လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဟိုနေ့က ခေတ္တရပ်ထားခဲ့တဲ့ “လှုပ်ရှားမှု သရုပ်ဖေါ်အဖွဲ့”အကြောင်း ဆက်သွားဖို့ရှိပါတယ်။

လှုပ်ရှားမှု သရုပ်ဖေါ်အဖွဲ့ ဆိုတာ ငြိမ်သက်နေတဲ့အရာတွေကိုဖွဲ့တဲ့သရုပ်ဖေါ်အရေးအသားနဲ့ ဆန့်ကျင်ဘက်သဘောပါပဲ။ ငြိမ်သက်နေခြင်းမရှိဘဲ လှုပ်ရှားနေတဲ့အရာတွေကို ပြန်လည်ရေးပြတဲ့သဘောပါပဲ။
လောကမှာ လှုပ်ရှားနေတဲ့အရာတွေရှိပါတယ်။ သက်ရှိသတ္တဝါများတွင်မက သစ်ပင်များ၊ စမ်းချောင်းများ အစရှိတဲ့အရာများကအစ လှုပ်ရှားနေကြရပါတယ်။ အဲသလိုလှုပ်ရှားနေတဲ့မြင်ကွင်းကို ပြန်လည်သရုပ်ဖေါ်ရေးသားတဲ့အရေးအသားကို “လှုပ်ရှားမှု သရုပ်ဖေါ်အဖွဲ့”အရေးအသားလို့ ခေါ်တာပါပဲ။

ဒီနေရာမှာ လောကအပြင်ဘက် အမှန်တကယ်မြင်တွေ့နိုင်တဲ့အရာကို မျက်စေ့ထဲမြင်အောင်ဖွဲ့တဲ့ လှုပ်ရှားမှုသရုပ်ဖေါ်အဖွဲ့နဲ့ လောကမှာ အမှန်တကယ်မြင်တွေ့နိုင်တဲ့အရာများရဲ့ လှုပ်ရှားမှုအဖွဲ့ရယ်လို့လည်း ရှိလာပြန်ပါတယ်။ ဥပမာပြမယ်ဆိုရင် ကျနော်ကိုယ်တိုင်ရေးခြယ်ပြ ရွေးချယ်ပြတာထက် ထိရောက်တဲ့ဥပမာနဲ့ပဲ ပြချင်ပါတယ်။ ဒီဆောင်းပါးတွေဟာ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရားများအပေါ် အဓိက အားပြုပြီး ကျနော်က ထပ်ဆင့်ဆွေးနွေးနေတာဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ဥပမာပေးထားတဲ့ လှုပ်ရှားမှုအဖွဲ့ နှစ်ခုကိုပဲ ပြန်လည်တင်ပြပေးချင်ပါတယ်။ ပထမအနေနဲ့ လောကမှာ မြင်လို့မရတဲ့အရာကို ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က ဦးသြဘာသ ရဲ့ နေမိဇာတ်တော်ကြီးထဲက “ သုနခဥဿဒရက်ငရဲခန်း”အဖွဲ့ကို ရွေးချယ်ပြီး ပြထားပါတယ်။ မာတလိနတ်သားက နေမိမင်းကြီးကိုခေါ်ပြီး ငရဲခန်းအမျိုးမျိုး လိုက်ပြရာမှာ ခွေးတွေက ငရဲသားတွေကို ၀ိုင်းဝန်းကိုက်ခဲစားသောက်ပုံကိုပြတဲ့ လှုပ်ရှားမှုအဖွဲ့ပါပဲ။ ဖတ်ကြည့်ကြရအောင်ပါ။

……..ထို သုနခ ငရဲခွေးတို့သည်ကား ဆင်ပမာဏရှိကုန်သော ခွေးတို့သည်လည်း ရှိကုန်၏။ တချိုကား ရဲရဲနီသော မီးလျံအဆင်း ရှိကုန်၏။ အချို့ကား ရွှေသောအဆင်း ရှိကုန်၏။ အချို့ကား အနီ၊ အရွှေ၊ အညို၊ အမည်း၊ အဖြူ အဆင်းငါးပါးတို့ဖြင့် ပြွမ်း၍ အကြောင်းအကြား ရှိကုန်၏။ ကျီး၊ လင်းတတို့သည်လည်း ကိုယ်သဏ္ဍာန် လှည်းဘီးကြီးပမာဏ ရှိကုန်၏။ သွား နှုတ်သီးတို့သည် ရဲရဲညီးသောသံဖြင့် ပြီး၏။ ထိုငရဲ၌ ခံရကုန်သော ငရဲသူတို့၏ကိုယ်ကား သုံးဂါဝုတ်မျှ ပမာဏရှိကုန်၏။ ထိုငရဲသူတို့ကို ငရဲခွေးတို့သည် ရဲရဲပြောင်ပြောင် တောက်လောင်သော သံမြေပြင်၌ကျစေ၍ ယုန် သမင်တို့ကဲ့သို့သောအမှတ်ဖြင့် အတုံးအစိုင် ကိုက်ခဲလျက် အသားကို စားကြကုန်၏။ အချို့ကိုလည်း သံမြေပြင်၌ ပက်လက်ထား၍ ရင်ဘတ်၊ မျက်နှာ၊ လျှာ၊ မျက်လုံး၊ အသား အသွေးတို႔ ကို ကိုက်ခဲဘိ၏။ ဖေါက်နှုတ် ယူဆွဲပစ်ကာ စား၍ အရိုးချည်းသာ ကျန်စေကုန်၏။ ကျီး၊ လင်းတတို့သည်လည်း ထက်လှစွာသော နှုတ်သီးဖြင့် အရိုးကိုဖေါက်ခွဲ၍ ခြင်ဆီတို့ကို စားကုန်၏။ ထိုအခါ ငရဲသူတို့သည် ပြင်းထန်သောအသံဖြင့် မြည်တန်းလျက် ပျက်တုံပြန် ဖြစ်တုံပြန် ကာလမြင့်ရှည်စွာ ခံကြရကုန်၏။ ……
ဒါကတော့ ဆရာတော်ဦးသြဘာသက နေမိဇာတ်ကိုရေးဖွဲ့ရာမှာ မကောင်းမှုပြုသူတို့ ငရဲကျစဉ် ငရဲခွေးများ၊ ကျီး လင်းတ အစရှိတဲ့ သားရဲတိရစ္ဆာန်များက ငရဲကျသူတို့ကို ကိုက်ဖဲ့စားသောက်နေတဲ့ ငရဲခန်းအကြောင်း ရေးဖွဲ့ပြထားတဲ့ လှုပ်ရှားမှုအဖွဲ့ပါပဲ။

တကယ်တော့ ဒီအမြင်ကွင်းဟာ လောကမှာ အမှန်တကယ် ထင်လို့မြင်လို့မရတဲ့ မြင်ကွင်းဖြစ်ပင်ဖြစ်သော်ငြားလည်း ဦးသြဘာသရဲ့ အရေးအဖွဲ့ တင်စားမှု ပီပြင်မှုတွေကြောင့် စာဖတ်သူများကို မျက်စေ့ထဲမြင်လာအောင် ရေးနိုင်တဲ့ ငရဲခန်းတစ်ခုရဲ့ လှုပ်ရှားမှုအဖွဲ့စာပိုဒ်ပါပဲ။ ငရဲခွေးတွေက ဆင်ပမာဏရှိပုံ၊ ကျီး လင်းတတို့က လှည်းဘီးပမာဏရှိပုံကိုရေးတဲ့အခါ စာဖတ်သူအဖို့ အံ့သြထိတ်လန့်စေတဲ့အထိဖြစ်စေတဲ့ မြင်ကွင်းဖြစ်လာရတာ တွေ့ကြရမှာပါ။

စကားပြေရေးတဲ့အခါ အထူးသဖြင့် စာဖတ်သူကို ရင်ထဲနှလုံးသားထဲအထိ စွဲသွားအောင် ခံစားကြရအောင် ရေးကြဖွဲ့ကြတဲ့အခါ ဥပမာတွေ၊ တင်စားမှုတွေ အစရှိတဲ့ အလင်္ကာတွေနဲ့ သိုင်းကာဝိုင်းကာရေးကြရတာပါပဲ။ ဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးတိုင်းရဲ့စာပေ ဘယ်စာပေမဆို ဒီအတိုင်းချည်းပါပဲ။ ဒီနေရာမှာ အထက်က ကျနော်ပြောခဲ့သလို အပြင်ဘက်မှာ ထင်သာမြင်သာစေတဲ့အရာ မြင်လို့ကြားလို့မရနိုင်တဲ့အရာတွေ စာဖတ်သူ မြင်စေသိစေ ခံစားစေဖို့ဆိုရင် အပြင်ဘက်မှာ လူတို့အလွယ်တကူ မြင်စေသိစေတဲ့အရာတွေနဲ့ ဥပမာပေးပြီးရေးဖွဲ့ကြရတာပါပဲ။ ဒါမှလည်း စာဖတ်သူက သူ သိထားမြင်ထားတဲ့အရာတွေနဲ့ချိန်ထိုးပြီး ခံစားနိုင် သိစေနိုင် ခန့်မှန်းနိုင်တဲ့သဘောပါပဲ။ ဥပမာ ငရဲခွေးတွေ ကြီးမားထွားကျိုင်းပုံကို မြင်နိုင်သိနိုင်ဖို့ ဥပမာပေးတဲ့အခါ ဆင်ပမာဏရှိသောခွေးကြီးများလို့ ဆိုလိုက်တာမျိုးပါပဲ။ တကယ့်အရှိမှာ ခွေးဟာ ဆင်ပမာဏမရှိတာအမှန်ဖြစ်ပေမယ့် ငရဲပြည်က ငရဲခွေးတွေရဲ့ ထွားကျိုင်းကြမ်းကြုတ်မှုကို ပေါ်လွင်စေဖို့ဆိုရင် တိရစ္ဆာန်ထဲမှာ အကြီးမားဆုံးဖြစ်တဲ့ ဆင်ပမာဏ ဆိုတာနဲ့ ဥပမာပေးရေးဖွဲ့လိုက်တာမျိုးက စာဖတ်သူကို ထင်းကနဲမြင်စေနိုင်တဲ့ ဥပမာပေး အရေးအဖွဲ့ဖြစ်စေတာ တွေ့ကြရမှာပါ။ ဒါ့အပြင် သတ္တဝါအချင်းချင်း ဥပမာပေးတာဟာ သတ္တဝါမဟုတ်တဲ့ တခြားအရာတစ်ခုခုနဲ့ ဥပမာပေးရင်လည်း သတ္တဝါတူဥပမာအဖွဲ့မျိုးက ပိုပြီး ထိရောက်တာ တွေ့ကြရမှာပါ။ ဥပမာနဲ့ တင်စားမှုအားပြုရတာ သတိပြုမိကြမှာပါ။

ကဲ ဒါကတော့ အပြင်မှာ ဘယ်သူမှ မမြင်ဘူး မတွေ့ဘူးတဲ့ လှုပ်ရှားမှုအဖွဲ့ အပြင်မှာ ဘယယ်လိုမှ မြင်လို့ကြည့်လို့မရတဲ့အရာတွေကိုဖွဲ့တဲ့ လှုပ်ရှားမှုအဖွဲ့အကြောင်း ဆွေးနွေးခဲ့တာပါပဲ။
နောက်ထပ် လှုပ်ရှားမှုအဖွဲ့တမျိုးဆီ ဆက်ဖို့ရှိပါတယ်။ ဒါကတော့ မမြင်ဖူးတဲ့ မြင်လို့ကြည့်လို့မရတဲ့မြင်ကွင်းကိုဖွဲ့တဲ့ လှုပ်ရှားမှုအဖွဲ့နဲ့ ဖွဲ့နွဲ့ပုံချင်းမတူပေမယ့် လှုပ်ရှားသက်ဝင်နေတဲ့အရာတွေကို ဖွဲ့တာချင်းတော့ တူရပါတယ်။ အပြင်မှာ တကယ်တွေ့နိုင်မြင်နိုင်တဲ့ လှုပ်ရှားမှုမျိုးကို ဖွဲ့တဲ့ လှုပ်ရှားမှုအဖွဲ့ပါပဲ။

ဒါကိုလည်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရားဆောင်းပါးတွေထဲက ဥပမာတစ်ခုနဲ့ ထပ်ဆင့်ရှင်းပြချင်ပါတယ်။
ကဲ ဒီကနေ့လည်း ဒီလောက်နဲ့ ခေတ္တရပ်နားခွင့်ပြုစေချင်ပါတယ်။ မနက်ဖြန်ကြမှ ဆက်လက်ဆွေးနွေးကြတာပေါ့။
လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly