ကမ္ဘာကျော်အဆိုတော်များစွာပါဝင်သည့် ONE World : Together At Home အွန်လိုင်းဂီတပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

ကမ္ဘာကျော်အဆိုတော်များစွာပါဝင်သည့် ONE World : Together At Home အွန်လိုင်းဂီတပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

ဧပြီ ၁၈

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ဧပြီလ ၁၆ ရက်အထိ ကမ္ဘာတစ်ဝှမ်း ရောဂါပိုးကူးစက်ခံရသူ ၂ ဒသမ ၁ သန်းနီးပါးရှိသွားခဲ့ပြီဖြစ်ပြီး သေဆုံး သူအရေအတွက်က ၁၃၄၆၁၆ ဦးရှိနေပါပြီ။ ကမ္ဘာ့ နိုင်ငံတိုင်းလိုလိုက ဒီရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေကြပြီး ဗိုင်းရပ်စ်ကူးစက်မခံရဖို့အတွက် လက်မကြာခဏ ဆေးကြောတာ၊ အိမ်ပြင်မထွက်ဘဲ သီးသန့်နေထိုင်တာတွေ ပြုလုပ်လျက်ရှိပါတယ်။ လူစုလူဝေးရှိတဲ့နေရာတွေမှာ ရောဂါကူးစက်မှုနှုန်း က မြန်ဆန်လွန်းတာကြောင့် တတ်နိုင်သလောက် မိမိတို့ရဲ့နေအိမ်မှာသာ နေထိုင်ဖို့က အရေးကြီးပါတယ်။

COVID-19 တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေသူတွေကတော့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူတွေရဲ့အသက်ကို ကာ ကွယ်ဖို့၊ ရောဂါပိုး ထပ်မံကူးစက်မှုမရှိစေဖို့အ တွက် ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့မနား၊ ညမအားဆိုသလို အလုပ်လုပ်ကိုင်နေကြရပါတယ်။ လူသားတွေအနေနဲ့လည်း နေအိမ်မှာ သာ နေထိုင်နေရတာကြောင့် စိတ် ဓာတ် ခွန်အား ပျက်ပြားတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်း ပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship နဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Global Citizen တို့က ကျန်းမာ ရေးဝန် ထမ်းတွေ၊ ကမ္ဘာတစ်လွှားက နေအိမ်တွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မခံရစေဖို့ အိမ်တွင်းပုန်းနေကြတဲ့ လူသားတွေ စိတ်ဓာတ်ခွန်အားရရှိစေ ဖို့ ကမ္ဘာကျော်အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အားကစားအကျော် အမော်တွေ ပါဝင်ကြမယ့် အွန်လိုင်း တိုက်ရိုက် ဂီတဖျော်ဖြေပွဲကြီးတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဂီတဖျော်ဖြေပွဲကြီးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့လမ်းညွှန်မှုနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လူမှုကွန်ရက်ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ အချိန် ၈ နာရီကြာမြင့်မယ့် ဂီတဖျော်ဖြေပွဲကြီးကို ONE WORLD: TOGETHER AT HOME လို့  မည်ပေးထားပြီး Alicia Keys၊ Joe Amstrong၊ Celine Dion၊ Chris Martin၊ Elton John၊ Jennifer Lopez၊ Oprah Winfrey၊ Paul McCartney၊ Usher၊ Shah Rukh Khan၊ Priyanka Chopra Jonas၊ David & Victoria Beckham၊ Idris & Sabrina Elba၊ Keith Urban၊ Taylor Swift  အစရှိတဲ့ ကမ္ဘာကျော် အဆိုတော်တွေ အပါအဝင် အခြားကမ္ဘာကျော်ပုဂ္ဂိုလ်တွေကလည်း ဝင်ရောက် ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူအဖြစ် Lady GaGa၊ Jimmy Fallon၊ Stephen Colbert၊ Jimmy Kimmel တို့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဂီတ၊ ရုပ်ရှင်၊ အားကစားနယ်ပယ်စုံက ပုဂ္ဂိုလ်တွေအပြင် ONE Championship ဒုတိယဥက္ကဌ Miesha Tate၊ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ Brandon Vera၊ Vitor Belfort၊ Demetrious Johnson၊ Alain Ngalani၊ Angela Lee၊ Christian Lee၊ Giorgio Petrosyan၊ Xiong Jing Nan၊ Martin Nguyen၊ Aung La N Sang တို့ကလည်း ပါဝင်ပူးပေါင်းကာ ၎င်းတို့ရဲ့Home Stay အတွေ့အကြုံတွေ၊ နေအိမ်မှာ လေ့ကျင့်ခန်းလုပ်ပုံတွေ၊ ပရိသတ်တွေ သိလိုတဲ့မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးသွားကြမှာလည်း ဖြစ်ပါတယ်။

ONE WORLD: TOGETHER AT HOME ဂီတဖျော်ဖြေပွဲမှာ ပါဝင်ကြမယ့် နာမည်ကျော်ပုဂ္ဂိုလ်တွေအားလုံးက ၎င်းတို့ရဲ့နေအိမ်တွေကနေသာ ပါဝင်သီဆိုဖျော်ဖြေကြမှာဖြစ်ပြီး ရုပ်သံလွှင့်ခွင့်က ရရှိလာမယ့် အမေရိကန်ဒေါ် လာ ၃၅ သန်းကိုလည်း COVID-19 တိုက်ဖျက်ရေး ရန်ပုံငွေအတွက် လှူဒါန်းသွားမှာပါ။ ကြီးကျယ်ခမ်းနားသလို ရည်ရွယ်ချက်လည်း ကောင်းမွန်တဲ့ အဆိုပါဂီတဖျော်ဖြေပွဲကို ဧပြီလ ၁၈ ရက် (မြန်မာစံတော်ချိန်အရ ဧပြီ ၁၉ ရက်၊ နံနက် ၀၀:၃၀ နာရီ) မှာ ONE Championship official facebook  နဲ့ ONE Super App တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ နောက်တစ်ရက်အကြာမှာလည်း အဆိုပါ ONE Championship ရဲ့တရားဝင် လူမှုကွန်ရက်နှစ်ခုအပြင် YouTube၊ Twitter က ပြန်လည်ပြသပေးသွားမှာ ဖြစ်ပါတယ်။

Video Link : https://www.youtube.com/watch?v=S4hJ5GG8r5k

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly