစေသည်။ လူတစ်ဦးချင်းစီသည် ပုံမှန်အားဖြင့် မွေးဖွားချိန်တွင် အလိုအလျောက်အားဖြင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ကို ရရှိပြီး ယင်းအတိုင်း ဘဝကို ဆက်လက်ရပ်တည်သွားနိုင်သည်။ သို့သော် အစိုးရတစ်ရပ်၏ အဖွဲ့ဝင်ဖြစ်ခြင်းက အလိုအလျောက် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ယင်း၏ အစိတ်အပိုင်းဖြစ်လာစေရန် ဖိအားမပေးနိုင်ပေ။ မည်သူမဆို ၎င်း၏ဆန္ဒအလျောက် ရွေးကောက်ပွဲတစ်ရပ် ဝင်ရောက်နိုင်ပြီး ပြည်သူ့ကိုယ်စားလှယ်များ၏ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်ခံရနိုင်သလို အစိုးရ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာနိုင်သည်။ လူတစ်ချို့ကသာ အစိုးရကို ဖွဲ့နိုင်သည်။

  • ၆. အချုပ်အချာအာဏာကို နိုင်ငံတော်က ပိုင်ဆိုင်ပြီး အစိုးရက မပိုင်ဆိုင်ပေ။

အချုပ်အချာအာဏာသည် နိုင်ငံ၏ ဝိသေသ လက္ခဏာရပ် ဖြစ်သည်။ ယင်းကို နိုင်ငံက ပိုင်ဆိုင်သည်။ အစိုးရက နိုင်ငံ၏ ကိုယ်စား အာဏာကို ကျင့်သုံး အသုံးချသည်။ ယင်းသည် နိုင်ငံ၏ အချုပ်အချာအာဏာ၏ အခြေခံအပေါ်တွင် ကျင့်သုံးလုပ်ဆောင်သည်။ အချုပ်အချာ အာဏာသည် နိုင်ငံတစ်နိုင်ငံ၏ ပြည့်စုံကျယ်ပြန့်သော၊ အကြွင်းမဲ့ဖြစ်သော၊ အကန့်အသတ်မရှိသော၊ အားလုံးပါဝင်သော အမြင့်ဆုံး အာဏာဖြစ်သည်။ ကောင်းစွာ အဓိပ္ပါယ်ဖွင့်ထားသော၊ ကန့်သတ်ထားသော အာဏာများကိုသာလျင် အစိုးရက ကျင့်သုံးသည်။

  • ၇. နယ်မြေပိုင်နက်အပိုင်းအခြားကို နိုင်ငံက ပိုင်ဆိုင်သည်။

နိုင်ငံတွင် အချုပ်အချာအာဏာ ပိုင်ဆိုင်ခွင့်နှင့် ယင်း၏ နယ်မြေအပိုင်းအခြားအပေါ် စီရင်ပိုင်ခွင့် ရှိသည်။ နိုင်ငံသည် နယ်မြေပိုင်နက် အရာတစ်ခုဖြစ်ပြီး နယ်မြေပိုင်နက်ကို ယင်းက ပိုင်ဆိုင်သည်။ အစိုးရသည် နိုင်ငံ၏ နယ်မြေပိုင်နက်ကို ထိန်းသိမ်းစောင့်ရှောက်၊ ကာကွယ်ရမည့် တာဝန်ဝတ္တရား ရှိသည်။ အစိုးရက ပြဋ္ဌာန်းသော ဥပဒေများသည် နိုင်ငံ၏ နယ်မြေပိုင်နက် အစိတ်အပိုင်းအားလုံးနှင့် သက်ဆိုင်သော်လည်း နယ်မြေပိုင်နက်က အစိုးရပိုင်မဟုတ်ဘဲ နိုင်ငံက ပိုင်ဆိုင်သည်။

  • ၈. နိုင်ငံတိုင်းတွင် တစ်ညီတစ်ညွတ်တည်းသော အဓိက အင်္ဂါရပ်လေးခု ရှိသည်။ သို့သော် အစိုးရ၏ ဖွဲ့စည်းပုံများနှင့် အင်္ဂါရပ်များသည် နိုင်ငံတစ်ခုနှင့် တစ်ခု မတူကွဲပြားသည်။

နိုင်ငံတိုင်းတွင် ပြည်သူ၊ နယ်မြေပိုင်နက်၊ အစိုးရနှင့် အချုပ်အချာအာဏာ ဟူသော အဓိက အင်္ဂါရပ်လေးခုနှင့်အတူ တူညီသော စရိုက်လက္ခဏာရပ် ရှိသည်။ သို့သော် အစိုးရများသည် မတူညီသော ဖွဲ့စည်းမှုများဖြင့် ရှိနိုင်သည်။ ပါလီမန်စနစ် သို့မဟုတ် သမ္မတစနစ် ၊ တစ်ပြည်ထောင်စနစ် သို့မဟုတ် ပြည်ထောင်စုစနစ် သို့မဟုတ် ယင်းတို့ကို ရောနှောထားမှုတို့ ဖြင့် ရှိနိုင်သည်။ အစိုးရတစ်ရပ်သည် ဘုရင်စနစ် သို့မဟုတ် ပညာတတ်လူနည်းစုအုပ်ချုပ်မှုစနစ် သို့မဟုတ် ဒီမိုကရေစီစနစ် သို့မဟုတ် အာဏာရှင်စနစ်တို့လည်း ဖြစ်နိုင်သည်။ ပြည်သူများအနေဖြင့် ရွေးချယ်မှုအရ ၎င်းတို့၏ အစိုးရ၏ ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်သည်။ သို့သော် နိုင်ငံသည် လွတ်လပ်စွာ တည်ရှိပြီး တူညီသော ဝိသေသလက္ခဏာရပ်တစ်ခု ရှိသည်။

  • ၉. နိုင်ငံသည် အမြဲထာဝရ ဖြစ်ပြီး အစိုးရသည် ယာယီဖြစ်သည်။

အစိုးရများသည် ပုံမှန်ပင် တက်လိုက် ဆင်းလိုက်မျိုးပင် ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ပြီးတိုင်း အစိုးရ ပြောင်းလဲသည်။ယင်းသည် ရွေးကောက်ပွဲတစ်ခုကနေ တဆင့် သို့မဟုတ် တော်လှန်ရေးတစ်ခုကနေတဆင့် လုံးလုံးလျားလျား အပြောင်းအလဲတစ်ခုကို ကြုံရနိုင်သည်။ နိုင်ငံသည် အမြဲထာဝရဖြစ်သည်။ ယင်းသည် အချုပ်အချာအာဏာကို ဆက်လက် ခံစားရရှိထားသမျှ ကာလပတ်လုံး ဆက်ရှိနေမည် ဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့နောက်ပိုင်း အချုပ်အချာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ဆက်လက် ရပ်တည်လျက် ရှိသည်။ သို့သော် အစိုးရအာဏာမသက်ရောက်သော နယ်မြေအချို့ရှိသည်။

ယင်းအတွက်ကြောင့် နိုင်ငံနှင့် အစိုးရအကြား ကောင်းစွာ အဓိပ္ပါယ်ဖွင့်ထားသော၊ ကောင်းစွာ အသိအမှတ်ပြုလက်ခံထားသော မတူခြားနားချက်အချို့ ရှိနေသည်။ သာမန် အသုံးအနှုန်းပိုင်းတွင် ယင်းနှစ်ခုအကြား ကွဲပြားမှုမျိုး မရှိသည့် အခြေအနေမျိုးလည်း ရှိသည်။ အစိုးရဌာနတစ်ခုကို တခါတရံ နိုင်ငံဌာနအဖြစ် ရည်ညွန်းသည်။

ထိုနည်းတူစွာပင် နိုင်ငံသယ်ယူပို့ဆောင်ရေး၊ နိုင်ငံသတင်းစာတို့သည် အမှန်တကယ်အားဖြင့် အစိုးရ သယ်ယူပို့ဆောင်ရေး နှင့် အစိုးရ သတင်းစာတို့ပင်ဖြစ်သည်။ အမှန်တကယ်တမ်းဆိုလျင် ယင်းသည် နိုင်ငံ အမည်ကို မတိကျသည့် အသုံးပြုမှုတစ်ခုဖြစ်သည်။  နိုင်ငံရေးသိပ္ပံ ကျောင်းသားတစ်ဦးအနေဖြင့် နိုင်ငံနှင့် အစိုးရအကြား မတူကွာခြားမှုကို အပြည့်အ၀ နားလည်သဘောပေါက် လက်ခံကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly