ဇန်နဝါရီ ၁၇ ရက် ။ ။ ကျောက်မီးသွေး စွမ်းအင်သုံးအယ်လဖာဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခဖြစ်စဉ်အား ဒေသခံများနှင့် စက်ရုံတာဝန်ရှိသူများ အကြား အစိုးရကနေ ဆွေးနွေးဖြေရှင်းပေးမည့် သုံးပွင့်ဆိုင်တွေ့ဆုံမှု ပြုလုပ်ပေးရန် အောင်သပြေကျေးရွာသားဒေသခံများက တောင်းဆိုလိုက်သည်။
အောင်သပြေကျေးရွာသားများမှ လိုက်ပါဆောင်ရွက်ပေးသည့် ကိုကျော်မျိုးက “ဒီစီမံကိန်းက အနည်းဆုံးတော့ဆွေးနွေးသင့်တယ်။ ဒီကိစ္စကို တာဝန်ယူခွင့်ပြုပေးထားတဲ့ ပြည်ထောင်စုအစိုးရ ၊ တိုင်းအစိုးရ က ကြားဝင်ပေးပြီးတော့ ပြဿနာကို ဖြေရှင်းပေးသင့်တယ်။ ရွာသားတွေ နဲ့ ကုမ္ပဏီ ကလူတွေ မျက်နှာချင်းဆိုင်တွေ့ပြီးတော့ ၊ ရွာသားတွေဘက်က ကန့်ကွက်တာ မဟုတ်ရင် တကယ်ကန့်ကွက်လား ၊ မကန့်ကွက်လားဆိုတာ ရွာမှာ လာပြီး မေးသင့်တယ်။ ရွာသားတွေရဲ့ နစ်နာမှုကို သေချာ စုံစမ်းသင့်တယ်။ ဘာဘဲပြောပြော ကျွန်တော်တို့အမြင်က တွေ့ဆုံပြီးတော့ ဆွေးနွေးတာက အကောင်းဆုံးအဖြေရှာ သင့်တယ်။အဲ့ကနေ လမ်းကြောင်းတစ်ခုတော့ ပေါ်လာမယ်လို့ မြင်တယ်’’ ဟု ဇန်နဝါရီ ၁၆ ရက်နေ့ ၊ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကျောက်မီးသွေး စွမ်းအင်သုံး အယ်လဖာဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် နစ်နာမှုများအား အောင်သေပြေကျေးရွာသားများ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ် အတွင်း တည်ဆောက်နေသော တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို မြန်မာနိုင်ငံသားပိုင်`မြင့်ရင်းနှီးမြှုပ်နှံမှု အုပ်စု’ ကုမ္ပဏီက ၄၅ ရာခိုင်နှုန်း ၊ တရုတ်နိုင်ငံသားပိုင် Anhul Conch ကုမ္ပဏီက ၅၅ ရာခိုင်နှုန်း တို့ဖြင့် အကျိုးတူ ပူးပေါင်းတည်ဆောက်နေခြင်း ဖြစ်သည်။
ဒေသခံ နစ်နာမှုတွေ ၊အောက်ခြေမှဖြစ်နေတဲ့ လိမ်လည်တင်ပြထားတဲ့ ပြဿနာတွေ ဒီကိစ္စတွေကို သိသင့်တယ်လို့ ဦးဇင်းတို့က ထင်တယ်။ သိသင့်တယ် ထင်လို့ ဒီနေရာမှလာပြောတာ။ သမ္မတကြီး ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို သိသင့်စေချင်တယ်။ ဒါတွေကို ကြားသိစေချင်တယ်။ အောက်ခြေမှာ လိမ်နေတာ၊ မမှန်ကန်တာတွေ ရှိနေတာ သိစေချင်လို့ လာဖော်ထုတ်တာပါ’ဟု အောင်သပြေကျေးရွာ ဒေသခံတစ်ဦးဖြစ်သော အရှင် ဝိဇလက ပြောသည်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ( MIC ) မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ခွင့်ပြုမိန့်ချပေးထားခဲ့ပြီး စီမံကိန်းမှ တစ်နှစ်လျှင် နိုင်ငံတော်သို့ အခွန်ငွေ ကျပ် ရှစ်ဘီလျံခန့် ပေးဆောင်သွားမည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များအရ သိရသည်။
ကျောက်မီးသွေး စွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် အောင်သပြေကျေးရွာသားများ၏ သဘာဝပတ်ဝန်းကျင် နှင့် လူမှုစီးပွားဘဝ ထိခိုက်မှု ရှိလာသည့်အပေါ် ကန့် ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံအများစုသည် အမှုဖွင့်တရားစွဲဆိုခံရသလို တချို့မှာ ဝရမ်းထုတ်ခံထားရသည့်အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင့်နေရကြောင်း သိရသည်။