NLD ပါတီဝင် ဦးဇေယျာမင်း ပျောက်ဆုံးမှု တစ်ပတ်ကျော် လာသည့်တိုင် သတင်းအစအန မသိရသေး

NLD ပါတီဝင် ဦးဇေယျာမင်း ပျောက်ဆုံးမှု တစ်ပတ်ကျော် လာသည့်တိုင် သတင်းအစအန မသိရသေး

ဖေဖော်ဝါရီ ၁၇ ။               ။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အလုပ်အမှုဆောင် ကော်မတီဝင် ဦးဇေယျာမင်း ပျောက်ဆုံးနေသည်မှာ တစ်ပတ်ကျော် ကြာလာပြီး ဖြစ်သော် လည်း  ယနေ့ချိန်ထိ သတင်းအစအန မသိရှိရသေးကြောင်း မိသားစု အပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပါတီဖက်က ပြောသည်။

ဦးဇေယျာမင်းသည် ဖေဖော်ဝါရီလ ၈ ရက် ည ၆ နာရီကျော် အချိန်က အစ်ကို ဝမ်းကွဲဖြစ်သူနှင့်အတူ နေအိမ်သို့ ပြန်လာစဉ် ကုလားပုန်းကျေးရွာနှင့် ကျောက်ဆောက်ကျေးရွာကြားမှာ လက်နက်ကို င် ထား သည့် လူတစ်စု၏ ဖမ်းဆီးခြင်းကို ခံလိုက် ရပြီး အတူပါလာသော အစ်ကို ဝမ်းကွဲဖြစ်သူကိုတော့ ပြန်လွှတ် ပေးလိုက်သည်ဟု ပြန်လွတ်လာသူ၏ ပြောပြချက်ကို ကိုကား၍ ရမ်းဗြဲ NLD ပါတီက ပြောထား သည်။

ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ဦးဇေယျာမင်း ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ မည်သည့် အဖွဲ့အစည်း ကမှ တစ်စုံတစ်ရာ ဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးကြောင်း ပြောသည်။“ဘာမှ မကြားရဘူး သတင်းက မသိရဘူး။ ဘယ်က ဖမ်းတယ်ဆိုတာ အဲလိုမျိုးလည်း မသိသေးပါဘူး” ဟု ၎င်းက ပြော သည်။

နိုင်ငံတကာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံ အမှုရင်ဆိုင်နေရခြင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည် ကြောင်း ထောက်ခံပွဲ ပြုလုပ်ခဲ့သည့် ရမ်းဗြဲ NLD ပါတီဝင်များကို ထောက်ခံပွဲ အပြီးတွင် လူမှုကွန်ယက်ပေါ်မှ တဆင့် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် ရမ်းဗြဲ NLD ပါတီက ပြောသည်။

အဆိုပါ ထောက်ခံပွဲကြောင့် ဦးဇေယျာမင်းကို AA အဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်များက ယူဆနေ ကြသော်လည်း ဦးဇေယျာမင်းကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း AA က ပြောသည်။အလားတူပင် တပ်မတော်ကလည်း ဦးဇေယျာမင်းကို ဖမ်းဆီးထားခြင်း မရှိဟုဆိုထားသည်။

လက်ရှိမှာတော့ ဦးဇေယျာမင်း ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရမ်းဗြဲမြို့မရဲစခန်းတွင် အကြမ်းဖက် တိုက်ဖျက်မှု ဥပဒေ ပုဒ်မ ၅၀(က)၊(ခ) ဖြင့် မိသားစုဝင်များက အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
ထိုပျောက်ဆုံးနေမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခံရသည့် ကုလားပုန်း ကျေးရွာနှင့် ကျောက်ဆောက် ကျေးရွာဘက် သို့ မြေပြင် ကွင်းဆင်း စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ တစ်စုံတစ်ရာ ထူးခြားမှု မတွေ့  ရသေး သဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ် ကြောင်း ရမ်းဗြဲမြို့မရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အမည်မဖော်လိုသော ရမ်းဗြဲမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “စုံစမ်းဆဲပါ၊ တိုင်ချက်ရပြီးတာနဲ့ကို ကျွန်တော်တို့ အမှုရှင် ပေါ့နော်။ စခန်းမှူး ကိုယ်တိုင် စစ်တယ်၊ သူကိုယ်တိုင် တပ်ဖွဲ့ဝင် တွေနဲ့အကုန် သွားပြီးပါပြီ ခင်ဗျား။ သတင်းရမယ့် နေရာ ကို လိုက်ရှာနေကြပါတယ်။ သူတို့ တိုင်ချက်မှာတော့ ကုလားပုန်းရွာနဲ့ ကျောက်ဆောက်ရွာလို့ ပါတယ်။ အဲဒီကို သွားပြီး စုံစမ်းတာပေါ့ ”ဟု ပြောသည်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ကျွန်တော်တို့ နောက်ထပ်တော့ အထောက်အထားဘာမှ မတွေ့ရှိ ရသေးပါဘူး။ အုပ်ချုပ်ရေးပိုင်းနဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေမှာ ဆွေးနွေး ဖက် တွေ အနေနဲ့ မေတ္တာရပ်ခံပြီးတော့ ပြန်လွှတ်ဖို့ ကြိုးစားမယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနည်းအရ ဆောင်ရွက်နိုင်ပါမယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က ICJ မှာ တရားရင်ဆိုင် နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သည့် ဘူးသီးတောင်မြို့နယ် NLD ဥက္ကဌ ဦးရဲသိန်းကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ထို့နောက် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားစဉ် တိုက်ပွဲအတွင်းမှာ သေဆုံးသွားကြောင်း ဒီဇင်ဘာလ ၂၅ ရက်က AA မှ သတင်း ထုတ်ပြန်ခဲ့သည်။

NLD ပါတီမှ ပလက်ဝမြို့နယ် အမှတ် (၁၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ပလက်ဝ- ကျောက်တော်ကြားမှာ AA အဖွဲ့၏ ဖမ်းဆီးသွားခြင်းကို ခံခဲ့ရပြီးနောက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှာ AA ဘက်က ပြန်လွှတ်ပေးခဲ့သော ဖြစ်စဉ်များလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly