တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၅ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
28 May 2023
တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၅ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊တံတားဦးမြို့နယ်တွင် မေလ ၂၆ရက်နေ့ညက ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌအပါအ၀င်ပါတီ၀င်ငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ငါးဦးစလုံးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာအုပ်စု၊ ထောက်ရစ်ကျေးရွာတွင် မေလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်က အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဟုသိရသည်။

" ရပ်ကျေးဥက္ကဋ္ဌနဲ့ကော်မတီ၀င်နှစ်ယောက်၊ နောက်ပြီးတော့ ပါတီအမာခံနှစ်ယောက်၊ နာမည်တွေမေးပြီးတော့ကို လာသတ်သွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

အသတ်ခံခဲ့ရသူများသည် ထောက်ရစ်ကျေးရွာပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌဦးစော၀င်း(အသက် ၅၀ နှစ်)၊ ရပ်/ကျေးကော်မတီ၀င် ဦးဆန်းမင်းကို(အသက် ၅၀ နှစ်)နှင့် ဦးစိုးနိုင်(အသက် ၄၉ နှစ်)၊ ပါတီ၀န်းရံသူနှစ်ဦး ဖြစ်သော ဦးမင်းမင်းသိုက်(အသက် ၄၂ နှစ်)နှင့် ဦးကိုကိုနိုင်(အသက် ၃၀ နှစ်)တို့ဖြစ်ကြောင်း မဇ္ဈိမမှစုံစမ်းသိရှိရသည်။

လက်နက်ကိုင်ဆောင်ထားသူအများအပြားက ၎င်းတို့နေထိုင်သော နေအိမ်ခြံ၀င်းထဲအထိ၀င်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

" အိမ်ထဲမှာအသတ်ခံရတာက ဥက္ကဋ္ဌအပါအ၀င်လေးယောက်။ တစ်ယောက်ချင်းစီ သူ့နေအိမ်နဲ့သူ နေကြတာကို ဝင်ပစ်တာ။ ၀န်းရံသူတစ်ယောက်က လမ်းဘေးမှာအလောင်းတွေ့တာ။အလောင်းတွေမှာ ဒဏ်ရာတွေအများကြီးပဲ" ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးအလောင်းများတွင် သေနတ်ကျည်ဆန်ဖောက်၀င်ဒဏ်ရာ အနည်းဆုံးသုံးချက်ခန့်စီတွေ့ရပြီး ဦးဆန်းမင်းကိုသည် သေနတ်ဒဏ်ရာ ကိုးချက်ဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။၎င်းတို့အား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအ၀ှမ်း ပြည်ခိုင်ဖြိုးပါတီ၀င် ၂,၄၀၀ ထက်မနည်းသတ်ဖြတ်ခံထားရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကထုတ်ပြန်ထားသည်။

မန္တလေးတိုင်းတွင် မဘသထောက်ခံသူများ၊အမျိုးသားရေးအစွန်းရောက်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ပူးပေါင်း ဖွဲ့စည်းထားသည့် သွေးသောက်အဖွဲ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ၊ NLD ပါတီထောက်ခံသူများ၊ စစ်အာဏာရှင်ဆန့်ကျင်သူများကို

မကြာခဏသတ်ဖြတ်နေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ဧပြီလအတွင်းက မန္တလေးမြို့မှ NLDပါတီအမတ်တစ်ဦး၏ အစ်ကိုအပါအဝင် NLDပါတီဝင်ငါးဦးကို ‌သွေးသောက်အဖွဲ့က သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး

#mizzima

#မန္တလေးတိုင်း

#တံတားဦးမြို့

#ပြည်ခိုင်ဖြိုးပါတီ၀င်ငါးဦး

#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly