လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့ပြောမယ့်အကြောင်းအရာက စာတစ်ပုဒ်ရဲ့ ကိုယ်ထည်ပိုင်းမှာ ယျေဘုယျပါလေ့ပါထရှိတဲ့အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ သရုပ်ဖေါ်အဖွဲ့ကိုပဲ ဆက်သွားဖို့ရှိပါတယ်။ အဲဒီသရုပ်ဖေါ်အဖွဲ့ထဲမှာပဲ အပိုင်းလေးပိုင်း ထပ်ပြီးပိုင်းခြားလေ့လာလို့ရတဲ့အကြောင်းနဲ့ အဲဒီအပိုင်းလေးပိုင်းထဲကမှ မြင်ကွင်းငြိမ်သရုပ်ဖေါ်အဖွဲ့ဆိုတာကို စတင်ဆွေးနွေးခဲ့ပါတယ်။
မြင်ကွင်းငြိမ်ဆိုတာ ဘာမှတော့မခက်ခဲပါဘူး။ မြင်ကွင်းတစ်ခုကိုပြန်ရေးတဲ့အခါ အလှုပ်အရှားအပြောင်းအလဲမရှိ ငြိမ်သက်နေတဲ့အရာကို ပြန်ရေးတဲ့သဘောပါပဲ။ ငြိမ်သက်နေတဲ့မြင်ကွင်းပေါ့။ ဒါကို ဥပမာပေးတဲ့အနေနဲ့ ကျနော်ရေးခဲ့ဖူးတဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ထဲက မြင်ကွင်းငြိမ်အဖွဲ့ အပိုဒ်တစ်ပိုဒ်ကို ထုတ်နှုတ်ကိုးကားပြခဲ့ပါတယ်။ အဲဒီနေရာမှာတွင် မနေ့က ရပ်ထားခဲ့ကြပြီး ဒီကနေ့ မပြီးသတ်သေးတဲ့ အဲဒီမြင်ကွင်းငြိမ်အဖွဲ့ကို ဆက်လက်ဆွေးနွေးမှာပါ။

ဒီနေရာမှာ ပြီးခဲ့တဲ့ဆွေးနွေးချက်ကို ပြန်တွေးဖို့ ပြန်နွှေးဖို့အတွက် မနေ့က ဥပမာပေးခဲ့တဲ့စာပိုဒ်ကို ပြန်ပြောရဖို့ရှိပါတယ်။
…..ကျနော်တို့တတွေ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၁၀၀၀၀)နီးပါးရောက်လာသောအခါ ခေါ်နူးဇုမ်တောင်ခြေကို လှမ်းမြင်လာရသည်။ သို့သော် မြင်ကွင်းမှာ ရှင်းရှင်းလင်းလင်းမရှိလှပါ။ မြူတွေနှင်းတွေက မြင်ကွင်းကို ပိတ်ဆို့ထားသလိုဖြစ်နေသည်။ သစ်ပင်တောအုပ်လိုလို ကုန်းတန်းတစ်ခုလိုလို အဆောက်အဦးတချို့လိုလို ဘာမှ သဲသဲကွဲကွဲမမြင်ရ။
တဖြေးဖြေး ကျနော်တို့စီးလာသောမော်တော်ဆိုင်ကယ်များ ရှေ့ကိုတိုးလာခဲ့သည်။ လမ်းကျဉ်းသဖြင့် ဖြေးဖြေးပဲတိုးလာကြရသည်။ ကျနော်တို့ရှေ့ကမြင်ကွင်းကလည်း တဖြေးဖြေး ပုံပေါ်လာနေသည်။
ပထမတော့ သစ်ပင်အုပ်တစ်ချို့ကို မြူတွေကြားမြင်ရသည်။ သစ်ပင်များမှာ မြူတွေနှင့်သုပ်လိမ်းထားသည့်သဘော အစိမ်းပုတ်ရောင်မှာ အဖြူရောင်တချို့ သုပ်လိမ်းထားသလို ဖြစ်နေသည်။ သစ်ပင်များမှာ မမြင့်မားလှပါ။ အနားကို သည့်ထက်နီးလာတော့ သစ်ပင်များကို အထင်အရှားမြင်လာရသည်။ သစ်ပင်တောအုပ်ကလေးတစ်ခုကို အသေအချာမြင်လာရသည်။ ထိုစဉ်မှာပင် ကျနော် မြင်ဖူးချင်နေသော တောင်ဇလပ်ပန်းများကိုလည်း ရုတ်တရက် မြင်လိုက်ရသည်။

တောင်ဇလပ်ပန်းများမှာ အနီရောင်အဆုပ်အခဲလိုက် သစ်ပင်များပေါ်တွင် မြင်နေရသည်။ အနီရောင်မှာ အစိမ်းညစ်ညစ်အရောင် သစ်ကိုင်းများပေါ်တွင် ထင်းထင်းကြီးဖြစ်နေသည်။ တောင်ဇလပ်ပန်းကို ယခင်က ကျနော် တကြိမ်မျှမမြင်ဖူးသေး။ တောင်ဇလပ်ပန်းရဲ့ ကျော်ကြားမှုသတင်းကြားခဲ့ရပေါင်းများလို့ မြင်ဖူးချင်နေခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။ ယခုတော့ တောင်ဇလပ်ပန်းကို ကိုယ်တိုင်မြင်ဖူးပြီဖြစ်သည်။
သစ်ပင်များမှာ အပေါ်ကို မြင့်မြင့်မားမား စွင့်စွင့်ငွါးငွါး မရှိကြပါ။ လူတစ်ရပ်သာသာလောက်သာ မြင့်ကြသည်။ သည်ကြားထဲ မြေပေါ်တစ်တောင်သာသာအမြင့်လောက်ဆီမှ သစ်ကိုင်းများဖြာထွက်နေပုံကလည်း ဆန်းသည်။ ဖြောင့်ဖြောင့်တန်းတန်း ဖြာထွက်ကြခြင်းမဟုတ်။ တွန့်ကာလိမ်ကာ ဖြာထွက်နေကြသည်။ တစ်ပင်နှင့်တစ်ပင် လေးငါးဆယ်ကိုက်အကွာအဝေးတွင် တွန့်လိမ်နေသော သစ်ကိုင်းများအချင်းချင်း ထိစပ်နေကြသည်။ သစ်ကိုင်းသစ်ရွက်များက သစ်သစ်လွင်လွင် စိမ်းစိမ်းမြမြမဟုတ်ကြ။ သည်ကြားထဲ မြူတွှေက သူတို့ကို ရစ်ပတ်ထားဆဲ။

ကျနော်တို့သည် ထူးဆန်းပြီး တစ်ခါမှမမြင်ဘူးသော မြူတွေကြား ခတ်အုပ်အုပ် ခတ်ကုတ်ကုတ် သစ်တောအုပ်ကလေးတစ်ခုကို မျက်ဝါးထင်ထင် မြင်နေကြရလေသည်။…….
ဒါကတော့ ခေါ်နူးဇုမ်တောင်ခြေမြင်ကွင်းကို ရေးပြခဲ့တဲ့ မြင်ကွင်းငြိမ်အဖွဲ့ပါပဲ။ စာဖတ်သူများအားလုံး သိသိသာသာသတိထားမိမှာကတော့ စာပိုဒ်ထဲမှာရေးပြထားတဲ့အတိုင်း ခေါ်နူးဇုမ်တောင် တောင်ခြေမြင်ကွင်းဟာ ငြိမ်နေတဲ့မြင်ကွင်းပါ။ ဥပမာ မြစ်တစ်စင်းရဲ့မြင်ကွင်း မောင်းသွားနေတဲ့ရထားတစ်စင်း၊ ဒါမှမဟုတ် ဘောလုံးပွဲတစ်ပွဲရဲ့မြင်ကွင်းကို လှုပ်ရှားနေတာမျိုးမဟုတ်တဲ့ မြင်ကွင်းငြိမ်ပါပဲ။ ဒီနေရာမှာ အဲဒီမြင်ကွင်းကို တဆင့်ချင်းရေးပြသွားတာလည်းတွေ့ကြရမှာပါ။ ပထမ အဝေးကမြင်ရတဲ့မြင်ကွင်း၊ နောက်တော့ တဖြေးဖြေးနီးလာ၊ နီးလာတဲ့အခါသစ်ပင်တွေရဲ့အခြေအနေနဲ့ နာမည်ကျော် တောင်ဇလပ်ပန်းတွေရဲ့အခြေအနေ။ ဒါတွေကို အလှုပ်အရှားမရှိတဲ့ သစ်ပင်တွေ ပန်းတွေရဲ့ အရောင်အဆင်း ပုံပန်းသဏ္ဍာန် ဒါတွေကို တဖြေးဖြေးဝေးရာက နီးလာတဲ့အထိ တဆင့်ချင်းစီရေးသွားတာတွေ့ကြရမှာပါ။ မြင်ကွင်းကို စာဖတ်သူတွေ အထင်အရှားမြင်လို့ရအောင် ရေးပုံသားပုံ သုံးစွဲပုံစကားလုံးတချို့ကိုလည်း ဂရုပြုစေချင်ပါတယ်။ ဥပမာ…“မြင့်မြင့်မားမား၊ စွင့်စွင့်ငွါးငွါး”၊ “သစ်သစ်လွင်လွင် စိမ်းစိမ်းမြမြ” “ခတ်အုပ်အုပ် ခတ်ကုတ်ကုတ်” အစရှိတဲ့ စကားလုံးများဟာ မြင်ကွင်းကိုသရုပ်ဖေါ်ရာမှာ မြင်သည်ထက်မြင်အောင် ထင်သည်ထက်ထင်အောင် ဆွဲခေါ်သွားစေနိုင်တဲ့ စကားလုံးများပဲဖြစ်ပါတယ်။

ဒီနေရာမှာ စာတစ်ပုဒ်ရေးတဲ့အခါ စာဖတ်သူကို ကိုယ်ပြောပြချင်တာ သဘောပေါက်လွယ်ဖို့ မြင်သည်ထက်မြင်အောင်ဖြစ်စေဖို့ နောက်ဆုံး ကိုပြောပြနေတဲ့မြင်ကွင်းအပေါ် စာဖတ်သူက သူကိုယ်တိုင်မြင်လိုက်ရသလိုဖြစ်စေ ခံစားစေဖို့ဆိုရင် အဲဒီမြင်ကွင်းကို ပိုမိုပေါ်လွင်အောင် အားဖြစ်စေတဲ့ သင့်တော်တိကျလှပတဲ့စကားလုံးတွေလည်း ရွေးတတ်ရေးတတ်ဖို့လိုတယ်ဆိုတဲ့အချက်ပါပဲ။ ဒါကလည်း အရေးကြီးပါတယ်။ မြင်ကွင်းကို တဆင့်ချင်းရေးသွားတာမှန်တယ်၊ ဒါပေမယ့် အဲသလိုစကားလုံးမျိုးတွေကိုအားမပြုပဲရေးတဲ့အဖွဲ့ဆိုတာက သိတ်ပြီး မထိရောက်လှပါဘူး။ စကားပြေကောင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် သုံးစွဲအားပြုတဲ့စကားလုံးတွေဟာ သစ်လွင်အားကောင်းတိကျဖို့လိုအပ်ပါတယ်။
ကဲ ဒီကနေ့ ဒီမှာပဲရပ်နားလိုက်ကြရအောင်ပါ။
မနက်ဖြန်မှာ ပြန်ဆုံကြသေးတာပေါ့။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly