အောင်လအန်ဆန်နဲ့ Martin Nguyen တို့ ထိပ်တိုက်တွေ့ဆုံမှု

ဇွန် ၁၅

ခေါင်းစဉ်ကြည့်လိုက်တာနဲ့ သို့လောသို့လော ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာအားကစားသမား “မြန် မာ့စပါးအုံး” အောင်လအန်ဆန် နဲ့ ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဗီယက်နမ်-သြစတြေးလျ အားကစားသမား Martin “The Situ-Asian” Nguyen တို့က တစ်သင်းတည်းဖြစ်သလို အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်နေလို့ပါပဲ။ ကြိုးဝိုင်းပြင်ပမှာ ညီအစ်ကိုအ ရင်းတွေလို တပူးတွဲတွဲရှိတတ်တဲ့ ၎င်းတို့နှစ်ယောက်ဟာ ပြိုင်ပွဲတွေယှဉ်ပြိုင်ချိန်မှာလည်း အကူလူဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီ လောက် ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက် ဘာကြောင့်များထိပ်တိုက်တွေ့ရသလဲဆိုတာ စိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲ။

စင်ကာပူအခြေစိုက် အာရှအကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာလအတွင်း ပြိုင်ပွဲတွေရပ်နားထားချိန်မှာ အားကစားသမားတွေနဲ့ ပရိသတ်တွေ စိတ်အပန်းပြေစေမယ့် အစီအစဉ်ပေါင်းများစွာ ဖန်တီး တင်ဆက်လျက်ရှိရာမှာ ONE FACE-OFF ဆိုတဲ့ စိတ်လှုပ်ရှား ရယ်မောစရာပြိုင်ပွဲလေးတစ်ခု ဖြစ်တည်လာခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ပြုလုပ်တဲ့ ဆီမီးနယ်အဆင့်မှာ ထိပ်တိုက်ဆုံတွေ့လာသူတွေက အောင်လအန်ဆန်နဲ့ Martin Nguyen တို့ဖြစ်ပြီး မိမိကျွမ်းကျင်ရာတစ်ခု ကိုပြသခြင်း၊ အကောင်းဆုံး ပြိုင်ပွဲဝင်လှုပ်ရှားမှု၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို အလျင်အမြန်ရှာဖွေနိုင်မှု ဆိုတဲ့ စိန် ခေါ်မှု ၃ ခုကို တစ်ယောက်တစ်လှည့်စီ ပြုလုပ်ရတာဖြစ်ပါတယ်။ 

အစီအစဉ်တင်ဆက်သူအဖြစ် ONE Championship ရဲ့အစီအစဉ်တင်ဆက်သူ Michael Schiavello ကပြုလုပ်ပြီး အမှတ်ပေးဒိုင်လူ ကြီး ၃ ဦးအဖြစ် ONE Championship ဒုတိယဥက္ကဋ္ဌ Miesha Tate၊ ကြိုးဝိုင်းအတွင်း အစီအစဉ်ကြေညာသူ Dom Lau၊ Schiavello နဲ့ အတူ ပူးတွဲတင်ဆက်သူအဖြစ်ဆောင်ရွက်နေတဲ့ Mitch Chilson တို့က ဆောင်ရွက်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် အားကစားသမားနှစ်ဦးနဲ့ ဒိုင်လူ ကြီးတွေက သက်ဆိုင်ရာနေအိမ်ကနေ video conferencing နဲ့ ပါဝင်တင်ဆက်ခဲ့ကြတာပါ။ စိန်ခေါ်ယှဉ်ပြိုင်မှုတစ်ခုချင်းစီတိုင်းအတွက် ဒိုင်လူကြီး ၃ ဦးက တစ်မှတ်စီပေးကာ အနိုင်ရသူကို ကြေညာပေးတာဖြစ်ပြီး အနိုင်ရသူက ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားက စား Brandon “The Truth” Vera နဲ့ ဟောင်ကောင်အားကစားသမား Alain “The Panther” Ngalani တို့အတွဲကနေ အနိုင်ရမယ့်သူနဲ့ ဗိုလ်လုပွဲ ထပ်မံယှဉ်ပြိုင်ရမှာပါ။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြိုးဝိုင်းနဲ့အဆက်ပြတ်နေတဲ့ အားကစားသမားတွေ၊ ပရိသတ်တွေအ တွက် စိတ်လှုပ်ရှားစရာ၊ ရယ်မောပျော်ရွှင်စရာရသကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

၁။ မိမိကျွမ်းကျင်ရာတစ်ခုကို ပြသခြင်း

ဒီစိန်ခေါ်မှုမှာ Martin Nguyen က အမည်းရောင် ONE ကတ်ပြားအလယ်မှာ အကြွေစေ့တစ်ခုကိုတင်ကာ ညာဘက်လက်ခလယ်ပေါ် တင်ပြီး ဘယ်လက်နဲ့ ကတ်ပြားကိုတောက်ချရာမှာ အကြွေစေ့က ကတ်ပြားနဲ့အတူ လွင့်မသွားဘဲ ညာလက်ခလယ်မှာ တင်ကျန်ရစ်ခဲ့ပါ တယ်။ ၎င်းရဲ့ကျွမ်းကျင်မှုက အံ့အားသင့်စရာကောင်းပေမဲ့လည်း ဒိုင်လူကြီးတွေက အချိုရည်သံဗူးခွံကို နဖူးနဲ့ဆောင့်တိုက်ပြပြီး သံဗူးအခွံ ကို ကားတက်ကြိတ်သလို ပိန်လိမ်တွန့်ချိုင့်သွားအောင် လုပ်ခဲ့တဲ့ အောင်လအန်ဆန်ရဲ့သန်မာမှုစွမ်းရည်ကို သဘောကျကာ  ဝိတ်တန်း နှစ်ခု ကမ္ဘာ့ချန်ပီယံကို ၃-၀ မှတ်နဲ့ အနိုင်ပေးခဲ့ပါတယ်။

၂။ အကောင်းဆုံး ပြိုင်ပွဲဝင်လှုပ်ရှားမှု 

ယခုစိန်ခေါ်မှုမှာတော့ Sanford MMA အသင်းသားနှစ်ယောက်စလုံးက ဒူးတိုက်ချက်တွေကို ကိုယ်စီပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒိုင်လူ ကြီး ၃ ဦးစလုံးက နာမည်ကျော် ဒူးပျံတိုက်ကွက်ပိုင်ရှင် Martin Nguyen ကို ၃-၀ နဲ့ အနိုင်ပေးခဲ့တာကြောင့် ဗိုလ်လုပွဲတက်မယ့်သူကို နောက်ဆုံးယှဉ်ပြိုင်မှု ပြီးဆုံးချိန်ကျမှ သိခွင့်ရခဲ့ပါတယ်။

၃။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရှာဖွေမှု

ဒီစိန်ခေါ်မှုမှာ အပိုင်း ၃ ပိုင်းပါဝင်ပြီး စက္ကန့် ၃၀ အတွင်း ကျန်းမာရေးနှင့်ညီညွတ်သော အစေ့အနှံဖြင့်ပြုလုပ်ထားသောမုန့်၊ ထူးခြားဆန်း ပြားသောအသီး၊ ကယ်လိုရီလောင်ကျွမ်းစေသော အချိုတည်းစရာမုန့်ကို ရှာဖွေယူပြရတာဖြစ်ပါတယ်။ Martin Nguyen က ဂျုံဖြင့်ပြုလုပ် ထားသောမုန့်၊ လိမ္မော်သီးလို အသီးနှစ်လုံး၊ ရေခဲချောင်းတို့ကို ရေခဲသေတ္တာထဲက အချိန်မီယူဆောင်ပြနိုင်ခဲ့ပါတယ်။ အောင်လကလည်း နွားနို့နဲ့တွဲစားလို့ရတဲ့ ရောင်စုံမုန့်ချိုဗူး၊ ဆူးတွေပါတဲ့ သရက်သီးလို အသီးတစ်လုံး၊ ရေခဲမုန့်ဗူးကြီးတစ်ဗူးတို့ကို ယူဆောင်နိုင်ခဲ့ပါတယ်။ ဒီ အပိုင်းမှာ ဒူးရင်းသီးလို ဆူးတွေပါတဲ့ အစိမ်းရောင်အသီး၊ ရေခဲမုန့်ဗူးကြီးတွေက ဒိုင်လူကြီးတွေရဲ့ရမှတ်တွေကို စုဆောင်းနိုင်ခဲ့ပြီး ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မြန်မာအားကစားသူရဲကောင်း အောင်လအန်ဆန်က ၆-၃ မှတ်နဲ့အနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲကို တက် လှမ်းသွားခဲ့ပါတယ်။ 

ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အစားအစာ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ foodpanda နဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့အောင်လအတွက် ကြည်နူးစရာဖြစ်ရပ်လို့ဆိုနိုင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly