ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူချင်နေတဲ့ ပေါ့ဂ်ဘာ

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူချင်နေတဲ့ ပေါ့ဂ်ဘာ

ဇူလိုင် ၁၃၊ မော်စကို။           ။ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူသွားဖို့ ဆန္ဒပြင်းပြနေပါတယ်။

၁၉၉၈ တုန်းက တစ်ကြိမ်ဗိုလ်စွဲထားဖူးတဲ့ ပြင်သစ်အသင်းဟာ အထိမ်းအမှတ်အဖြစ် ဂျာစီပေါ်မှာ ကြယ်ပွင့်အမှတ်အသားတစ်ခု ရိုက်နှိပ်ထားပြီး ပေါ့ဂ်ဘာနဲ့ အသင်းဖော်တွေဟာ နောက်ထပ် ကြယ်တစ်ပွင့် ထပ်မံဖြည့်စွက်ပေးနိုင်ဖို့ ဆန္ဒပြင်းပြနေတာပါ။

ခရိုအေးရှားနဲ့ကစားရမယ့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပေါ့ဂ်ဘာက “ခရိုအေးရှားအသင်းမှာ ကြယ်ပွင့်မရှိသေးလို့ သူတို့ လိုချင်နေကြပါတယ်။ သူတို့ခြေစွမ်းသိပ်ကောင်းနေပြီး ကျွန်တော်တို့လိုပဲ ဖလားလိုချင်နေပါတယ်။

ပြောရရင် ကျွန်တော့်မှာလည်း ကြယ်မရှိသေးပါဘူး။ ဂျာစီပေါ်မှာရှိနေတယ်ဆိုပေမယ့် ကျွန်တော်တို့ကြောင့် ရထားတာ မဟုတ် ပါဘူး။ အသင်းရဲ့ဂျာစီမှာ နောက်ထပ် ကြယ်တစ်ပွင့် ထပ်ဖြည့်ပေးနိုင်ဖို့ ကျွန်တော်တို့ တစ်သင်းလုံး ဆန္ဒပြင်းပြနေပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲဖြစ်လို့ ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ပြီး ခက်ခဲမယ့်ပွဲတစ်ပွဲပါ”လို့ ပြောဆိုခဲ့ပါတယ်။ ပြင်သစ်နဲ့ ခရိုအေးရှား အသင်းတို့ဟာ ဇူလိုင် ၁၅ ရက်မှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ဆီမီးအဆင့်မှာ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ခရိုအေးရှားအသင်းကတော့ အင်္ဂလန်ကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်လာခဲ့တာပါ။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags