မဲကနယ်နှင့် ကျောက်မိုင်းဒေသ ၂ လတာ တိုက်ပွဲတွင် စကစတပ် ၁၂၀ နီးပါး သေဆုံး

By သွင်ထူးဈာန် (မဇ္ဈိမ)
27 May 2023
မဲကနယ်နှင့် ကျောက်မိုင်းဒေသ ၂ လတာ တိုက်ပွဲတွင် စကစတပ် ၁၂၀ နီးပါး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ မဲကနယ်ဒေသနှင့် ကျောက်မိုင်း ဒေသတို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့နှင့် KNU/KNLA၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့ပူးပေါင်း စစ်ကြောင်းအကြား ဖြစ်ပွားနေသော မတ်လ ၂၅ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ နှစ်လတာ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGF ဘက်က ၁၁၄ ဦး သေဆုံးကြောင်း Cobra စစ်ကြောင်းထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၁၁၄ ဦးသေဆုံး သကဲ့သို့ နောက်ထပ် တပ်ဖွဲ့ဝင် ၁၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၁ ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း Cobra စစ်ကြောင်းက ပြောသည်။

စစ်ကောင်စီတပ်သားများ အထိအခိုက်၊ အကျအဆုံးများနေခြင်းမှာ စစ်တိုက်ရာတွင် ခံယူချက်နှင့် စိတ်ပါဝင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု Cobra စစ်ကြောင်း၏ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ မဇ္ဈိမကို ပြောသည်။

“ကျဆုံးမှုများတာလည်း ခုနကပြောသလိုမျိုး စိတ်မှမပါဘဲ အထက်ကနေပြီးမှ သေရမယ်မှန်း သိသိကြီးနဲ့ လွှတ်တာကတော့ အကျအဆုံးများတာပေါ့၊ ဘာလို့လဲဆိုတော့ အလုပ်တခုလုပ်ရင် စိတ်မပါဘဲ လုပ်ရင်တော့ ဘာအလုပ်လုပ်ပဲဖြစ်ဖြစ် အောင်မြင်မှုရှိမှာ မဟုတ်သလို စစ်တိုက်တာကို စိတ်မပါပဲနဲ့ သေရမှာမှန်း သိသိကြီးနဲ့ တက်လာတာတော့ အဲ့လိုမျိုးကျတော့ အကျအဆုံး များတယ်လို့ ပြောလို့ရတယ်”ဟု Cobra စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ မဇ္ဈိမကို ပြောသည်။

ယင်း နှစ်လတာ တိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၁ ဦး ကျဆုံးပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ Drone လေးစီး ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ် လက်အောက်ခံ (BGF) တပ်စခန်း သုံးခုကို သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ငယ်အစုံ ၃၈ လက်၊ ၆၀ မမ ပြောင်းရှည် တစ်လက်၊ ၆၀မမ ပြောင်းတို တစ်လက်၊ ၇၉ သေနတ် တစ်လက်နှင့် နာတိုပြောင်း တစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုင်း- မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းရှိ မြဝတီမြို့ နယ်၊ မဲကနယ်ဒေသနှင့် ကျောက်မိုင်းဒေသတို့တွင် မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်ထိ နှစ်ဘက်တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်များလည်း ပြုလုပ်နေသည်။

အဆိုပါ ဒေသ၌ နှစ်လအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု ၁,၀၈၁ ကြိမ်ရှိခဲ့ကြောင်း Cobra စစ်ကြောင်း၏ မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန် ၁၀ ကောင်ထက်မနည်း သေဆုံးကာ အဆောက်အဦး ၄၁ လုံး ပျက်စီးသွားကြောင်း Cobraစစ်ကြောင်းထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်

#မဲကနယ်

#ကျောက်မိုင်းဒေသ

#မြဝတီတိုက်ပွဲ

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly