ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်းက နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်လို့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

By စိုင်းဦး
12 February 2020
ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်းက နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်လို့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ပုံ - Shan Information Committee - NLD (fb)  ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။                ။ အရင် အစိုးရလက်ထက် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်းက နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်လို့ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုနေ့ အခမ်းအနား မိန့်ခွန်း ပြောစဉ် ထည့်သွင်း ပြောခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့တွင် ကျင်းပသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိုအခမ်းအနားမှာ မိန့်ခွန်း ပြောခဲ့ သည်။

“ခေတ်အဆက်ဆက် အစိုးရတွေဟာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ ကြိုးစားခဲ့ကြပေမယ့် ငြိမ်းချမ်းရေး ရည်မှန်းချက် တွေ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ ကြပါဘူး၊ အပစ်အခတ်ရပ်စဲရေးလောက်ပဲ အမြင့်ဆုံးရရှိခဲ့တာ ဖြစ်ပြီးတော့ ရေရှည် တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ဒီလို မတည်ဆောက်နိုင်တာဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိင်ခဲ့လို့ ဖြစ် တယ်လို့ ကျွန်မတို့အစိုးရက ယုံပါ တယ်” ဟု ၎င်းက ပြောသည်။

ယခုအချိန်သည် မိမိတို့ အစိုးရသည် နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသား များ ကျေနပ် လက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ အောင်မြင်ရန် ကြိုးပမ်းဆောင်ရွက် နေသည်ဟုလည်း ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “သမိုင်းကို ပြန်ကြည့်တဲ့အခါ တစ်ယောက်ကို တစ်ယောက် အပြစ်ရှာတဲ့ အကြည့်နဲ့ မကြည့်စေချင်ပါဘူး။ အပြစ်တင် နေကြလို့လည်း အဖြေမှန် မရနိုင်ပါဘူး၊ သူ့ဖက်က ဘာမှားလဲ ကိုယ့်ဖက်မှာလည်း ဘာမှားလဲ၊ ငါတို့အားလုံး ဘာတွေမှားခဲ့ကြလဲ ဘာတွေပြင်စရာ လိုလည်းဆိုတာတွေကို ဝေဖန် ဆန်းစစ်တဲ့ အမြင်နဲ့ ကြည့်ဖို့လိုပါတယ်”ဟု ပြောသည်။

ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့သည်  နှစ်ပေါင်း ၇၃ နှစ်ရှိလာသော်လည်း တိုင်းရင်းသား အချင်းချင်းကြား အယူဝါဒ ကွဲပြားမှုများ၊ သံသယများနှင့် လွတ်လပ်ရေး ရပြီးသည်နှင့် စစ်ခင်းနေခဲ့ကြ ခြင်းကလည်း အနှစ်၇၀ ကျော်ခဲ့ပြီး ဖြစ်သလို ယခုထိ သေနတ်သံ မတိတ်သေးဘဲ ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ အရင်ကာလ တစ်လျှောက်လုံး လက်နက်ကိုင်တဲ့နည်းနဲ့ ဖြေရှင်းခဲ့တာကိုး အဲတာကြောင့်မို့ နိုင်ငံရေးပြဿနာ ဖြေရှင်းတဲ့အထိ မရောက်ခဲ့ဘူးပေါ့ဗျာ၊ အရင်အစိုးရ ဦးသိန်းစိန် လက်ထက်ကျတော့ နိုင်ငံရေးနည်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စပြီးလုပ်ဆောင်ခဲ့တာပေါ့။ ဒါပေမယ့် အဲဒီကိစ္စလည်း မအောင်မြင်သေးတာ ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့ ပြဿနာ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ တိုးပွားလာတဲ့ ပြဿနာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နိုင်ငံရေး သဘောထား မရှိခဲ့လို့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြဿနာတွေ ဖြေရှင်းဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ပင်လုံမှာလည်း ကြိုးပမ်းခဲ့တယ်”ဟု ပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁  ရာစု ပင်လုံ အစည်းအ ဝေးကို တတိယ အကြိမ်အထိ ကျင်းပထားသော်လည်း ပြည်ထောင်စု အစိတ်အပိုင်း- ၁/၂ ဟုဆိုကာ အခြေခံမူ ၅၁ ချက် ရရှိထားသည်။

အဆိုပါ အခြေခံမူ ၅၁ ချက်မှာလည်း ယနေ့ အချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ ပြည်ထောင်စု အစိတ် အပိုင်း တစ်ခု အဖြစ်သာ တည်ရှိနေသေးကြောင်း NCA ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောသည်။

လက်ရှိမှာလည်း၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တတိယအကြိမ်မြောက် ကျင်းပခဲ့ပြီးနောက် နိုဝင်ဘာလအတွင်းမှာ ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်ကို လက်ခံပေးရေး ဆိုသော စကား လုံးအပေါ် အငြင်း ပွားကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှေးကွေးသွားကာ စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံ အစည်းအဝေးကို တစ်နှစ်ကျော် ကြာလာသည့်အထိ မကျင်းပနိုင်သေးဘဲ ဖြစ်နေသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့(DKBA)၊ ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ABSDF တို့ လက်မှတ်ထိုးထားကြသည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့(NDAA)၊ ကချင်လွတ် လပ်ရေးအဖွဲ့(KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရခိုင်အမျိုးသားအဖွဲ့ ချုပ် (ULA/AA)၊ ပလောင်(တအန်း) ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့(MNDAA)၊ ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KNPP) တို့မှာ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

အဆိုပါ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အနက် AA နှင့် တပ်မတော်ကြား ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲများ ဖြစ်ပွားနေသလို TNLA နှင့် တပ်မတော်ကြားမှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

ထို တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများ မကျင်းပနိုင်မည်ကိုလည်း နိုင်ငံရေးပါတီများကြား စိုးရိမ်မှုများ ရှိနေကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးခရီးမှာ အရင်ထက် တိုးတက်ကောင်းမွန်နေပြီး တိုင်းရင်းသား လက်နက်ကိုင်တွေထဲက လက်ရှိ ၁၀ ဖွဲ့ NCA ထိုးထားပြီး နိုင်ငံရေးဆွေး နွေးပွဲတွေ လည်း တရားဝင် ပါဝင်နေပြီး။ မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့ ကျန်ရှိနေတယ် ဆိုပေမယ့်လည်း တကယ်တမ်းကျတော့ “ဝ”၊ မိုင်းလား၊ KIO တို့ကျတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ရှိပါတယ် ငြိမ်းချမ်းရေး နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်း စစ် ပြဿနာမှာ ခုချိန်မှာတော့ ၈၀ ရာခိုင်နှုန်းထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထည့်ကို ဝင်ရောက် လာခဲ့ပါပြီ ကျန်တဲ့ အင်အားစုတွေလည်း မကြာမှီ ဝင်ရောက်လာလိမ့်မယ်လို့ ယူဆပါတယ်”ဟု ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required