BRI စီမံကိန်းပွင့်လင်းမြင်သာမှုမရှိလို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ ကန့်ကွက်

BRI စီမံကိန်းပွင့်လင်းမြင်သာမှုမရှိလို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ ကန့်ကွက်
Photo - AFP

ဇန်နဝါရီ ၁၇ ရက် ။          ။ တရုတ်နိုင်ငံ က ဆောင်ရွက်နေသည့်  BRI စီမံကိန်းကို  ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိတာကြောင့် လုံးဝကန့်ကွက်ကြောင်း ရှမ်းပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့က  ကြေညာချက်ထုတ်ပြန်လိုက်သည်။

နမ့်ခမ်းမြို့နယ် ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်းက “ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိဘူး။   ငြိမ်းချမ်းရေးအတွက်လည်း အကောင်အထည်မဖော်နိုင်သေးဘူး။ ကျွန်တော်တို့ ဒီမှာ  ခံစားနေရတာက EIA ၊  SIA  က ပီပီပြင်ပြင်မရှိဘူး။ ဒါတွေ က လုပ်ရင် အချိန်တော်တော်ပေးရမယ်။ မသင့်တော်သေးဘူး။ ဒါကြောင့်ကန့်ကွက်တာပါ ။ စီမံကိန်းလုပ်ရင် စက်မှုဇုန်တွေ ဖြစ်လာမယ် ၊ မြို့သစ်တွေတည်မယ်။ အဲ့တာတွေ ဖြစ်လာမယ်။  BRI  နဲ့ ဆက်စပ်တာတွေအများကြီးရှိနေတယ်လို့ တိုးတိုးတိတ်တိတ်တော့ ကြားနေရတယ်။  ပြည်သူလူထုအပေါ်လည်း အခုထိပွင့်လင်းမြင်သာစွာ ချပြတာလည်း မရှိသေးဘူး။  ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး ။ ဒီစီမံကိန်း ဖြစ်လာရင် ကျွန်တော်တို့မြေယာ ၊ သဘာဝပတ်ဝန်းကျင် တော်တော်ဆုံးရုံးမယ်။  တောင်သူလယ်သမားတွေလည်း မြေယာတွေ ဆုံးရှုံးသွားမယ်။ စီမံကိန်းလုပ်လာ ဖြစ်ရင် မူဆယ်လိုဖြစ်မယ်။ အခုက မူဆယ်မြို့က တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ဘူး။  အခု က ငြိမ်းချမ်းရေးလည်း မရသေးဘူး။  ငြိမ်းချမ်းရေး ရမှဒါတွေလုပ်သင့်တာ ။ ဒီဘက်  မြောက်ပိုင်းဒေသက တစ်ကယ် ရှုပ်ထွေးတာ ။ ငြိမ်းချမ်းရေး ပီပီပြင်ပြင်ပေါ်လာမှဒီစီမံကိန်းတွေ လုပ်သင့်တာလေ  ။ ပြည်သူ့လူထုကတော့ ဒါကို လုံးဝမကြိုက်ဘူး  “  ဟုပြောသည်။

တရုတ် BRI  စီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ မြို့နယ်တောင်သူလယ်သမားများအသင်း ၊ လူမှုညီညွတ်ရေးအသင်း ၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်ရေးစောင့်ရှောက်ရေးအသင်းများ  နှင့် မြို့မိမြို့ဖများက ကန့်ကွက်ရှုတ်ချကြောင်း ဇန်နဝါရီ ၁၆ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်တစ်ခုဖြစ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (  Belt and Road  initiative  ) သည် အာရှ ၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်း ကို ဖြတ်ပြီး ဥရောပကို ဆက်သွယ်မည့် လမ်း ၊ တံတားဖောက်ခွင့် အပါအဝင်အခြေခံအဆောက်အအုံများ အဓိကထား ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ မိုင်ပေါင်း ၂၀၀၀ ကျော် ရှည်လျားမည့် ကားလမ်း နှင့် ရထားလမ်းသည် ယူနန်ပြည် ကူမင်း ကနေ ၊ မန္တလေး ၊ ရန်ကုန် ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း မှတဆင့်  အိန္ဒိယသမုဒ္ဒရာ အထိ ဦးတည်လမ်းဖောက်သွားမည်ဖြစ်သည်။

အဆိုပါ Belt and Road  initiative (  BRI  ) စီမံကိန်းလုပ်ဆောင်မည်ဆိုပါက ဒေသအတွင်းရှိ  သဘာဝပတ်ဝန်းကျင် ၊ မြေယာဆုံးရှုံးမှု နှင့် တရုတ်နိုင်ငံသား ဝင်ရောက်လာသည့် စိုးရိမ်ရတဲ့အခြေအနေရှိလာနိုင်ကြောင်း  နမ့်ခမ်းအခြေစိုက် ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းအောင်ဝင်းက ပြောသည်။

“    ကျွန်တော်တို့ နိုင်ငံက  ပြဋ္ဌာန်းထားတဲ့ ဥပဒေက အားနည်းချက်ရှိနေတယ်။ နိုင်ငံအတွင်း ဝင်ထွက်တဲ့သူတွေကို ဧည့်စာရင်း မစစ်ရတော့ ကျွန်တော်တို့နယ်စပ်မှာ တော်တော်ပြဿနာရှိတယ်။ တရုတ်နိုင်ငံသား ဝင်တာ ၊ စစ်တာ စစ်ဆေးလို့မရဘူး။   တစ်ကယ်၍ ဖြစ်သွားရင်  ကျွန်တော်ဒေသ တောတောင်  ၊ မြေယာတွေ ဆုံးရှုံးလာနိုင်တယ်။  အခုက စီမံကိန်း ( Project ) တွေက အမျိုးမျိုးဝင်လာတာပဲ။ ဒါပေမဲ့ တရားဝင်အနေနဲ့ လာတာတော့မဟုတ်ဘူး  ။ ကုမ္ပဏီအသေးအနေနဲ့ ဝင်လာတာ ၊ ကြိုးတံတားအသစ်တည်ဆောက်တာ ဒါတွေတော့ ရှိတယ်။  စီးပွားရေးဇုန်ဆိုတာ ကျွန်တော်တို့ နိုင်ငံနာမည်ကို သုံးထားတာ ရှိတယ်။  Project    စာအုပ်နဲ့ ထုတ်ထားတာ တွေ့ရတယ်။ ဒါတွေ လာလုပ်ရင် ကျွန်တော်တို့ တောင်သူလယ်သမားများ အိမ်မဲ့ယာမဲ့ဖြစ်လာမှာ တအားစိုးရိမ်တယ်။ အခု လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြို့အနေနဲ့ အေးချမ်းစွာ ရပ်တည်ချင်တယ်။ တစ်ကယ်လို့  ဒီစီမံကိန်းဖြစ်လာရင်   EIA  ၊ SIA  က   မြို့နယ်မှာ လာစစ်ဆေးတာ ၊ ကျွန်တော်တို့ ပြည်သူ့လူထုနဲ့ တွေ့ဆုံတာ တစ်ကြိမ်တစ်ခါ တရားဝင်မေးမြန်းတာမရှိဘူး။  ကျွန်တော်တို့ မြင်တာက  အဲ့အဖွဲ့ကလည်း လုံလောက်တဲ့ ယုံကြည်မှု ပေးနိုင်မှာမဟုတ်ဘူး ။  ကျွန်တော်တို့မြေယာတွေ မဆုံးရှုံးရအောင် ကာကွယ်ချင်တယ်။   ဒါကြောင့် ဒီစီမံကိန်းကိုကန့်ကွက်တာပါ  ဟု ၎င်းက ပြောသည်။

လက်တလော မြန်မာနိုင်ငံသည် ဒီမိုကရေစီသက်တမ်းနုနယ်သေးသည့် အချိန်ဖြစ်ပြီး အစိုရသက်တမ်းနှစ်ဆက်အတွင်း ပြည်သူ့လူထုအပေါ် တာဝန်ယူမှု  ၊ တာဝန်ခံပေးနိုင်မှု အားနည်းနေခြင်း ၊ စီမံကိန်းလုပ်ငန်းများ ချမှတ်လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု အားနည်းနေခြင်း ၊ ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်သေးကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly