ထားဝယ်တွင် ဒေါ်လာသုံးဘီလီယံတန် ရေနံချက်စက်ရုံစီမံကိန်း တရုတ်ကုမ္ပဏီ ရရှိထား

ထားဝယ်တွင် ဒေါ်လာသုံးဘီလီယံတန် ရေနံချက်စက်ရုံစီမံကိန်း တရုတ်ကုမ္ပဏီ ရရှိထား
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ လုပ်ငန်းခွင် ဧရိယာတစ်ခု။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

စွမ်းအင်ဝန်ကြီးဌာနအပါအဝင် ပြည်တွင်းကုမ္ပဏီအချို့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သုံးဘီလီယံတန်ဖိုးရှိ ရေနံချက်စက်ရုံတည်ဆောက်ရေးစီမံကိန်းအား တရုတ်နိုင်ငံမှ နိုင်ငံပိုင် Guangdong Zhenrong Energy Co ကုမ္ပဏီက မြန်မာအစိုးရ၏ အတည်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှုဆောင်အရာရှိက ပြောသည်။

ရေနံသွယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများပါ ပါဝင်သည့် ယင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ဆယ်စုနှစ်များအတွင်း အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဖြစ်လာမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံက လောင်စာဆီအား ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည်။

ထားဝယ်တွင် တည်ဆောက်မည့် တစ်နေ့လျှင် စည်ပေါင်း တစ်သိန်းကျော် ချက်လုပ်နိုင်မည့် ယင်းစက်ရုံတည်ဆောက်ရေးစီမံကိန်းအား မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ အတည်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း Guangdong Zhenrong ကုမ္ပဏီ ဒုတိယဥက္ကဌနှင့် ကုမ္ပဏီ၏ ရေနံချက်လုပ်ငန်းဆိုင်ရာ အကြီးအကဲဖြစ်သူ Li Hui က ရိုက်တာသတင်းဌာနသို့ ပြောသည်။

စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို Guangdong Zhenrong မှ ပိုင်ဆိုင်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ ပြည်တွင်းကုမ္ပဏီများဖြစ်သည့် စစ်တပ်နှင့် ဆက်စပ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၊ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ Myanmar Petrochemical Corp နှင့် ထူးကုမ္ပဏီအုပ်စုပိုင်ဖြစ်သော Yangon Engineering Group ကုမ္ပဏီတို့က ပိုင်ဆိုင်ကြောင်း Li က ပြောသည်။

စီမံကိန်းအား အတည်ပြုခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အာဏာလွှဲအပ်မခံရမီက ဖြစ်၍ စီမံကိန်းလက်တွေ့အကောင်အထည်တည်ဆောက်ရေးအတွက် အစိုးရသစ်နှင့် လက်တွဲ လုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောသည်။

"စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ယုံကြည်မှု ရှိတယ်။ မြန်မာပြည်သူတွေအတွက် အကျိုးအမြတ်ရှိမယ့် စီမံကိန်းဖြစ်သလို နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက်လည်း အကျိုးရှိစေမယ့် စီမံကိန်းဖြစ်တယ်။"ဟု Li က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly