ကော့သောင်းတွင် စစ်ကောင်စီက အသက် မပြည့်သေးသူ အပါအဝင် ၈ ဦးကို စစ်ကြောရေးတွင် ပစ်သတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
28 May 2023
ကော့သောင်းတွင် စစ်ကောင်စီက အသက် မပြည့်သေးသူ အပါအဝင် ၈ ဦးကို စစ်ကြောရေးတွင် ပစ်သတ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူ ဦးရေ၂၀ ကျော်ကို စစ်ကောင်စီက PDF အဖွဲ့ကို ကူညီထောက်ပံ့နေသည်ဟု စွပ်စွဲ ဖမ်းဆီး စစ်ဆေးကာ အချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း အသက် မပြည့်သေးသူ တစ်ဦး အပါအဝင် ရှစ်ဦးကို စစ်ကြောရေးတွင် သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း စစ်ကြောရေးစခန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

ပစ်သတ်ခံလိုက်ရသူများတွင် အသက် ၁၆ နှစ်အရွယ် မောင်ဝေဖြိုးဦးဆိုသူ ပါ၀င်ပြီး ၎င်းတို့ကို မေလ ၂၂ ရက်တွင် စစ်ကောင်စီတပ်သားများက အပြင်းအထန် ရိုက်နှက်စစ်ဆေးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကြောရေးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“လူငယ် ရှစ်ဦးကို စစ်တပ်က လူမဆန်စွာ ပစ်သတ်လိုက်တာ မှန်ပါတယ်။ အဓိကကတော့ PDF အဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ လိုချင်တဲ့ အချက်အလက်တွေကို မေးပြီး ပစ်သတ်လိုက်တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဦးရေ ၂၀ ကျော်သည် ပြီးခဲ့သည့် ဧပြီလနှင့် မေလတွင် ဖမ်းဆီးခံရသူများဖြစ်ပြီး ပစ်သတ်ခံရသူများနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကော့သောင်းမြို့တွင် စစ်ကောင်စီ စစ်ကြောရေး၌ ရိုက်နှက်စစ်ဆေးခံရမှုကြောင့် သေဆုံးမှု ဖြစ်စဥ်များ ရှိသော်လည်း ဦးရေအတိအကျကို စာရင်းပြုစုထားခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကော့သောင်း အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားဦးရေ ၆၀ ခန့်ရှိပြီး မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ဒေသခံထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#စစ်ကြောရေးတွင် ပစ်သတ်

#ကော့သောင်းမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly