ခန္တီးနှင့်ဟုမ္မလင်းကို နာဂဒေသထဲထည့်ပေးရန် တောင်းဆိုမှုအပေါ် ရှမ်းနီပါတီ၊ စာ/ယဉ်အဖွဲ့များ ကန့်ကွက်

By စိုင်းဦး
17 February 2020
ခန္တီးနှင့်ဟုမ္မလင်းကို နာဂဒေသထဲထည့်ပေးရန် တောင်းဆိုမှုအပေါ် ရှမ်းနီပါတီ၊ စာ/ယဉ်အဖွဲ့များ ကန့်ကွက်
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က နာဂဒေသ လေရှီးမြို့နယ်မှာ လူထုတွေ့ဆုံပွဲ လုပ်နေသည့်  အတိုင်ပင်ခံ(အတိုင်ပင်ခံရုံး)

ဖေဖော်ဝါရီ  ၁၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်း ပေးရန် တောင်းဆိုမှုကို ဒေသတွင်းနေ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီများ အပါအဝင် ရှမ်းနီပါတီနှင့် ရှမ်းနီအရပ်ဖက်အဖွဲ့စည်းတို့က ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနဲ့ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စိုင်းချစ်ညွန့်က ဟုမ္မလင်း၊ ခန္တီးမြို့များတွင် ကိုယ့်စော်ဘွား နှင့်ကိုယ် ဟော်နန်းစိုက်ကာ နေလာခဲ့သော ရှမ်းမျိုးနွယ်စုများ၏ ဒေသများသာ ဖြစ်ကြောင်း၊ နာဂဒေသထဲ ထည့် သွင်းပေးရန် တောင်းဆိုမှုကို လုံးဝ(လုံးဝ)ကန့်ကွက်ကြောင်း ဆိုသည်။

 “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဦးကီရှီးမှူးရဲ့ အဆိုတင်သွင်းတာကို မြို့နယ်ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ကနေ လုံးဝ(လုံးဝ) ကန့်ကွက်ပါတယ်၊ ခန္တီးဆိုလည်း ဟော်နဲ့ နန်းနဲ့နေခဲ့တာလေ ဒီ ဟုမ္မလင်းဆိုလည်း သောင် သွပ်စော်ဘွား ဗမာရှင်ဘုရင် မတိုင်ခင် အဆက်ဆက်နေခဲ့တာ ကုန်းဘောင်ခေတ် မတိုင်ခင်ကတည်းက ဟုမ္မလင်းရော၊ ခန္တီးမြို့ရော ကိုယ့်စော်ဘွားနဲ့ ကိုယ့် ဟော်နန်းစိုက်လို့ နေလာခဲ့တဲ့ ဒေသတွေဖြစ်တယ်။  နောက် ဘုရား၊ ကျောင်းကန်၊‌ စေတီပုထိုးတွေကအစ မြစ်ချောင်းအင်းအိုင် ရွာနာမည်ခေါ်တာ တောင်နာမည် ခေါ်တာ ရောကအစ အကုန်လုံး ရှမ်းနာမည်တွေပဲ အဲဒေသမှာ ရှမ်းနေခဲ့တယ်ဆိုတာ ထင်ရှားပြီလေ” ဟု ၎င်းက ဆို သည်။

ခန္တီးမြို့ရှိ ခန္တီး ရှမ်းစော်ဘွား စဝ်မြစိန်ခွန်နွယ် ပုံတူ ရုပ်တုကိုတွေ့ရစဉ်(ပုံ- တင်လတ်ယု)
 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ်အဖြစ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ လူထုတွေ့ဆုံပွဲ တစ်ခု ပြုလုပ်စဉ် လေရှီးမြို့နယ်မှ ဦးကီရှီးမှူးက ဟုမ္မလင်းနှင့် ခန္တီးကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့် သွင်း ပေးရန် တောင်းဆိုခဲ့သည်။

ဦးကီရှီးမှူးက ၁၉၆၅ ခုနှစ်က ခန္တီးခရိုင်အတွင်း ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊နန်းယွန်း စသည့် မြို့နယ်များ ပါဝင်ခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပြီးနောက်တွင် လေရှီး၊ လဟယ်၊ နန်းယွန်းတို့ကို  နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဖြစ် သတ်မှတ်လိုက်ရာ လုပ်ပိုင်ခွင့် နည်းသွားသည့်အတွက် ခန္တီး၊ ဟုမ္မလင်း တို့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြန်လည်ဖွဲ့စည်းပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လေရှီးမြို့နယ်မှာ လူထုတွေ့ဆုံပွဲ လုပ်စဉ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုအပေါ် အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲဖြင့် လေရှီးမြို့နယ်မှ ဦးကီရှီးမှူး၏ နာဂ ဒေသ ဖွံ့ဖြိုးရေးအတွက် အထူးဒေသအဖြစ် သတ်မှတ် ဆောင်ရွက်ပေးရေးနှင့် ခန္တီးနှင့် ဟုမ္မလင်းမြို့တို့ကို နာဂ ဒေသထဲသို့ ပြန်လည် ထည့်သွင်းသတ်မှတ်ပေးရေး တင်ပြချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအ နေကို စိစစ်၍ ပြန်လည်တင်ပြရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးမှ ခန္တီးနှင့် လဟယ် အုပ်ချုပ်ရေးမှူးသို့ ပေးပို့သောစာမှာ ဖော်ပြထားသည်။

ထို့နောက် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေအား လိုအပ်သော စာရွက်စာတမ်း အထောက်အထားများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၉ နာရီအရောက် မပျက် မကွက်(မပျက်မကွက်) ပြန်လည်တင်ပြရန် ဖော်ပြပါရှိသည်။

ဟုမ္မလင်းမြို့ကိုတွေ့ရစဉ်(ပုံ -  မြအိုးစည်)

ထိုလမ်းညွန်မှာကြားစာ ထွက်ပေါ်လာပြီးနောက် ဟုမ္မလင်းနှင့် ခန္တီးမြို့များရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ များ၊ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)၊ ရှမ်းတိုင်းရင်းသား များ စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်-မုံရွာ)တို့က ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ထို့အပြင် ခန္တီးမြို့မှ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ခန္တီး)က ခန္တီးနှင့် ဟုမ္မလင်းကို နာဂဒေသထဲ ထည့်သွင်းရန် တောင်းဆိုမှုကို ကန့်ကွက်ကြောင်း၊ လီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ခန္တီး) ကလည်း သဘော မတူပါကြောင်း၊ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ခန္တီး)ကတော့ လူမျိုးရေး ပဋိပက္ခအသွင်ဆောင် မည့် နောက်ဆက်တွဲပြဿနာများအား ရှောင်ရှားစေလိုကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့စွဲဖြင့် အသီးသီး ထုတ်ပြန်ခဲ့သည်။

ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်က“အဆိုပါ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့တို့သည် ရှေးနှစ်ပေါင်း များစွာကပင် ရှမ်းနီ ဧကရာဇ်စော်ဘွားများ အစဉ် အဆက် အုပ်ချုပ်လာသော ဒေသဖြစ်ပြီး ဒေသတွင်း တိုင်းရင်းသားများနှင့် အေး အတူပူအမျှ အေးချမ်းစွာ နေထိုင်ခဲ့သော ဒေသဖြစ်သည်။ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ခေတ်ကာလ (စော်ဘွား များ အာဏာ မအပ်မှီအထိ) သာသနာနှစ် ၁၁၂ ခုနှစ်(BC-432) မိုးကောင်း မင်းတရား ကြီး စဝ်ဆမ့်လုံ မှစ၍ (AD-1952) ခန္တီးစော်ဘွား စဝ်မြစိန်ခွန်နွယ်၊ သောင်သွပ်စော်ဘွား စဝ်ခွန်ဆောင်း အထိ ခေတ်အဆက်ဆက် ရှမ်းနီလူမျိုးများ၏ နယ်မြေဖြစ်ကြောင်း မှတ်တမ်းများတွင် အထင်အရှားရှိကြောင်း”  ဟု ဖေဖော်ဝါရီလ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဆိုထားသည်။

ခန္တီးမြို့သည် ရှမ်းနီဘာသာစကားဖြင့် မှည့်ခေါ်ထားသော အမည်ဖြစ်ပြီး ယခင်က ခန္တီး မဟုတ်ဘဲ ခမ်း(ရွှေ)၊ တီ( တည်နေရာ)ဟူသော အဓိပ္ပာယ်ထွက်ကာ ရွှေထွက်ရာအရပ်ဟု ခေါ်ဆိုသည့်အတွက် ခမ်းတီဟု ခေါ်ဝေါ်ခဲ့ရာ နောက်တွင် ခန္တီးဟု အစိုးရက မှည့်ခေါ်လာခြင်းသာ ဖြစ်သည်။

ထို့အပြင် ဟုမ္မလင်းမြို့မှာလည်း ယခင်က ဟုံး(ညောင်)၊ မလင်း(ပိန္နဲပင်)ဟူသော အဓိပ္ပာယ်ထွက်ကာ ညောင်ပိန္နဲပင်ဟု ခေါ်ဆိုခဲ့ရာ နောက်ပိုင်းတွင် အစိုးရက ဟုမ္မလင်းဟု မှည့်ခေါ်လာခြင်း ဖြစ်သည်။

ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆေဝမ်းဖှ  “ဒါကို သူတို့အတွက် ပိုင်ဆိုင်မှု ပြုလိုက်မယ်ဆိုရင် တော် တော်လေး ပဋိပက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ် ပေါ့နော်၊ ဒါကို ထိုက်ထိုက်တန်တန် တုန့်ပြန်ပြီးတော့မှ ရအောင် ပြန်ပြီး ကြိုးစားရတဲ့ နည်းတွေကလည်း  တခြား နည်းလမ်းတွေ ဖြစ်ကုန်ကြရင် ဒါတွေက မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်စေတာပေါ့ဗျာ။ အကောင်းဆုံးကတော့ ကျွန်တော်တို့ ခုလို ကန့်ကွက်တဲ့ အတွက် ဖြစ်စေချင်တာကတော့ သူတို့ရဲ့တောင်းဆိုမှုကို ပြန်ရုပ်သိမ်း စေချင်တာပေါ့ဗျာ။ ဒါက ပြေပြေလည်လည်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အေးအတူ ပူအမျှ နေသွားလို့ ရသွားတာပေါ့”ဟု ပြောသည်။

လက်ရှိတွင် ဟုမ္မလင်းမြို့နယ်၏ နောက်ဆုံး သန်းခေါင်စာရင်း လူဦးရေမှာ ရှမ်းနီလူဦးရေ ၁၇၀၇၀၀ ဦး၊ နာဂ လူဦးရေ  ၁၉၂၂ ဦး၊ ချင်းလူဦးရေ ၆၆၀၀ ဦး ရှိပြီး တခြားသော တိုင်းရင်းသားများ အနည်းငယ် နေထိုင်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသထဲသို့ ထည့်သွင်းပေးရန် တောင်းမှု ရှိခဲ့ဖူးသည်။

ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲသို့ ထည့်သွင်းပေးပါက လူမျိုးများ ပဋိပက္ခ များဖြစ်နိုင်သလို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ကြားမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly