တရုတ်တွင် ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများ အရေးတကြီးလိုအပ်နေ

တရုတ်တွင် ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများ အရေးတကြီးလိုအပ်နေ

ဘေဂျင်း၊ ဖေဖော်ဝါရီ ၃။         ။ တရုတ်ပြည်တွင် ကူးစက်တတ်သော ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကြောင့် သေဆုံးမှုနှုန်းမြင့်မားလာသည့်အတွက် ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများ အရေးတကြီးလိုအပ်နေကြောင်း တရုတ်အာဏာပိုင်များက ဖေဖော်ဝါရီ ၃ ရက်တွင်ပြောသည်။

လူဦးရေ (၁ . ၄ ) ဘီလီယံကျော်ရှိသည့် တရုတ်နိုင်ငံသားများအတွက် ဗိုင်းရပ်စ်ရန်ကို ကာကွယ်ရန် တစ်ခါသုံးနှာခေါင်းစည်းများ လိုအပ်ချက် မြင့်မားလျက်ရှိပြီး ဝူဟန်မြို့တွင် ကူးစက်လူနာများကို ကုသပေးနေရဿည့် ဆေး ရုံဝန်ထမ်းများသည်လည်း ကာကွယ်ရေးပစ္စည်းများ မလောက်မငှဖြစ်လျက်ရှိကြောင်းသိရသည်။

ယခုအချိန်တွင် ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ ဝတ်ရုံများ၊ မျက်စိကာ၊ မျက်နှာကာများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ ကာဇက်စတန်နှင့် ဟန်ဂေရီ နိုင်ငံတို့မှ ဆေးဘက်သုံး ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hua Chunying က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံရှိ စက်ရုံများသည် တစ်နေ့လျှင် နှာခေါင်းစည်း အရေအတွက် သန်း ၂၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်ကြောင်း စက်မှုဝန်ကြီးဌာနက ပြောသည်။

စက်မှုဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ်ဖြစ်သူ Tian Yulong က ‌အာဏာပိုင်များအနေဖြင့် ဥရောပ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ နှာခေါင်းစည်းများ မှာယူရန် စီစဉ်လျက်ရှိကြောင်း၊ စက်ရုံများသည် တရုတ်နှစ်သစ်ကူးပြီးမှ ပြန်လည် လည်ပတ်သည့်အတွက် လိုအပ်ချက်နှင့် ထောက်ပံ့နိုင်စွမ်းအား မမျှမတဖြစ်နေကြောင်း၊ ယခုအချိန်တွင် လိုအပ်ချက်၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်နေကြောင်း ပြောသည်။

ဗိုင်းရပ်စ်စတင်ပြန့်ပွားရာ ဟူပေပြည်နယ်အပြင် တခြား လူဦးရေထူထပ်သည့်ပြည်နယ်များဖြစ်သည့် ကွမ်တုန်း၊ စီချွမ်း၊ ကျန်ရှီး၊ လျောင်းနင်ပြည်နယ်နှင့် နန်ကျင်းမြို့ စသည့်  စုစုပေါင်းလူဦးရေ သန်း ၃၀၀ ကျော်ခန့်အတွက်  ဗိုင်းရပ်စ်ကာကွယ်ရန် နှာခေါင်းစည်းများ မဖြစ်မနေ လိုအပ်လျက်ရှိသည်။

ဖေဖော်ဝါရီ ၃ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၆၁ ဦးရှိသွားပြီဖြစ်သည့်အတွက် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် SARS ကြောင့် တရုတ်ပြည်မကြီးတစ်ခုတည်းတွင် သေဆုံးခဲ့သည့် အရေအတွက် ၃၄၉ ဦးထက် ကျော်လွန်သွားပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly