မောတောင်အမှတ်-၉ ကျေးရွာတွင် လက်နက်များ KNU က သိမ်းဆည်းရမိ

By ဒီမိုးသွေး (မြိတ်)
13 January 2020
မောတောင်အမှတ်-၉ ကျေးရွာတွင် လက်နက်များ KNU က သိမ်းဆည်းရမိ

တနင်္သာရီ၊ဇန်ဝါရီ ၁၃ ။         ။ မြန်မာ- ထိုင်းနယ်စပ် ဖြစ်သောမောတောင်မြို့၊သိန်ခွန်းကျေးရွာအုပ်စုအမှတ် - ၉ ကျေးရွာနှင့်သဲဖြူကျေးရွာအကြားတနင်္သာရီ- မောတောင်ကားလမ်းပေါ်ရှိ ဖောင်ဆိပ်ချောင်းအနီးတွင် ဇန်နဝါရီလ-၁၂ရက်နေ့က လက်နက်များကိုဖမ်းဆီးရမိခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU ၏တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်ရဲအဖွဲ့မှပဒိုစောထူးနေဦးဆောင်သည့်အဖွဲ့ဝင် (၇) ဦးမှသတင်းအရသွားရောက်ဖမ်းဆီးခဲ့ခြင်းဟုဆိုသည်။

ပဒိုစောထူးနေက“လက်နက်တွေတွေ့ရှိပါတယ်၊ရွာသားတွေသတင်းပေးလို့ကျွန်တော်တို့ KNU အဖွဲ့က တာဝန်ရှိသူတွေ ဝင်ရောက်ဖမ်းဆီးတာပါ၊ လူကတော့ထွက်ပြေးသွားပါတယ်၊ မမိပါဘူး၊ မူးယစ်ဆေးဝါးနှင့် သေနတ်သုံးလက်နဲ့ကျည်တောင့်တွေကို သိမ်းဆည်းရမိခဲ့တယ်”ဟုပြောဆိုသည်။

AK-47 (ခေါက်ဒင်) တစ်လက်၊ ကျည်ဘောက်အတိုတစ်ခု ကျည်ဘောက်ထဲတွင် ကျည်ဖြည့်ထားပြီး၊ သီးခြားကျည်လေးတောင့်နှင့်အတူ တူးမီး (ယမ်းထောင်း) သေနတ်နှစ် လက်၊ နက်ပြာရာင်ဖန်ဗူးငယ်ဖြင့်ထည့်ထားသည့် ICE မူးယစ်ဆေးဝါးအနည်းငယ်ကို KNU၏ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ သိမ်းဆည်းထားသည်ဟု ဆိုသည်။

စွပ်စွဲခံရသောထွက်ပြေးလွတ်မြောက်သွားသူမှာ အသက် ၃၀ အရွယ် ကိုဖိုးလတ်ဖြစ်ကြောင်းနှင့် ရဲစခန်းမှတ်တမ်းများအရသူသည် ယခင်က မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံဖူးသူ တစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။

“မူးယစ်ဆေးဝါးနှင့်သေနတ်တွေဖမ်းဆီးရမိတယ်ဆိုတာကြားပါတယ်၊အဲ့ဒါက KNU ကဖမ်းဆီးတာ ဖြစ်လို့ ကျွန်တော်တို့ရဲစခန်းကို လာအပ်တာမျိုးတော့ မရှိပါဘူး”လို့ မောတောင်မြို့၊ရဲစခန်းရုံးမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly