မန္တလေးတောင်ခြေရှိ စကစခြေလျင်တပ်ရင်း ၄၀ မမဖြင့် တိုက်ခိုက်ခံရ

By 007 (မဇ္စျိမ)
27 May 2023
မန္တလေးတောင်ခြေရှိ စကစခြေလျင်တပ်ရင်း ၄၀ မမဖြင့် တိုက်ခိုက်ခံရ

မန္တလေးတောင်ခြေရှိ စစ်ကောင်စီ၏ခြေလျင်တပ်ရင်းတစ်ခုကို၊ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မန္တလေးအခြေစိုက် နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင်၊ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးရှိ၊ စစ်ကောင်စီ၏ ခလရ (၉၁၀) တပ်ကို လုံခြုံရေးတင်းကျပ်ထားသည့်ကြားက ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတပ်သည်၊ စစ်ကောင်စီတပ်၏လက်နက်ခဲယမ်း သိုလှောင်ရာစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတစ်ခုလည်းဖြစ်ပြီး၊ မြို့အနှံ့လုံခြုံရေးတင်းကျပ်ထားသည့်ကြားက အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး၊ အထိအခိုက်အသေအဆုံးနှင့်ပတ်သက်၍ လတ်တလောမသိနိုင်သေးကြောင်း၊ တိုက်ခိုက်ရေးရဲဘော်များ အန္တရာယ်ကင်းစွာဖြင့် စိတ်ချရသည့်နေရာ ရောက်ရှိနေပြီဖြစ်ကြောင်း တပ်ဖွဲ့တာ၀န်ခံ ဗိုလ်နတ်ဆိုးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် ပြင်ဦးလွင်ခရိုင်အမှတ် (၁) တပ်ရင်း၊ တပ်ဖွဲ့( ၁ )တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲဲ့သည်၊ မေလ ၂၄ ရက်နေ့ကလည်း၊ ပြင်ဦးလွင်ခရိုင် ပ.က.ဖ တပ်ဖွဲ့(၁)နှင့်အတူ၊ မန္တလေးတောင် မြောက်ဘက်၊ ပုသိမ်ကြီးမြို့နယ် မင်းဂံကျေးရွာရှိ၊ စစ်ကောင်စီ၏တပ်စခန်းကို ၄၀ မမဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပြင်ဦးလွင်ခရိုင်

#နတ်ဆိုး

#မန္တလေးတောင်ခြေ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly